မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး စတဲ့ မီးလောင်နိုင်တဲ့ အကြောင်းရင်းများစွာရှိရာမှာ နှစ် စဉ် မီးလောင်မှုတိုင်းမှာ ပေါ့ဆမီးနဲ့ လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် မီးလောင်မှုဖြစ်တာ ပိုများတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုပေါင်း ၂၆၆ မှုဖြစ်ခဲ့ရာမှာ ပေါ့ဆမီးလောင်မှုက ၁၂၀၊ လျှပ်စစ်မီးကြောင့် လောင်တာက ၁၀၁ မှုဖြစ်ပါတယ်။ မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးပေါင်း ကျပ် သိန်းပေါင်း ၃၀၀၀ ကျော်တယ်လို့ တိုင်း မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မီးဘေးဆိုတာဟာ လူပြုတဲ့ ဘေးတခုဖြစ်သလို သဘာဝဘေးလည်း ဖြစ်နိုင်ပါတယ်။ လူသားအရင်းအမြစ်နဲ့ သဘာ၀ အရင်းအမြစ် အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ဘေးဆိုးတခုဖြစ်လို့ ရန်သူမျိုးငါးပါးထဲမှာ တပါးပါဝင်နေတာ ဖြစ်ပါတယ်။
မီးစတင်လောင်ရာကနေ ကူးစက်ပျံ့နှံ့သွားပြီး မိနစ်အနည်းငယ်အတွင်း တအိမ်လုံးကို မီးလောင်နိုင်ပါတယ်။ သုတေသနပြုချက် တွေအရဆိုရင် သစ်သားအိမ်တအိမ် မီးလောင်မှုဟာ ၈ မိနစ်အတွင်း နီးစပ်တဲ့ တခြားအိမ်တွေဆီကို ကူးစက်နိုင်တာကြောင့် မီးလောင် ပြီဆိုတာနဲ့ မီးသတ်ကို ဦးစွာ အကြောင်းကြားသင့်ပါတယ်။
ပထမဦးဆုံး မီးလောင်အိမ်ဟာ မီးကိုကြိတ်သတ်နေပြီး မနိုင်တဲ့အဆုံး မီးခိုးတွေ၊ မီးတောက်တွေ ထွက်လာတဲ့အခါမှ မီးသတ်ကို အကြောင်းကြားကြတာဟာ ဆုံးရှုံးသင့်တာထက် ပိုမိုဆုံးရှုံးမှုတွေဖြစ်ရပါတယ်။ နီးစပ်ရာ မီးသတ်စခန်းကို ချက်ချင်းအကြောင်းမကြားနိုင်ရင်တောင်မှ အနည်းဆုံး မီးသတ်ဌာနရဲ့အရေးပေါ်ဖုန်း ၁၉၁ ကို ဆက်ပြီး အကြောင်း ကြားနိုင်ပါတယ်။
“မီးသတ်ကို အကြောင်းမကြားဘူး၊ ကြိတ်သတ်တယ်၊ မီးသတ်က အသိနောက်ကျတယ်။ ချက်ချင်းသာ အကြောင်းကြားလို့ သိမယ် ဆိုရင် ဆုံးရှုံးမှုနည်းတယ်”လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောပါတယ်။
မီးလောင်မှုကို အများဆုံးဖြစ်စေတဲ့ ပေါ့ဆမီးဟာ လူတွေရဲ့ သတိမေ့လျော့မှု၊ ပေါ့ဆမှုတွေကြောင့် ဖြစ်ရတာပါ။ ဘုရားမီး ပူဇော် တာ၊ ဆေးလိပ် သောက်ပြီးတဲ့အခါ မီးမငြိမ်းဘဲ စွန့်ပစ်တာ၊ ကလေးသူငယ်တွေ မီးနဲ့ဆော့ကစားတာ၊ ခြင်ထောင်အနီး မီးခွက်၊ ဖယောင်း တိုင်ထွန်းတာ၊ အောက်ခံမပါဘဲ ဖယောင်းတိုင်၊ ခြင်ဆေးခွေထွန်းတာတွေဟာ ပေါ့ဆမီး ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
အိမ်တအိမ်မှာ မီးသတ်ဆေးဘူးတဘူးတော့ ထားရှိသင့်ပါတယ်။ အိမ်ဆောက်မယ်ဆိုပြီး ဆောက်လုပ်ခွင့်တင်တာနဲ့ မီးဖိုခန်းမှာ မီး သတ် ဆေးဘူးတလုံး ချိတ်ထားပါပြီဆိုတဲ့ အာမခံချက်မပါဘဲနဲ့ စည်ပင်သာယာက အဆောက်မခံသင့်ဘူး လို့ မီးသတ်ဝန်ထမ်း တဦး က အကြံပြုပါတယ်။
ဒုတိယ မီးလောင်မှုအများဆုံးဖြစ်တဲ့ လျှပ်စစ်မီးကြောင့် မီးလောင်မှုဟာ အဓိကအားဖြင့် လူတွေသတိမေ့ ပေါ့လျော့မှုကြောင့် ဖြစ်ပွားရတာပါ။ ဥပမာ-မီးပူတိုက်နေတုန်း မီးပျက်သွားတဲ့အခါ ခလုတ်မပိတ်မိဘဲ ထားခဲ့တာမျိုး၊ လျှပ်စစ် ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ ဟင်းအိုးတွေ တည်ထားပြီး အပြင်ထွက်သွားတာမျိုးတွေဟာ လျှပ်စစ်မီး အပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေပါပဲ။
လျှပ်စစ်ကြောင့် မီးမလောင်စေဖို့ လျှပ်စစ်မီးသုံးတဲ့အခါ သတိရှိရပါမယ်။ အပြင်ထွက်တဲ့အခါ လျှပ်စစ်မီး သုံးလက်စတွေကို သေချာစစ်ဆေးပြီးမှ သွားပါ၊ မိန်းဆွိကိုချပြီးမှ ထွက်တာပိုမိုစိတ်ချရပါတယ်။ ဟောင်းနွမ်းနေတဲ့ လျှပ်စစ် ပစ္စည်းတွေနဲ့ ကြိုးတွေကိုလည်း သတိထားပြီး လဲလှယ်ပေးရပါမယ်။ ဒါဟာ မီးလောင်မှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။
နောက်ထပ် မီးလောင်မှုတွေ အဖြစ်များတာကတော့ ဈေးတွေ၊ စက်ရုံ၊ အလုပ်ရုံတွေပဲ ဖြစ်ပါတယ်။ ဈေးတွေဟာ ဆိုင်ခန်း တခုနဲ့တခု ဆက်စပ်နေခြင်း၊ ဈေးရုံ တရုံနဲ့တရုံ နီးကပ်နေခြင်း၊ လောင်စာများပြားခြင်း၊ မီးသတ်ယာဉ် ဝင်ထွက်ရန် လမ်းမရှိခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွားပါက အချိန်အနည်းအငယ်အတွင်း မီးလောင်မှုကြီးမားပြီး ဆုံးရှုံးမှု များပြား နိုင်ပါတယ်။
ဈေးတို့၊ စက်ရုံ၊ အလုပ်ရုံတို့ မီးလောင်ပြီဆိုရင် ဆုံးရှုံးမှုကလည်း ပိုများတတ်တာကြောင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် စနစ်တကျ လုပ်ဆောင်သင့်သလို ဈေး၊ စက်ရုံ၊ အလုပ်ရုံတိုင်းမှာ မီးသတ်ဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း မီးဘေး ကာကွယ်ရေး ပစ္စည်းတွေ ထားသင့်ပါတယ်။ ဒါဟာ မီးလောင်မှုဖြစ်လာရင်တောင်မှ မီးအသေးလေးကနေ မီးအကြီးကြီးဖြစ် မလာ အောင် ကာကွယ်တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေမှာ မီးလောင်မှုတွေမဖြစ်အောင် မီးဘေးလုံခြုံရေး ဆောင်ရွက်တဲ့အနေနဲ့ မီးသတ်ဦးစီးဌာနကနေ ရပ်ကွက် အုပ် ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး စက်ရုံ၊ အလုပ်ရုံတွေကို တပတ် ၂ ရက် လိုက်လံစစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့နှစ်က လှိုင်သာယာစက်မှုဇုန်မှာ မီးလောင်မှု ခဏခဏဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ အဲဒီလို မဖြစ်ရအောင် အင်္ဂါနဲ့ ကြာသ ပတေး နေ့တိုင်း စက်ရုံတွေကို သွားစစ်ဆေးပြီး လိုအပ်တဲ့အကြံဉာဏ်တွေ ပေးပါတယ်။ နောက်တကြိမ်စစ်လို့ လိုက်နာဆောင်ရွက်မှုမရှိရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်ရတာဟာလည်း စက်ရုံတွေရဲ့မီးဘေး လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးသော်ဒါက ရှင်းပြပါတယ်။
နောက်ထပ်ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်နိုင်တာကတော့ စက်သုံးဆီဆိုင်ကြီးတွေပဲ ဖြစ်ပါတယ်။ စက်သုံးဆီဆိုင်တွေမှာ မသမာသူတွေက မီးရှို့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သဘာ၀ တည်ငြိမ်လျှပ်စစ်ကြောင့် မီးပွားရရှိခြင်း၊ အဖုံးအကာမဲ့မီးများ အသုံးပြုခြင်း၊ သံခွာရိုက် ဖိနပ်များမှ မီးပွားလွင့်ခြင်း၊ ကားစက်နှိုးခြင်း၊ ဝါယာရှော့ခ်ဖြစ်ခြင်း၊ လက်ကိုင်ဖုန်း ပြောဆိုခြင်း၊ အမှိုက်ပုံးတွေက မီးကူးစက်ခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် မီးလောင်နိုင်ပါတယ်။
စက်သုံးဆီဆိုင်မှာလုပ်နေတဲ့ ဝန်ထမ်းအားလုံးနဲ့ စက်သုံးဆီလာရောက်ထည့်သူ ပြည်သူအားလုံး သိထားသင့်ပါတယ်။ စက်သုံးဆီ ဆိုင်ကြီးတွေ မီးလောင်ရင် ဆုံးရှုံးမှုတန်ဖိုး များရုံသာမက လူ့အသက်အတွက်လည်း များစွာ အန္တရာယ်ရှိပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို ရန်ကုန်တိုင်းဒေသကြီး ရေနံရောင်းဝယ်ရေးနဲ့ တိုင်းမီးသတ်တို့ ပူးပေါင်းပြီး ရန်ကုန် တိုင်းမှာ ရှိတဲ့ စက်သုံးဆီဆိုင် တဆိုင်ကနေ ဝန်ထမ်း ၂ ယောက်စီကို သက်ဆိုင်ရာ ဇုန်နယ်မြေ ၁၀ ခုမှာ စုပြီး သင်တန်းပေးနေ တယ် လို့ သိရပါတယ်။
မီးဘေးဆိုတာ မလောင်ခင်ကတည်းက ကြိုတင်ကာကွယ်ထားရမှာ ဖြစ်ပါတယ်။ တကယ်တမ်းဖြစ်ပြီဆိုရင် ကာယကံရှင်တွေက အရင် ငြိမ်းသတ်ရတာပါ။ မီးသတ်ယာဉ် ရောက်လာပြီဆိုရင်လည်း မီးသတ်ယာဉ် ၁ စီးရှိ ရေဟာ ၃ မိနစ်သာ ပက်ဖျန်းနိုင်တာကြောင့် တခြားသောအကူလာမယ့် မီးသတ်ကားတွေကို စောင့်ရတာနဲ့ မီးလောင်ချိန် ပိုမိုကြာသွားရတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ ရေအလွယ်တကူရရှိနိုင်တဲ့ ရေငုတ်တွေမရှိတာကြောင့် မီးသတ်နေစဉ် ရေပြတ်သွားရတဲ့ ပြဿနာလည်း ကြုံကြရပါတယ်။ ဒါကြောင့် မြို့သစ်တခုတည်တော့မယ်ဆိုရင် မီတာ ၁၀၀ တိုင်းမှာ မီးသတ်ရေငုတ်တခု ထားသင့်ကြောင်း မီးသတ်ဦးစီးဌာန အနေနဲ့ အကြံပြုဆွေးနွေးထားတယ်လို့ သိရပါတယ်။
“ဦးတို့နိုင်ငံမှာ မီးသတ်ရင်း ရေပြတ်တဲ့ ပြဿနာဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ မီးသတ်ရေငုတ် အားနည်းတယ်။ ဂျပန်လို နေ ရာ မျိုးမှာဆိုရင် ရေမပြတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ရောက်တဲ့နေရာတိုင်းမှာ အဲဒီရေငုတ်ကနေ တိုက်ရိုက်ရေယူပြီးတော့ မီး သတ် လို့ရတယ်။ အခုလက်ရှိမှာတော့ အင်္ဂလိပ်ခေတ်က ဟာတွေပဲ ရှိတော့တယ်။ ဒါတောင် တချို့နေရာတွေမှာ မရှိတော့ဘူး။ လမ်းတွေဖျက်လိုက်တဲ့အတွက် ပါသွားတာရှိတယ်”လို့ ဦးသော်ဒါက ရှင်းပြပါတယ်။
မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေ အချိန်မီ ပူးပေါင်းငြိမ်းသတ်နိုင်မယ်ဆိုရင် မီးလောင်မှုကြီး မဖြစ်နိုင်တော့ပါဘူး။ မီးလောင်တဲ့အခါ ထွက် မပြေးပါနဲ့ စိတ်ကို တည်တည်ငြိမ်ထားပါ၊ ကြိတ်မငြိမ်းပါနဲ့၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ၊ တချိန်တည်းမှာပဲ နီးစပ်ရာ မီးသတ် စခန်းကို အကြောင်းကြားပါ၊ ဝိုင်းဝန်းကြိုးစား ငြိမ်းသတ်ပါလို့လည်း ဆိုပါတယ်။
“မီးစလောင်တော့ အိမ်ရှင်က သူ့ဘာသာကြိတ်သတ်နေတာ။ ဘေးက မီးသတ်ကိုအကြောင်းကြားတဲ့လူတွေကိုလည်း ရန်လုပ် တယ်။ သူ့အိမ်က ကုန်စုံဆိုင်ဆိုတော့ လောင်စာတွေချည်းပဲ။ အိမ်က အင်္ဂလိပ်ခေတ်ကတည်းက ဆောက်ထား တဲ့အိမ်ဆိုတော့ မီးကာတွေလည်းပါတာကြောင့် တခြားအိမ်တွေကို မီးမကူးပေမယ့် မီးကတော့ တော်တော်ကြာကြာ လောင်သွားတယ်”ဟု ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်က တိုက်ကြီးမြို့နယ် ဗောဓိကုန်း ရပ်ကွက် မီးသတ်လမ်းရှိ ကုန်စုံဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကို ကိုယ် တိုင်မြင်တွေ့ခဲ့တဲ့ ဒေါ်ချောစုက ပြန်ပြောပြပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် မီးသတ်သုတေသနနဲ့ မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပြည်လမ်း မြေနီကုန်းရှိ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ၂၀၁၃ ခုနှစ် မေလ ၅ ရက်က ကျင်းပတဲ့ ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့မှာ ဖွင့်လှစ်ခဲ့ပြီးနောက် လစဉ်သင်တန်းတွေ ဖွင့်လှစ်လျက်ရှိတယ်လို့ သိရပါတယ်။
မီးစတင် လောင်ကျွမ်းစေတတ်တဲ့ အရာတွေ၊ မီးငြှိမ်းသတ်နည်း စနစ်တွေ၊ အဆင့်မြင့် မီးသတ်ပညာရပ်တွေကို ဝါရင့် မီးသတ် ပညာရှင်တွေ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ မီးသတ်အရာရှိတွေက သင်ကြားပို့ချလျက် ရှိပါတယ်။
စနစ်တကျသင်ကြားထားတဲ့ မီးသတ်ပညာရပ်တွေ ပြည့်ဝမှုကြောင့် မီးမလောင်အောင် ပြုလုပ်နိုင်မှာဖြစ်ပြီး လောင်ခဲ့ရင်လည်း အမြန်ဆုံး မီးငြှိမ်းသတ်နိုင်မှာဖြစ်သလို မီးလောင်ဆုံးရှုံးမှုတွေ လျော့နည်းကျဆင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ် ပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေမှာလည်း ကျောင်းသူ၊ ကျောင်းသားတွေကို အသိပညာပေးမှုအဖြစ် ဟောပြောပွဲတွေ၊ သရုပ်ပြမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ တခြား တိုင်းပြည်တွေမှာဆိုရင် ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်း သင်ကြားပေးမှုတွေရှိတယ် လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
အသိပညာပေးမှုတွေအပြင် လိုက်နာသင့်တာတွေကိုလည်း ပြည်သူတွေအနေနဲ့ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ အထပ်မြင့် တိုက် တွေမှာ အရေးပေါ်လှေကားတွေဟာ အလွန်အရေးကြီးလှပါတယ်။ အရေးပေါ်လှေကားသာမကဘဲ နေ့စဉ် အသုံးပြုနေရတဲ့ လှေကား အကျယ်ကလည်း လူနှစ်ယောက် ရှောင်နိုင်တဲ့ အကျယ်အဝန်း ၃ ပေခွဲ ရှိရပါမယ်။ ဒါမှသာ မီးလောင်တဲ့အခါ တိုက်အတွင်း ပိတ်မိမနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အထပ်မြင့် အဆောက်အအုံ ၃ ထပ်မှ ၈ ထပ်အထိ ဆောက်လုပ်ခြင်း လုပ်ငန်းတွေ အတွက် မီးသတ်ဦးစီးဌာနရဲ့ မီးဘေး လုံခြုံရေးနဲ့ အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ပြီး မီးသတ်ဦးစီးဌာနရဲ့ Fire Safety Certificate ရရှိပြီး မှသာ မြို့တော် စည်ပင်သာယာရေး ကော်မတီက နေထိုင်ခွင့်၊ အသုံးချခွင့်ဆိုင်ရာ(BCC) ထောက်ခံချက်ကို ရရှိမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းက ပြောပါတယ်။
“၂၀၁၄ လောက်ကစပြီး အခုလိုမျိုး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တာပါ။ လိုက်နာမှုမရှိဘူးဆိုရင် မြို့တော်စည်ပင်ကလည်း ဆောက်လုပ်ခွင့် မပေးဘူး။ ဆောက်လုပ်ပြီးပြီလို့ လာအကြောင်းကြားတဲ့အခါ သွားစစ်လို့ လိုက်နာမှုမရှိရင်လည်း လူနေထိုင်ခွင့် မပေး ပါဘူး”လို့လည်း ၎င်းက ပြောဆိုပါတယ်။
အထပ်မြင့်တိုက်တွေမှာ မီးလောင်တဲ့အခါဆိုရင် ခုန်မချပါနဲ့။ အကြောက်မလွန်ဘဲ စိတ်ငြိမ်ငြိမ်ထားပါ။ မီးစလောင်ပြီ ဆိုတာနဲ့ အနီး အနားမှာရှိတဲ့ မီးသတ် ပစ္စည်းကိရိယာတွေနဲ့ ရှေးဦးမီးငြှိမ်းသတ်ထားပြီး အနီးဆုံး မီးသတ်စခန်းကို အမြန်ဆုံး အကြောင်းကြားပါ။ အထပ်မြင့် အဆောက်အအုံတွေမှာ နေတဲ့သူတွေအနေနဲ့ကလည်း ဒီလိုအခြေခံအချက်တွေကို သိထားသင့်ပါတယ်။
မီးတွေခဏခဏလောင်တာဟာ မီးသတ်တွေက မီးဘေးသတိပြုမှုတွေ၊ မီးဘေးကာကွယ် စောင့်ရှောက်ရေးတွေ အားနည်းတယ်လို့ သုံးသပ်လို့ရသလို ဒီတိုင်းဒေသကြီးဟာ ဖွံ့ဖြိုးတိုးတက်မှုများတယ်လို့လည်း တွက်လို့ရပါတယ်။
ဥပမာ – မြန်မာနိုင်ငံမှာ တနေ့ကို ၃ ကြိမ် လောက် မီးလောင်ရင် စင်ကာပူမှာ ၁၀ ကြိမ်လောက် လောင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ချုပ်မှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးလောင်မှု ၂၆၆ ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ကယားပြည်နယ်မှာ ၁ ကြိမ်၊ ချင်းပြည်နယ်မှာဆိုရင် ၁ ကြိမ် ပဲ လောင်ခဲ့ပါတယ်။ ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေများလာသလို လူဦးရေထူထပ်လာမှုတွေရဲ့ အကျိုးဆက် တွေလို့လည်း ပြောလို့ရတယ်လို့ ဦးသော်ဒါက ဆိုပါတယ်။
မီးလောင်တဲ့အခါ ကိုယ်တိုင် ဆုံးရှုံးမှုတွေ၊ အသက်အန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အပြင် တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ ပုဒ်မ ၂ မျိုး စွဲဆိုနိုင်တယ်လို့လည်း သိရပါတယ်။ ပေါ့ဆမီးဆိုရင် ပုဒ်မ ၂၈၅ နဲ့စွဲပြီး ရှို့မီးဆိုရင်တော့ ပုဒ်မ ၄၃၆ နဲ့စွဲပါတယ်။ ပြစ်ဒဏ်တွေကတော့ ဆုံးရှုံးမှုတန်ဖိုးအပေါ်လိုက်ပြီး ငွေဒဏ်ကနေ ထောာင်ဒဏ် အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင် တယ်လို့ သိရပါတယ်။
အခုလို ပွင့်လင်းရာသီ ရောက်လာတာနဲ့ မီးလောင်မှုတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွေ ကိုတော့ မီး လောင်မှု အများဆုံးလတွေအဖြစ် သတ်မှတ်ထားတာကြောင့် ပိုမိုသတိထားကြရမှာ ဖြစ်ပါတယ်။
လူတိုင်း လူတိုင်းမှာ မီးဘေးလုံခြုံရေးဆိုင်ရာ အသိတွေရှိပြီး ကြိုတင်ကာကွယ်ရေး စနစ်တွေ ကောင်းနေမယ်ဆိုရင် မီးလောင်မှုတွေမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် မီးလောင်မှုဖြစ်ခဲ့ပါကလည်း ဆုံးရှုံးမှုနည်းသွားမှာ ဖြစ်ပါတယ်။
ကြိုတင် ကာကွယ်နိုင်ရင်တော့ ဆုံးရှုံးမှုရှိမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ကြောင့် မီးလောင်မှု မဖြစ်အောင် ဆင်ခြင်မှု နဲ့ မီးသတိပြုရမှာပဲ ဖြစ်ပါတယ်။ ။