အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲများ ပြန်လည်၍ ပြင်း ထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိသည်။
ယနေ့ တိုက်ပွဲများတွင် အစိုးရတပ် ဂျက်လေယာဉ်များက လောက်ကိုင်မြို့နယ်၊ ဖုန်းချွေးရှန်း ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့များ ဆီသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MNDAA က ဧရာဝတီသို့ ပြောသည်။
မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ် လင်း က“ဒီနေ့ နေ့လယ် ၂နာရီ လောက်ကတော့ ဖုန်းချွေးရှန်းဘက်ကို စစ်တပ်ဘက်က ဂျက်လေယာဉ်တွေ သုံးပြီး တိုက်တယ်။ ကျနော် တို့လည်း စက်သေနတ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ တိုက်ပွဲတွေကတော့ ဖြစ်နေသေးတယ်”ဟု ပြောပြသည်။
အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး တိုက် ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်က တိုက်ပွဲများ ရပ်စဲသွားခဲ့သေးသည်။
ထို့နောက် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာပြီး ယနေ့တွင် အစိုးရတပ်ဘက်မှ တိုက်လေယာဉ်များကို စက်သေနတ်ဖြင့် ပြန်လည် ပစ်ချရန် ကြိုးပမ်းခဲ့သော်လည်း ပစ်ချနိုင်ခဲ့ခြင်း မရှိကြောင်း ဦးထွန်းမြတ်လင်းက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့မှ လေယာဉ်ပစ်ဒုံးများ အသုံးပြု၍ ပြန်လည် တိုက်ခိုက်မှုများ ရှိကြောင်း အစိုးရဘက်က ထုတ်ပြန် ကြေညာထားသော်လည်း ယင်းသတင်းမှာ မှန်ကန်မှု မရှိကြောင်း MNDAA အဖွဲ့က ငြင်းဆိုသည်။
ပလောင်(တအာင်း) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA) မှ ဒု ပြန်ကြားရေး တာဝန်ခံ တာပန်လကလည်း“ကျနော်တို့ တပ်ဖွဲ့တွေ သတင်းပေးချက် အရတော့ နေ့လယ် ၁၂ နာရီခွဲ လောက်က တိုက်လေယာဉ် ၂ စင်းနဲ့ တကြိမ်၊ နောက် ၁ နာရီကျော်လောက်မှာ ဂျက်လေယာဉ် ၂ စင်းနဲ့ လာတိုက်တယ်။ တိုက်ပွဲကနေရာအနှံ့ တောက်လျှောက်ဖြစ်နေတာ မနက် ၇ နာရီကနေ ၁၀ နာ ရီ အထိ တချိန်၊ နောက်တနေရာမှာ မနက် ၉နာရီကနေ ၁၀ ခွဲအထိ၊ အခုချိန်အထိ ဖြစ်နေတုန်းပဲ”ဟု ယနေ့ ညနေပိုင်းတွင် ပြောကြား သည်။
မြန်မာ့ တပ်မတော်က အခြားမည်သူ့ ဋ္ဌာနချုပ်ကိုမှ သွားရောက်တိုက်ခိုက်ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေ ချိန်တွင် လာရောက်တိုက်ခိုက်သည့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူရမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်၌ မြန်မာ့ တပ် မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့သည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဒု ဗိုလ်မှူးကြီး စိုင်းမိန်း က ဧရာဝတီသို့ ပြောဆိုသည်။
“ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အချိန်မှာ တပ်မတော် အနေနဲ့ တခြားဋ္ဌာနချုပ်ကို သွားတိုက်တာ မရှိဘူး။ အခု ကိုးကန့်အဖွဲ့တိုက် ပွဲမှာ တခြား အဖွဲ့တွေလည်း ပါဝင်တယ်လို့ တပ်မတော် အနေနဲ့ သတင်းရထားတယ်လို့ သူက ပြောတယ်။ အဲဒီအဖွဲ့တွေ အနေနဲ့လည်း ဒီဖြစ်စဉ် အပေါ်မှာ တာဝန်ယူရမယ်လို့ သူက ပြောတယ်”ဟု ဒု ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။
ရှမ်းပြည် မြောက်ပိုင်း လောက်ကိုင်ဒေသ တိုက်ပွဲများတွင် အစိုးရ တပ်မတော်မှ အရာရှိ ၅ ဦးနှင့် စစ်သည် ၄၂ ဦး ကျဆုံးကြောင်း မြဝတီ သတင်းဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးထံသို့ သက်ဆိုင်ရာက ရှင်းလင်း ပြောကြား အသိပေးထားကြောင်း၊ ရှမ်းပြည်နယ် အစိုးအဖွဲ့ကလည်း လောက်ကိုင်ဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။