လက်ရှိဖြစ်ပွားနေဆဲ ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံးဝ အလျှော့ပေးမည် မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က လားရှိုးမြို့၌ ပြောကြားသွားသည်။
“ဒါဆိုရင်တော့ အားလုံးရင်ဆိုင်ကျော်လွှားဖို့သာ ပြင်ဆင်ထားပါ။ ငါတို့ကတော့ ဘာမှ မ လျှော့ပါဘူး” ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဆိုသည်။
လက်ရှိ ကိုးကန့်တိုက်ပွဲများအတွင်း တပ်မတော်မှ ရန်သူ့အလောင်း ၃၀ ကျော်နှင့် လက်နက်အလက် ၁၀၀ ကျော် သိမ်းဆည်းရရှိထားကြောင်းလည်း ကာချုပ်၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိူးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်တွင် လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင် လာသည့် စစ်ရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် ကာချုပ်က ငွေကျပ် သိန်း ၁၀၀ ၊ ဆန်အိတ် ၁၀၀ နှင့် ဆီ ၄ပုံး ထောက် ပံ့ကူညီခဲ့သည်။
လောလောဆယ် မန်ဆူရှမ်းကျောင်းတိုက်တွင် လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ရန်လုံကျိုင်း၊ ရွှေ ဆင်၊ တုံချိန်၊ မြို့မ စသည့်ရဲစခန်း ၄ ခုမှ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၁၃၀ ဦးနှင့် ရွေ့ပြောင်းလုပ်သား ၇၀၀ကျော် လာရောက်ခိုလှုံ နေကြောင်း သိရသည်။
ကိုးကန့်ဒေသရှိ တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၉၀၉ ဦးမှာလည်း လားရှိူးမြို့သို့ ရောက်ရှိ တိမ်းရှောင်နေကြောင်း သိရသည်။
လက်ရှိ လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲများ ညစဉ်ဖြစ်ပွားလျက်ရှိပြီး လုံခြုံမှုကင်းမဲ့လျက်ရှိကြောင်း၊ နှစ်ဖက်တပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်းများ မြို့အနှံ့တွေ့ရှိရကြောင်း စစ်ရှောင်ဒုက္ခသည်များက ဧရာဝတီကို ပြောကြသည်။
အစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မ တော် ဘက်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်နှင့် မော်ထိုက် မြို့နယ်ခွဲတို့တွင် တပ်မတော်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစရွေ့ တိုက်ပွဲ များပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများမှာ တရုတ် နိုင်ငံနှင့် စစ်ဘေးလွတ်ရာ ပြည်တွင်းဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့က နေပြည်တော်၌ ကာချုပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ အကြီးအကဲများနှင့် တွေ့ဆုံရာတွင် ကိုးကန့်တပ်ဖွ့ဲ့ဖက်မှ ပါဝင်တိုက်ခိုက်ခဲ့သည့် တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့အချို့၏ အထောက်အထားများ ရရှိထားကြောင်း၊ အဆိုပါ တပ်ဖွဲ့များအနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ် ကြောင်း ပြောဆိုထားသည်။
တပ်မတော်နှင့်ဖြစ်သည့် တိုက်ပွဲများအတွင်း ကိုးကန့်တပ်ဖွဲ့ဖက်မှ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော်(AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA) တို့မှ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ကိုးကန့်တပ်ဖွဲ့၏ စစ်ရေးကော်မတီမှ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကိုးကန့် တိုင်းရင်း သားများ၏ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက် သောစနစ်ဖြင့် တောင်းဆိုမှုများရရှိသည်အထိ ဆက်လက်တော်လှန်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။