ကျောင်းသားထု၏ တောင်းဆိုချက်များကို အစိုးရဘက်က လိုက်လျောခဲ့သည့်အတွက် သပိတ်မှောက်ခြင်း ခေတ္တရပ်နားလိုက်ပြီး ဧရာဝတီ သပိတ်စစ်ကြောင်းတွင် လိုက်ပါချီတက်ခဲ့သည့် သပိတ်မှောက် ကျောင်းသားများကို မိဘများထံ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ဧရာဝတီ သပိတ်စစ်ကြောင်းကို ဒီနေ့ကစပြီးတော့ ခေတ္တရပ်နားလိုက်ပါတယ်။ အကြောင်းရင်း ကတော့ အစိုးရဘက် ကနေ ကျနော်တို့ ကျောင်းသားတွေဘက်က တောင်းဆိုတာတွေကို လိုက်လျောခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ အမျိုးသားပညာရေး ဥပဒေကို လွှတ်တော်မှာခိုင်မာစွာ အတည်ပြုပြီးတဲ့အချိန်ကျရင် ကျနော်တို့ သပိတ်လှန်ပေးမှာပါ။ အဲ့ဒီလိုမဟုတ်ဘဲ လွှတ်တော်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ရင်တော့ ဒီထက် ပိုကြီးမားတဲ့အင်အားနဲ့ နောက်ထပ်တကြိမ် လမ်းပေါ်ထွက်လာကြမှာပါ”ဟု ဒီမိုကရေစီ ပညာရေး ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ကိုကျော်သက်က ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြုလုပ်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးရေး ၄ ကြိမ်မြောက်အစည်းအဝေး၌ အမျိုး သား ပညာရေး ဥပဒေကို ပြင်ဆင်မည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး သဘောတူခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ် တော်သို့ တင်သွင်းရန် သဘောတူခဲ့ကြောင်း သိရသည်။
လတ်တလောတွင် မြို့ခံများ၏ ဖိတ်ကြားချက်အရ ဧရာဝတီ သပိတ်စစ်ကြောင်းမှာ ဘိုကလေးမြို့သို့ ယနေ့ ရောက်ရှိနေပြီး ဒေးဒရဲမြို့သို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း ကိုကျော်သက်က ပြောသည်။
“ဘိုကလေးပြီးရင် ဒေးဒရဲကိုသွားဖို့ ရှိပါတယ်။ ပြီးရင် ဖျာပုံမှာ ညပြန်အိပ်ကြမှာပါ။ နောက်တနေ့ကျတော့ မအူပင်မှာ ညအိပ်ဖို့ စီစဉ် ထားတယ်။ ပြီးရင် ပုသိမ်ပြန်ကြပြီးတော့ သပိတ်မှာ ချီတက်လိုက်ပါခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မိဘတွေဆီ အိမ်တိုင် ရာ ရောက် ပြန်လည်အပ်နှံသွားဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ဧရာဝတီတိုင်းအတွင်းမှ တက္ကသိုလ်ကျောင်းသားများနှင့် အထက်တန်းကျောင်းသားများ စုပေါင်း၍ ဧရာဝတီ သပိတ်စစ်ကြောင်းအဖြစ် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီလ ၃ ရက် တွင် စတင် ချီတက်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ပါဝင်သည့် ဧရာဝတီ သပိတ်စစ်ကြောင်းသည် တိုင်းအတွင်းရှိ ကန်ကြီးထောင့်၊ ကျောင်း ကုန်း၊ ပန်းတနော်၊ ညောင်တုန်းနှင့် မအူပင်မြို့အထိ မိုင် ၁၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြပြီး ကျောင်းသားများ၏ တောင်းဆိုချက်ကို အစိုးရဘက်က လိုက်လျောပေးခဲ့သည့်နောက်ပိုင်း ဧရာဝတီ သပိတ်စစ်ကြောင်း ရပ်နားခြင်း ဖြစ်သည်း
အစိုးရဘက်ကလည်း ဧရာဝတီ သပိတ်စစ်ကြောင်း ရန်ကုန်သို့ ဝင်ရောက်လာခဲ့ပါက တားဆီးသွားရန်အတွက် ရန်ကန်တိုင်းနှင့် ဧရာဝတီတိုင်း နယ်စပ်ဖြစ်သည့် ဒေးဒရဲမြစ်ကူး တံတားထိပ်တွင် လုံခြုံရေးအင်အား ၄၀၀ ကျော်ဖြင့် စောင့်ဆိုင်းနေကြောင်း သတင်း ရရှိသည်။
သပိတ်စစ်ကြောင်းအား ပြည်တွင်းပြည်ပရှိ အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ရာ လက်ရှိအချိန်အထိ ကျပ်သိန်း ၆၀ ကျော် လက်ခံရရှိထားပြီး ယင်းငွေများကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက် အအုံ ပြန်လည်တည်ဆောက်ရေးနှင့် ဧရာဝတီတိုင်းအတွင်း ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းရေးတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်သူများက ပြောသည်။