အမျိုးသားပညာရေး ဥပဒေအတွက် သပိတ်မှောက်ကျောင်းသားများ တောင်းဆိုခဲ့သည့် အချက် ၁၁ ချက်ကို အစိုးရဘက်နှင့် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲများကို ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြင်ဆင်ရေးဥပဒေကြမ်းအတွက် ရန်ကုန်မြို့တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ဆက်လက် သပိတ်မှောက်နေသော ကျောင်းသားစစ်ကြောင်းများထံသို့ သဘောတူညီချက် ၁၁ ချက်နှင့် ပက်သက်ပြီး ကျောင်းသား ကိုယ်စား လှယ်များမှ သွားရောက်ရှင်းပြကာ သပိတ်မှောက်ခြင်းကို ရပ်တန့်ရန်၊ မရပ်တန့်ရန်အတွက် သဘောထားတောင်းခံသွားမည်ဖြစ်ကြောင်း ၄ ပွင့်ဆိုင်ဆွေးနွေးရေးမှ ကျောင်းသား ကိုယ်စားလှယ်များက ပြောသည်။
“ပထမအကြိမ် ဆွေးနွေးပွဲမှာကျန်ခဲ့တဲ့ ဆွေးနွေးရေး အခြေခံမူ ၉ ချက်ထဲက သပိတ်မှောက်ကျောင်းသားတွေကို အရေးမယူဖို့၊ အခုရှိနေတဲ့ ကျောင်းသား သမဂ္ဂတွေကို အသိအမှတ်ပြုဖို့ စတဲ့အချက် ၂ ချက်လုံးကိုလည်း သဘောတူ ညီမှုရခဲ့တယ်။ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အချက် ၁၁ ချက်ကိုလည်း မူအားဖြင့် သဘောတူညီမှုရခဲ့တယ်။ ပြင်ဆင်ရေး ဥပဒေ ရေးဆွဲရေးမှာလည်း အာမခံချက် တချို့ရခဲ့ပြီး အခုဖေဖော်ဝါရီ ၁၆ မှာ လွှတ်တော်တင်နိုင်ဖို့အထိ လွှတ်တော်ကိုယ် စားလှယ်တွေက သဘောတူခဲ့တယ်။ အခု အမျိုးသားဥပဒေ ပြုပြင်နိုင်ရေးအတွက်လည်း အောင်မြင်သည်အထိ အတည်ပြု နိုင်ဖို့အတွက် လွှတ်တော်ဘက်က ကြိုးစားမယ် ဆိုတဲ့ အချက်လည်း ရခဲ့တယ်”ဟု ၄ ပွင့်ဆိုင်ဆွေးနွေးရေးမှ ကျောင်း သားကိုယ်စားလှယ် ကိုဇေယျာလွင်က ဖေဖော်ဝါရီ ၁၁ ရက် ဆွေးနွေးပွဲအပြီး ကျင်းပသော သတင်းစာရှှင်းလင်းပွဲတွင် ဆိုသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြင်ဆင်ရေးအတွက် အသေးစိတ်ဆွေးနွေး၍ လွှတ်တော်သို့အမြန်ဆုံးတင်ပြပြီး လွှတ်တော် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသားများ တောင်းဆိုသည့် အချက် ၁၁ ချက်ထဲမှ ပညာရေးဘက်ဂျက် ၂၀ ရာခိုင်နှုန်း တောင်းဆိုနေသည်ကလည်း အချိန်အကန့်အသတ်များဖြင့် လုပ်ဆောင်သွားမည်ဆိုလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ၄ ပွင့်ဆိုင် ဆွေးနွေးရေးတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကလည်း ပြောသည်။
သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များအနေဖြင့်လည်း ယခုဆွေးနွေးပွဲ ရလဒ်များကို လက်ရှိ သပိတ်မှောက် ချီတက် နေ သော ကျောင်းသားများကို သွားရောက်ရှင်းပြ၍ ကျောင်းသားမိဘများ စိုးရိမ်ပူပန်မှုမရှိစေရေးအတွက် သပိတ်မှောက်နေသည့် ဖိအား ကိုလျော့ကျသွားစေရေး ကြိုးပမ်းပေးကြရန် ၄ ပွင့်ဆိုင်ဆွေးနွေးရေးတွင် အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သည့် သမ္မတရုံး ဝန်းကြီး ဦးလှထွန်းက ပြောသည်။
“ကျနော်တို့ ကျောင်းသားတွေက အခုသပိတ်မှောက်တဲ့ဆီမှာ ရည်မှန်းထားတဲ့အတိုင်း ကျနော်တို့တောင်းဆိုတာကို အောင်မြင်ခဲ့တဲ့ အောင်မြင်မှုမျိုးနဲ့ ချီတက်ချင်ကြတယ်။ အစိုးရဘက်က ရန်ကုန်အထိ ချီတက်တာမျိုးကို လုံးဝမလိုလားဘူး ဖြစ်နေတယ်။ ကျနော် တို့ ရန်ကုန်ကို ချီတက်မှာကလည်း ဆူပူအောင်၊ အကြမ်းဖက်မှုဖြစ်အောင်မျိုး မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေဟာ နောက်ဆုံးမှာ ဘယ်လိုအောင်မြင်မှုရခဲ့တယ်ဆိုတာကို အောင်ပွဲခံပြီး ပြည်သူတွေသိဖို့ ရန်ကုန်အထိ ချီတက်ချင်တာမျိုးပါ” ဟု ဒီမိုကရေစီ သပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုအောင်နေပိုင်က ဧရာဝတီသို့ပြောသည်။
ထို့အတွက် လက်ရှိ တနိုင်ငံလုံးတွင် စစ်ကြောင်းအမျိုးမျိုးဖြင့် သပိတ်မှောက်နေသော ကျောင်းသားစစ်ကြောင်းများမှာ သပိတ်ကို ဆက်လက်ချီတက်နေဦးမည်ဖြစ်ကြောင်း၊ သပိတ်လှန်၊ မလှန်ကိုတော့ သပိတ်မှောက် ကျောင်းသားအားလုံး၏ သဘောဆန္ဒပေါ်တွင် မူတည်နေမည်ဖြစ်ကြောင်း ဒီမိုကရေစီသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းသွေးသစ်ကလည်း ပြောဆိုသည်။
ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းသည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ပဲခူးတိုင်း ရွှေတောင်မြို့ ထန်းတောကြီးကျောင်း တိုက် မှ ရန်ကုန်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
ထိုပင်မ သပိတ်စစ်ကြောင်းအနေ့နှင့် လွှတ်တော်အတွင်း ဥပဒေမူကြမ်း ထွက်ပေါ်လာမှသာ သပိတ်လှန်မည်ဖြစ်ကြောင်း၊ ကျောင်း သား များ၏ တောင်းဆိုမှုများကို ဥပဒေမူကြမ်းအဖြစ် ရေးသွင်းဖော်ပြရန် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်သည့်အခါ အောင်မြင်မှု ရ၊ မရ မသေချာသည့်အတွက် သပိတ်မလှန်ဘဲ ဆက်လက်ချီတက်ရခြင်း ဖြစ်ကြောင်း၊ ယင်း အစီအစဉ်များကို ယမန်နေ့ည အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း သပိတ်မှောက် စစ်ကြောင်း၌ ပါဝင်သူ တဦးဖြစ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကိုမင်းမင်းဇော်က ဧရာဝတီသို့ ပြောသည်။
အမျိုးသားပညာရေး ပြုပြင်ရန်အတွက် ကျောင်းသားများ တောင်းဆိုခဲ့ရာတွင် ပညာရေးမူဝါဒနှင့် ဥပဒေများ၊ ဆက်စပ်ဥပဒေများရေး ဆွဲရာတွင် ကျောင်းသား ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များနှင့် အချိုးကျပါဝင်မှုဖြင့် ညှိနှိုင်းရေး ဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
အမျိုးသားပညာရေး ဥပဒေတွင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးအတွက် ထည့်သွင်းရေးဆွဲမည့်အပြင် လက်ရှိ ပြဌာန်းထားသည့်ဥပဒေထဲမှ အမျိုးသား ပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော် မတီဖွဲ့စည်းခြင်းများကိုပယ်ဖျက်၍ ၄ ပွင့်ဆိုင်အဖွဲ့မှ အလုပ်အဖွဲ့များဖွဲ့စည်းပြီး အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်သည်။
ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လက်ရှိကျင့် သုံးနေ သည့် စာမွေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြင်ဆင်နိုင်ရေး၊ သင်ကြားနည်းစနစ် ပြောင်းလဲရေး၊ တိုင်းရင်းသား မျိုးနွယ် စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အမျိုးသား ပညာရေး ဥပဒေတွင် ထည့်သွင်းနိုင်ရေး၊ မသန်စွမ်းကလေးများအပါအဝင် အားလုံးအကျုံးဝင်သည့် ပညာရေးကိုလည်း မူအားဖြင့် သဘောတူ ၍ ၄ ပွင့်ဆိုင်အဖွဲ့မှ အလုပ်အဖွဲ့များ ဖွဲ့စည်းပြီး အသစ်ပြန်လည် ပြင် ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျောင်းသား အရေးအခင်းများကြောင့် ကျောင်းထုတ်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနမှ မကြာခင် ကြေညာချက်များ ထုတ်ပြန်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အခမဲ့ မသင်မနေရ ပညာ ရေးစနစ်ကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့််သုံးနိုင်ရေးအတွက်လည်း သဘောတူညီခဲ့သည်ဟု ဆို သည်။
ပညာရေးအသုံးစရိတ်ကို လာမည့် ၅ နှစ်အတွင်း တနိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲနိုင်ရန် ရည်မှှန်းပြီး နှစ်စဉ် တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ဥပဒေတွင် ထည့်သွင်းရန်သဘောတူခဲ့ကြောင်း၊ ထိုကဲ့သို့ သဘောတူညီမှုရရှိရေးအတွက် ယခုတကြိမ် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲသည် တတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ၁၀ နာရီကြာဆွေးနွေးခဲ့ပြီးမှ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် ကောင်းမြတ်မင်း ပူးပေါင်း ရေးသားသည်။