ရွှေပြည်သာ စက်မှုဇုန်ရှိ E-land Myanmar Garment အထည်ချူပ်စက်ရုံ အလုပ်သမားများက အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ အလုပ်ရှင်က တခြားစက်ရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။
“သမီးတို့ ၅ ရက်နေ့မှာ လစာရတယ်။ ၆ ရက်နေ့မှာ ဆန္ဒပြတယ်။ ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ အဆောင်ကို အထွေထွေနေဂျာ နဲ့ E-land Myanmar က ဝန်ထမ်းတွေ ရောက်လာပြီး အားလုံးကို တွေ့ချင်တယ်ဆိုလို့ သမီးတို့ အဆောင်မှာနေတဲ့ ၃၄ ဦးစီ က ဖုန်းတွေ အကုန်ထုတ်ခိုင်းတယ်။ နောက် ဖုန်းတွေ သိမ်းလိုက်တယ်။ သမီးတို့ကို ဒီမှာလုပ်ရင် နိုင်ငံရေး ကင်းရမယ်၊ ဆန္ဒပြတာ တွေ မလုပ်ရဘူး၊ သင်တန်းဆရာမတွေဆီက အာမခံနဲ့ ခေါ်လာတာ၊ အခု နင်တို့ကို ဆရာမတွေဆီ ပြန်အပ်မယ်ဆိုပြီး အထုပ်တွေ ပြင်ခိုင်းတယ်။ သိမ်းထားတဲ့ မှတ်ပုံတင်တွေ ပြန်ပေးတယ်”ဟု E-land Myanmar Garment အထည်ချုပ်စက်ရုံမှ မမေရတနာထွန်း က ပြောပြသည်။
ထို့နောက် အလုပ်သမားများကို စက်ချုပ်သင်ပေးသည့် ဆရာမများက လာခေါ်ကြောင်း၊ နောက်တရက်တွင် အလုပ်လုပ်မည့်သူနှင့် အိမ်ပြန်မည့်သူဟူ၍ လူခွဲခိုင်းကြောင်း၊ အလုပ်လုပ်ချင်သူ ၂၆ ဦး ကျန်ရှိကြောင်း၊ E-land Myanmar စက်ရုံသို့ ပြန်မခေါ်ဘဲ Myanmar Synergy အထည်ချုပ်စက်ရုံသို့ ပို့လိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မမေရတနာထွန်းက“အဲဒီစက်ရုံမှာ လုပ်နေရင်း ၂၆ ဦးထဲက ၆ ဦး အိမ်ပြန်သွားတယ်။ သမီးတို့လည်း မပျော်လို့ အလုပ်သမား သမဂ္ဂ ကို အကူအညီတောင်းပြီး ၁၉ ဦး ပြန်လာတယ်”ဟု ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ စက်ရုံရှိ အထွေထွေ မန်နေဂျာ ဦးကျော်ထွန်းမင်းကို ဆက်သွယ် မေးမြန်းသော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ရွှေပြည်သာ မြို့နယ်ရှိ E-land Myanmar Garment အထည်ချုပ်စက်ရုံတွင် အလုပ်သမားပေါင်း ၁ ထောင် ကျော် ရှိပြီး ဖေဖော်ဝါရီလ ၂ ရက်မှ စ၍ စက်ရုံရှေ့တွင် အလုပ်သမားအားလုံးက အခြေခံလစာ ကျပ် ၃၀၀၀၀ ထပ်မံ တိုးမြှင့်ပေးရန် ဖေဖော်ဝါရီလ ၁၃ ရက် အထိ တောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများ ဆန္ဒထုတ်ဖော်နေကြသည့် E-land Myanmar Garment အထည်ချူပ် စက်ရုံသည် ရွှေပြည်သာ စက်မှုဇုန်ရှိ သံချက်ဝန် ဦးညွှန့်လမ်းတွင် တည်ရှိပြီး ကိုရီးယားလူမျိုး မစ္စတာလဲရ်က ပိုင်ဆိုင်ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောသည်။
အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ စက်ရုံပြောင်းရွှေ့ခြင်းသည် အလုပ်သမားများအား အဓမ္မ ခိုင်းစေခြင်း ဖြစ်သည့်အတွက် အလုပ်ရှင်ကို တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း E-land Myanmar Garment အထည်ချုပ်စက်ရုံ၏ အခြေခံ အလုပ်သမား သမဂ္ဂ အဖွဲ့ ဥက္ကဌ ကိုမျိုးမင်းမင်း က ပြောဆိုသည်။
ရွှေပြည်သာ မြို့နယ်တွင် အလားတူ ဆန္ဒပြတောင်းဆိုမှုမျိုး Ford Glory Garment, Coste International နှင့် Red Ston Garment အထည်ချူပ် စက်ရုံ သုံးခုတွင်လည်း ယနေ့အချိန်ထိ ၎င်းတို့ စက်ရုံများရှေ့တွင် ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က အခြေခံလစာ တိုးမြှင့်ရေး၊ အနည်းဆုံး လုပ်ခလစာ ဥပဒေ အမြန်ဆုံး ပေါ်ထွက်နိုင်ရေးနှင့် အလုပ် သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း၍ လုပ်ငန်းရှင်များက အသိအမှတ်ပြုရေးများအတွက် ရွှေပြည်သာ စက်မှုဇုန် အတွင်းရှိ E-land Myanmar Garment ၊ Ford Glory Garment, Coste International နှင့် Red Ston Garment အထည်ချူပ် စက်ရုံ ၄ ရုံ မှ အလုပ်သမားပေါင်း ၂၀၀၀ ကျော် ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။