ဒီမိုကရေစီမှာ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းဟာ ဒြပ်မဲ့ဆန်နေပြီး အဲဒီလို ဒြပ်မဲ့ဆန်နေခြင်း ကြောင့်လည်း အမျိုးမျိုးသော အင်စတီကျူးရှင်းနဲ့ ဒီမိုကရေစီ ပုံစံခွဲတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးဖို့အတွက် သီးသန့်အထူး လုပ်ထုံးလုပ်နည်း၊ ပုံစံတွေထဲမှာ လိုက်ပါဆောင်ရွက်ရမယ်၊ နိုင်ငံသား အခွင့်အရေးကို လေးစားရမယ်။ ဘယ်လို လူမှုအဖွဲ့အစည်းမဆို အထက်ပါ ကန့်သတ်ချက်မျိုးကို သူတို့အပေါ် သူတို့မလုပ် နိုင်တဲ့အခါ သူ့ရဲ့ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းနဲ့ စပ်လျဉ်းတဲ့ တရားဥပဒေ စိုးမိုးမှုကို လိုက်နာဖို့ ပျက်ကွက်တဲ့အခါ ဒီလို လူမှုအဖွဲ့အစည်းကို ဒီမိုကရေစီ ဖြစ်တယ်လို့ မစဉ်းစားသင့်ဘူး။
ဒီလုပ်ထုံးလုပ်နည်း တွေကနေသာလျင် ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်ဆိုပေးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ ရှိနေခြင်းဟာ ဒီမိုကရေစီ စွဲမြဲတည်ရှိနေဖို့အတွက် မရှိမဖြစ်ပဲ။ အဓိကအနှစ်ချုပ်ကတော့ ပရိုစီဂျာတွေဟာ လိုအပ်တယ် ဒါပေမယ့် ဒီမိုကရေစီ တည်ရှိဖို့အတွက်တော့ လုံလောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်သေးဘူး။ ရောဘတ်ဒါးလ်က ခေတ်သစ်နိုင်ငံရေး ဒီမိုကရေစီ (ပေါ်လီအာခီလို့ သူက ကင်ပွန်းတပ်ထားပါတယ်) တည်ရှိဖို့အတွက် သူ့ရဲ့အခေါ် “အနည်းဆုံးရှိရမယ့် လုပ်ထုံးလုပ်နည်း” အခြေအနေကို လူအများစု ယေဘုယျ လက်ခံနိုင်လောက်အောင် စာရင်းပြုစု ပေးခဲ့တယ်။
၁။ အစိုးရ ပေါ်လစီ ချမှတ်ခြင်းတွေအပေါ် ထိန်းချုပ်မှုကို ရွေးကောက်ခံ အရာရှိတွေအား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားရမည်။
၂။ တရားမျှတမှုရှိပြီး မကြာခဏ ကျင်းပသော ရွေးကောက်ပွဲများဖြင့် ရွေးကောက်ခံအရာရှိများကို ရွေးချယ်ရမည်။ ထိုရွေးကောက်ပွဲများတွင် အတင်းအဓမ္မ ခြိမ်းခြောက်မှုများ အတော်အသင့် ကင်းစင်ရမည်။
၃။ လက်တွေ့အားဖြင့် တာဝန်ရှိပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲမှာ အရွယ်ရောက်ပြီးသူတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးရှိတယ် ။
၄။ လက်တွေ့အားဖြင့် အရွယ်ရောက်ပြီးသူတိုင်းဟာ အစိုးရရဲ့ ရွေးကောက်ခံနေရာတွေအတွက် ပြိုင်ဆိုင်ခွင့် အခွင့်အလမ်း ရှိတယ် ။
၅။ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ နိုင်ငံရေး ပြဿနာတွေအရ ပြင်းထန်တဲ့ အပြစ်ပေးခံရမယ့် အန္တရာယ်မရှိဘဲနဲ့ နိုင်ငံသားတွေဟာ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြနိုင်ခွင့်ရှိတယ်။
၆။ နိုင်ငံသားတွေဟာ သတင်းအချက်နဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ အရင်းအမြစ်တွေ ဆီကနေလည်း ရှာဖွေခွင့်ရှိတယ်။ ဒါ့အပြင် အဲဒီလို အရင်းအမြစ်တွေ တည်ရှိနေရမှာ ဖြစ်သလို၊ ဥပဒေနဲ့လည်း အကာအကွယ်ပေးရမယ်။
၇။ နိုင်ငံသားတွေမှာ နိုင်ငံရေးပါတီတွေနဲ့ အကျိုးအမြတ် အုပ်စုတွေ အပါအဝင် လွတ်လပ်တဲ့ အသင်းအပင်းတွေ၊ အဖွဲ့အစည်းတွေ တပြိုင်နက်တည်း ဖွဲ့စည်းခွင့်ရှိတယ်။
အထက်ပါ အခြေအနေ ၇ ခုဟာ သီအိုရီပညာရှင် အများစုအတွက် ဒီမိုကရေစီ ပရိုစီဂျာတွေရဲ့ အနှစ်သာရကို ဖမ်းဆုပ်မိပုံပေါ်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ တခြားအရာနှစ်ခုကို ထပ်ပြီး အဆိုပြုလိုက်ပါတယ်။ ပထမတခုက အထက်ပါ လုပ်ထုံးလုပ်နည်း ၇ ခုထဲက နံပါတ် ၁ ကို ပိုပြီး ရှင်းလင်းသန့်စင်အောင် တွေးတောဖို့ပါပဲ။ ဒုတိယ ၁ ခုကတော့ အထက်ပါ လုပ်ထုံးလုပ်နည်း ၇ ခုစလုံးထက် အလျင် ပိုပြီးပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားရမယ့် အခြေအနေပဲ။
(၈) လူထုအကြိုက် ရွေးကောက်တင်မြှောက်ခံရသော အရာရှိများသည် ရွေးကောက်တင်မြှောက် မခံရသော အရာရှိများ၏ ဆန့်ကျင်ကန့်ကွက်မှုကို မခံရဘဲ သူတို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အာဏာများကို ကျင့်သုံးနိုင်စေရမည်။ တကယ်လို့ စစ်တပ်အရာရှိတွေ၊ တတ်လာတဲ့ အစိုးရအပေါ် သဘောတူ ကျေနပ်မှုမရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဒါမှမဟုတ် နိုင်ငံတော်ကို စီမံခန့်ခွဲသူတွေဟာ ရွေကောက်ခံပြီး တက်လာတဲ့ နိုင်ငံသားတွေကနေ ကင်းလွတ်ပြီး ပြုမူလုပ်ဆောင်နိုင်တဲ့ အရည်အသွေးကို ထိန်းသိမ်းထားမယ်ဆိုရင် ဒါမှမဟုတ် ပြည်သူ့ ကိုယ်စားလှယ်တွေကနေ လုပ်လိုက်တဲ့ ဗီတို ဆုံးဖြတ်ချက်တွေကနေ ကင်းလွတ်အောင် သူတို့ပေါ် အကျိုးသက်ရောက်မှု မရှိအောင်လုပ်နိုင်တဲ့ အရည်အသွေးကို ထိန်းသိမ်းထားပြီ ဆိုရင်တော့ ဒီမိုကရေစီဟာ ပျက်စီးဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေတယ်။ အမှတ် ၁ အချက်ကို ဒီလိုထပ်ဖြည့် စဉ်းစားထာတာမျိုး မရှိရင် နိုင်ငံသားတွေက စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ ခေတ်ပြိုင် အမေရိက အလယ်ပိုင်းမှာ စစ်တပ်ကနေ သွတ်သွင်းချုပ်ကိုင်ထားတဲ့ မြို့ပြ (ဝါ) နိုင်ငံသား အုပ်ချုပ်ရေး(Polity) လို အရာမျိုးကို ပညာရှင်တွေက ဒီမိုကရေစီ စစ်မှန်ပါတယ်လို့ အမျိုးအစားခွဲပြရမယ့် ကိန်းဖြစ်ပဲ။ ဒါကြောင့် ဒီအမှတ်စဉ် ၈ လို ထပ်ဖြည့်စဉ်းစားပေးခြင်းဟာ ရှေ့ပိုင်းမှာပြောခဲ့တဲ့ ရွေးကောက်ပွဲဝါဒ (ဝါ) ရွေးကောက်ပွဲကသာလျှင် ဒီမိုကရေစီရဲ့ အရေးပါ စံမှတ်ကျောက်စံဖြစ်နေတဲ့ သဘောထားမျိုး မဖြစ်ပေါ်လာအောင် စောင့်ကြပ်နိုင်မှာ ဖြစ်တယ်။ တနည်းအားဖြင့် တခြားသော နိုင်ငံရေး အရှိတရားတွေကို လျစ်လျူရှု ထားပြီး ရွေးကောက်ပွဲ ကျင်းပနေရေးကိုသာ အားစိုက်တဲ့ ရွေးကောက်ပွဲ ဝါဒမျိုးသာ ဖြစ်မနေအောင် စောင့်ကြပ်နိုင်မှာဖြစ်တယ်။
(၉) တိုင်း၊ နိုင်ငံတွေဟာ သူတို့ဖာသာသူတို့ လွတ်လွတ်လပ်လပ် အုပ်ချုပ်နိုင်ရမယ်။ နယ်ပယ်အားလုံးကို ခြုံငုံမိတဲ့ တခြားသော နိုင်ငံရေးစနစ်တချို့ကနေ တင်သွင်းလိုက်တဲ့ ထိန်းချုပ်မှုတွေကနေ လွတ်လပ်စွာ ပြုမူနိုင်ရမယ်။ ဒါးလ်နဲ့ တခြားသော ခေတ်ပြိုင် ဒီမိုကရေစီ သီအိုရီပညာရှင်တွေဟာ အမျိုးသားနိုင်ငံတော်တွေရဲ့ တရားဝင် အချုပ်အခြာ အာဏာကို ရည်ညွန်းနေကြခဲ့ကတည်းက ဒီလို အခြေအနေမျိုးကို အကျေအလည် နားလည်ထားပြီးသားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုဖွဲ့မှုတွေ၊ မဟာမိတ်တွေ၊ လွှမ်းမိုးတဲ့ နယ်ပယ်တွေ၊ ကိုလိုနီဝါဒသစ်ရဲ့ အမျိုးမျိုးသော အစီအစဉ်တွေ ဖွံ့ဖြိုးလာခြင်းနဲ့အတူ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းဟာ အရေးကြီးတဲ့ အချင်းအရာတခုဖြစ်လို့ နေတယ်။ တကယ်လို့များ ရွေးကောက်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့အဓိကျတဲ့ နယ်ပယ်အပြင်ဘက်က အက်တာတွေရဲ့ သဘောတူညီချက် ပါမှသာလျင် သူ့နယ်မြေအတွင်းမှာ စုစည်း ပေါင်းစပ်ပေးနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့မယ်ဆိုရင် ဒီလိုစနစ်မျိုးကို အမှန်တကယ် ဒီမိုကရေစီနည်း ကျတယ်လို့ ခေါ်နိုင်ပါ့မလား။ တကယ်လို့ အဓိကအရေးပါတဲ့ နယ်မြေအပြင်ဘက်က သူတွေဟာ သူတို့ကိုယ်သူတို့ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ နည်းကျစွာနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် ပြီးတော့ ကိုယ့်နယ်ပယ်အတွင်းက လူတွေဟာ တခြားသော အုပ်စုတွေ လုပ်နိုင်စွမ်းရှိသလို အားလုံးပါဝင်မယ့် အစီအစဉ်တွေကို လွတ်လွတ်လပ်လပ် အဆုံးသတ်လိုက်နိုင်တာ ဒါမှမဟုတ် ပြောင်းလဲလိုက်နိုင်တာမျိုးကို (ပွာတိုရီကိုနိုင်ငံမှာလို) လုပ်နိုင်တယ်ဆိုရင်တော့ ဒါကို ဒီမိုကရေစီနည်းကျတယ်လို့ သတိပြုမိစရာရှိပါတယ်။ ဒါပေမယ့် (ဘော်လကန်နယ်တွေမှာလို) ဒီနှစ်ခုထဲက ဘယ်အခြေအနေကိုမှ မရဘူးဆိုရင်တော့ ဒါဟာ တကယ့်ကို သေရေးရှင်ရေး ဖြစ်လာပါပြီ ။
ဒီမိုကရေစီ အောင်မြင်မှုရစေမည့် စည်းမျဉ်းနိယာမများ
ဒီမိုကရေစီမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဖြစ်စဉ်နဲ့ လုပ်ထုံးလုပ်နည်း စံပုံစံတွေရဲ့ စာရင်းဇယားက ဒီမိုကရေစီဖြစ်တယ်ဆိုတာ ဘာလဲဆိုတာကို သီးသန့်အထူးပြုနိုင်ဖို့ရာ ကျနော်တို့ကို အကူအညီပေးတယ်။ ဒါပေမယ့် အဲဒီအရာတွေက ဒီမိုကရေစီ ဘယ်လို တိတိကျကျ လည်ပတ်အလုပ်လုပ်သလဲ ဆိုတာကိုတော့ ကျနော်တို့ကို မပြောပြဘူး။ အရိုးရှင်းဆုံး အဖြေတခုက “လူထုရဲ့သဘောတူညီမှု” ဆိုတဲ့ အဖြေပဲ။ ဒီထက်ပိုပြီး ရှုပ်ထွေးတဲ့ အဖြေပေးရမယ်ဆိုရင် “မသေချာ မရေရာမှု အခြေအနေတရပ်အောက်မှာ နိုင်ငံရေးသမားတွေရဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလက်ခံပေးထားတဲ့ သဘောတူညီမှု” လို့ဆိုရမယ်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲ မဲအနိုင်ပိုရသူ ကိုယ်စားလှယ်တွေ ဒါမှမဟုတ် ပေါ်လစီကို လွှမ်းမိုးနိုင်သူတွေဟာ ရွေးကောက်ပွဲ ရှုံးနိမ့်သူတွေအနေနဲ့ အစိုးရအလုပ်တွေ မလုပ်နိုင်အောင် သူတို့ရဲ့ ယာယီအသာစီး ရနေမှုကိုသုံးပြီး တားမြစ်ပိတ်ပင်တာတွေ မလုပ်ရဘူး။ ဒါမှမဟုတ် အနာဂတ်မှာ သူတို့ ဆက်လက် လွှမ်းမိုးနိုင်ဖို့ မလုပ်ရဘူး၊ ပြီးတော့ သူတို့ပေးနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အလဲအထပ်ပြုပြီး အာဏာနဲ့ ရာထူးပြိုင်ဆိုင်မှုမှာ ဆက်လက်အသာရနေဖို့ မလုပ်ရဘူး။
ယာယီအား ဖြင့် ရှုံးနိမ့်သွားသူကလည်း အနိုင်ရသူရဲ့ စုစည်းပေါင်းစည်းပေးမယ့် ဆုံးဖြတ်တွေကို လေးစားရမယ်။ နိုင်ငံသားတွေကလည်း ဒီလို ပြိုင်ဆိုင်မှုဖြစ်စဉ်ကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပေးရမယ်။ ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ရလဒ်တွေဟာလည်း နိုင်ငံသားတွေရဲ့ စုပေါင်း ကြိုက်နှစ်သက်မှုအပေါ် မှီခိုနေရတာပါ။ အဲဒီလိုနိုင်ငံသားတွေရဲ့ စုပေါင်းကြိုက်နှစ်သက်မှု အပေါ်မှီခိုနေဖို့၊ နိုင်ငံသားတွေကလည်း အနိုင်ရသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ဆိုတာ မျှတပြီး ပုံမှန်ရွေးကောက်ပွဲတွေ ကနေတဆင့် ဒါမှမဟုတ် ပွင့်လင်းတဲ့ အကြိမ်ကြိမ် စေ့စပ်ညှိနှိုင်းမှု တွေကနေတဆင့် ပြုလုပ်ရမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးအောင်လုပ်ရမယ့် စိန်ခေါ်မှုက ကျယ်ပြန့်တဲ့စုပေါင်း သဘောတူညီမှုကို ဖော်ပြနိုင်မယ့် ရည်မှန်းချက် ပန်းတိုင်တွေကို ရှာဖွေပြဖို့ထက် ရှုံးနိမ့်သူနဲ့ အနိုင်ရသူ နှစ်ဦးနှစ်ဖက် ကျေနပ်နားလည် လက်ခံပေးထားတဲ့ သဘောတူညီမှုတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စည်းမျဉ်းအစုအဝေးကို ရှာဖွေဖို့ပဲ။ ဒီလို ဒီမိုကရေစီနည်းကျ အကျိုးအမြတ် မျှဝေမှု ထွက်လာဖို့ တိကျတဲ့ ပုံပန်းသဏ္ဌာန်ဟာ (ဒါးလ်ရဲ့ ထုတ်ဖော်ချက်ကို သုံးစွဲရရင်) ကောင်းမွန်တဲ့ ဆက်ဆံကိုင်တွယ်ပုံအရ လူ့အဖွဲ့အစည်း တခုနဲ့တခု ကွဲပြားနိုင်တယ်။ လူမှုရေး အကွဲအပြားတွေ၊ ပုဂ္ဂလိကဆန်တဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ အပြန်အလှန် ယုံကြည်မှု၊ မျှတမှု အဆင့်အတန်း၊ သဘောတူ ပူးပေါင်း ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒတွေ အပေါ်ကိုလည်း မှီခိုနေတယ်။ ဒီမိုကရေစီနည်းကျ အကျိုးအမြတ်မျှဝေမှုဟာ ခိုင်မာတဲ့ ပေါ်လစီပြဿနာရပ်တွေအပေါ် ကြီးကြီးမားမား သဘောကွဲလွဲမှု တွေနဲ့တောင်မှ အတူတကွ ယှဉ်တွဲတည်ရှိနေနိုင်တယ်။
ဒါကြောင့်လည်း ဒီမိုကရေစီမှန်သမျှမှာ ဘယ်သူတွေ ရွေးကောက်ခံရမယ်၊ ဘယ်ပေါ်လစီတွေကို လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုအဆင့်တခုတော့ဖြင့် ရှိနေတာပဲ ဖြစ်ပါတယ်။ အီတလီ၊ ဂျပန်၊ စကင်ဒီနေဗီးယား ဆိုရှယ်ဒီမိုကရေစီ နိုင်ငံတွေလို ရွေးကောက်ပွဲတွေမှာ ပါတီတခုတည်း စွဲစွဲမြဲမြဲ အနိုင်ရနေတဲ့ မြို့ပြလူ့အဖွဲ့အစည်း တွေမှာတောင်မှ ဒါမှမဟုတ် ပေါ်လစီ တခုတည်းကိုသာ အမြဲမပြတ် ချမှတ်လုပ်ဆောင်နေတဲ့ မြို့ပြ လူ့အဖွဲ့အစည်းတွေ မှာတောင်မှ လွတ်လပ်ပြီး အမှီအခိုကင်းမဲ့တဲ့ စုပေါင်း လုပ်ဆောင်ချက်တွေကြောင့် ပြောင်းလဲနိုင်ခြေတွေဟာ တည်ရှိနေဆဲပဲ။ တကယ်လို့ ဒီလို မသေချာမရေရာမှု သဘောသာမရှိရင် အဲဒီစနစ်ဟာ မက္ကဆီကို၊ ဆီနီဂေါနဲ့ အင်ဒိုနီးရှား တို့မှာလို ဒီမိုကရေစီမဖြစ်တဲ့ စနစ်ပဲ ။
ဒါပေမယ့် ဒီမိုကရေစီအားလုံးရဲ့ ဗဟိုချက်မမှာ နစ်မြုပ်နေတဲ့ မသေချာမရေရာမှုမှာ သူ့စည်း သူ့နယ်နိမိတ်နဲ့သူ ရှိတယ်။ ရှေ့မှာ လေးစားလိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တည်ရှိပြီးနေတာတောင်မှ ဘယ်လို Actor မျိုးကမဆို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်၊ သူတို့ကြိုက်နှစ်သက်ရာ ဘယ်လို ပြဿနာရပ်တွေကို မဆို မြှင့်တင် ထုတ်ဖော်ပြနိုင်တယ်။ ပြည့်ဝအောင် ဖော်ဆောင်ရဦးမယ့် အခြေအနေတွေ ရှိနေတာတောင်မှ ဘယ်လို ပေါ်လစီမျိုးကိုမဆို ခံယူနိုင်ရမယ်။ ဒီမိုကရေစီက သာမန်စံပုံစံ (Normal) ကို အင်စတီကျူးရှင်းအတွင်း သွတ်သွင်းပြီး နိုင်ငံရေးဆိုင်ရာ မသေချာ မရေရာမှုတွေကို ကန့်သတ်ပေးတယ်။ ဒီလို စည်းမျဉ်းနယ်နိမိတ်ဘောင် သတ်မှတ်ပေးခြင်းဟာ တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပစ္စည်းဥစ္စာ၊ ပုဂ္ဂလိကလုံခြုံမှု၊ လွတ်လပ်စွာ ထုတ်ဖော်မှုနဲ့ တခြားသော အခွင့်အရေးတွေကို အာမခံပေးခြင်းကလည်း ဒီမိုကရေစီအရ မသေချာမရေရာမှုကို ကန့်သတ်ပေးခြင်းရဲ့ အစိတ်အပိုင်း တရပ်ပဲ။ ဒါပေမဲ့ အထိရောက်ဆုံးသော စည်းမျဉ်းနယ်နိမိတ်တွေကတာ့ အကျိုးအမြတ်တူရာ စုစည်းထားတဲ့ အုပ်စုတွေအကြား ပြိုင်ဆိုင်ခြင်းနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တိုးပွားလာမှာ ဖြစ်တယ်။ ဘယ်လို စကားအလှ လင်္ကာတွေနဲ့ပဲဆိုဆို နိုင်ငံကို ကိုယ်စားပြုနိုင်မယ့် အဖွဲ့အစည်းတွေရဲ့ သဘောတူ ညီညွတ်မှုကနေ ထွက်ပေါ်လာတဲ့ စည်မျည်းစည်းကမ်းတွေကို လက်ခံ သဘောတူပြီဆိုတာနဲ့ တပြိုင်နက် အမှန်တကယ် ပြောင်းလဲမှာတွေဟာ ယေဘုယျလက်ခံ မျှော်မှန်းထားတဲ့ အတိုင်းအတာအတွင်းမှာ တည်ရှိနေဖို့များတယ်။
ဒီလို ဒီမိုကရေစီဖွံ့ဖြိုးဖြစ်ပေါ်နေဖို့ရာ လုပ်ထုံးလုပ်နည်းအခြေခံတဲ့ လမ်းညွန်ချက်တွေအပေါ်အလေးအနက်ထား ဖော်ပြခြင်းဟာ ဒီမိုကရေစီအကြောင်း ဖော်ပြရင် တွေ့ရဖန်များတဲ့ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်မှာ ဘယ်လိုအရာတွေ မြင့်မြင့်မားမား စွဲမြဲတည်ရှိနေရမယ်ဆိုတဲ့ ဖော်ပြချက်မျိုးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဆိုလိုတာက ယခင် ဖော်ပြချက်မျိုးတွေ ဖြစ်တဲ့ နိုင်ငံသားယဉ်ကျေးမှုအပေါ် အလေးအနက်ထားခြင်းနဲ့တော့ ဆန့်ကျင်ပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ အကြံပြုနေတဲ့ စည်းမျဉ်းနိယာမဆိုတာ အန္တရာယ်ကင်းပြီး စွန့်စားရာ မရောက်မယ့် စည်းမျဉ်းတွေအပေါ် မှီတည်ပြီး လုပ်နေတာ ဖြစ်တယ်။ နားလည် စိတ်ရှည်ခြင်း၊ အလယ်အလယ်ကျခြင်း၊ အပြန်အလှန် လေးစားခြင်း၊ မျှတစွာကစားခြင်း၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်ခြင်း၊ ဒါမှမဟုတ် အစိုးရအာဏာပိုင်များအပေါ် ယုံကြည်ခြင်းလို ဒီမိုကရေစီ အလေ့အကျင့်အဖြစ် စွဲမြဲ အမြစ်တွယ်နေရမယ့် အရာတွေအပေါ် အားစိုက်ပြောနေခြင်း မဟုတ်ဘူး။ ဒီလို အလေ့အကျင့်တွေမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်ပြီး ကြာရှည် အမြစ်တွယ်လာဖို့ရာ စောင့်နေခြင်းဟာ အုပ်ချုပ်ရေး နယ်ပယ်ရဲ့ စုစည်းညီညွတ် ခိုင်မာတောင့်တင်းလာမယ့် ဖြစ်စဉ်ကို အလွန်နှေးကွေးသွားအောင်ဖြစ်ပေါ်သွားစေလိမ့်မယ်။ မျိုးဆက် အလိုက်တောင်မှ ကြာသွားမှာပါ။
နောက်ပြီး ခေတ်ပြိုင်တွေ့ကြုံ ခံစားမှုမှန်သမျှဟာ အုပ်ချုပ်ရေးနယ်ပယ်ကို ခိုင်မာတောင့်တင်းအောင် မလုပ်နိုင်ပါလားဆိုပြီး အပြစ်တင်ရမယ့်ကိန်းတွေ ပြန်ဆိုက်လာပြန်ပါရော။ ကျနော်တို့ အဓိကထည့်ဝင်ချင်တဲ့ အချက်က နိုင်ငံကို ကိုယ်စားပြုထားတဲ့ အုပ်စုတွေရဲ့ သဘောတူမှုနဲ့ နယ်နိမိတ် ကန့်သတ်ထားတဲ့ မသေချာမရေရာမှုဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်ပြီး အပြန်အလှန် သံသယဖြစ်နေတဲ့ Actor တွေထံကတောင်မှ ပေါ်ထွက်လာနိုင်တယ် ဆိုတာရယ်၊ အဲဒီလို ကိုယ်စားပြုထားတဲ့ အုပ်စုတွေရဲ့သဘောတူညီမှုနဲ့ နယ်နိမိတ် ကန့်သတ်ထားတဲ့ မသေချာ မရေရာမှုလို အခြေအနေမျိုးတွေကနေလည်း နိုင်ငံသားယဉ်ကျေးမှုမှာ အမြစ်တွယ်နေတဲ့ စံပုံစံတွေ ထုတ်ကုန်အဖြစ်နဲ့ ထွက်ပေါ်လာနိုင်တယ်လို့ တွေးတောကြည့်နိုင်တယ် ဆိုတာပါပဲ။ ဒီနိုင်ငံသား ယဉ်ကျေးမှုကို ဒီမိုကရေစီ ထုတ်လုပ်သူအဖြစ် မမြင်တော့ဘဲ နိုင်ငံသားယဉ်ကျေးမှုဟာ အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကနေ ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်အနေနဲ့ မြင်ကြည့်နိုင်တယ်။
(ဆက်လက်ဖော်ပြပါမည်။)
ဖီးလစ် စီ ရှမစ်ထာ (Philippe C Schmitter) နဲ့ တယ်ရီ လင်း ကားလ် (Terry Lynn Karl) တို့ရဲ့ What Democracy Is … and Is Not စာတမ်းကို Journal of Democracy နဲ့ Johns Hopkins University Press တို့ရဲ့ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုပါတယ်။ ရှမစ်ထာဟာ စတန်းဖို့ဒ် တက္ကသိုလ် ဥရောပ လေ့လာမှုပညာဌာနရဲ့ ဒါရိုက်တာနဲ့ နိုင်ငံရေးသိပ္ပံဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)