အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ နည်းလမ်းတကျ ပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ကျောင်းသား လှုပ်ရှားမှုတွေကြောင့် တိုင်းပြည် မတည်ငြိမ်မှာ၊ ဆူဆူပူပူ ဖြစ်မှာ စိတ်ပူစရာမလိုဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတွေသာ ဖြစ်လို့ အစိုးရအနေနဲ့ စိုးရိမ်ပူပန်စရာလိုတဲ့ ကိစ္စမဟုတ်ဘူးလို့ ဒီဖြစ် စဉ်မှာ ပါဝင်နေသူတွေက သုံးသပ် ပြောဆိုနေပါတယ်။
အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားတွေ စတင်ဆန္ဒပြခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ယနေ့အထိ တလနီးပါး ကြာမြင့်လာတဲ့ တနိုင်ငံလုံးမှာ လှုပ်ရှားနေတဲ့ ကျောင်းသားသပိတ်ဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့ တခုတည်းကိုပဲ ဦးတည်နေတာ ဖြစ်သလို အခုချိန်အထိ ဘာပြဿနာမှ မရှိခဲ့ဘဲ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိနေတာကို ကြည့်ရင် အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။
အခုနောက်ဆုံး အခြေအနေမှာတော့ ပညာရေး ဝန်ကြီးဌာနက စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ အမျိုးသား ဥပဒေပြင်ဆင်ရေးမှာ ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက် စလုံးကို ၄ ပွင့်ဆိုင် ဆွေးနွေးပွဲရဲ့ သဘောတူညီချက်အဖြစ် သတ်မှတ်ပြီးတော့ အဲဒီ ၁၁ ချက်ကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ ဥပဒေ ပုဒ်မ ၇၀ ကျော် ရှိတဲ့ ပညာရေး ဥပဒေကြမ်း တခုကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က ပညာရေး ဝန်ကြီးဌာနကနေ တဆင့် လွှတ်တော်ကို တင်ပြဖို့ ရှိပါတယ်။
ဒီလိုအချိန်မှာပဲ အစိုးရက ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို သဘောတူ လိုက်လျောပြီးဖြစ်လို့ သပိတ် စစ်ကြောင်းတွေ ရပ်နားပြီး အိမ်ပြကြဖို့၊ ဒီလိုမှ မဟုတ်ရင်တော့ ကျောင်းသားသပိတ်ကို ဖြိုခွင်းရတော့မယ်ဆိုတဲ့ သဘောမျိုး ထုတ်ဖော်ပြောဆိုနေပါပြီ။
ကျောင်းသား သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ဆက်လက် ဦးတည် လှုပ်ရှားနေတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်ဖို့၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့ အတွက် ရန်ကုန်တိုင်းအတွင်းကို ကျောင်းသား သပိတ်စစ်ကြောင်းတွေ ဝင်ရောက်ဖို့ လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီမတိုင်ခင်မှာလည်း ပညာရေးဆိုင်ရာ ကိစ္စတွေကို အကြောင်းပြုပြီး ဆူပူမှုတွေ ဖြစ်ပေါ်လာစေဖို့ ကျောင်းသား အမည်ခံသူတွေ၊ နောက်ကွယ်က ကြိုးကိုင်ဆောင်ရွက်နေသူတွေ၊ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့ ရှိနေတယ်လို့ အစိုးရပိုင်တဲ့ မီဒီယာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရရဲ့ အခုလို ပြောဆို ထုတ်ပြန်ချက်တွေဟာ အရင်စစ်အစိုးရ လက်ထက်က ပုံစံတွေအတိုင်း ဖြစ်နေလို့ စစ်အစိုးရကိုတောင် အမှတ်ရစေတယ်လို့ ဒီမိုကရေစီ ပညာရေး ၁၅ ဦး သပိတ်မှောက် ကော်မတီမှာ ပါဝင်တဲ့ ကိုအောင်နေပိုင်က ဧရာဝတီကို ပြောပါတယ်။
မိတ္ထီလာ နည်းပညာ တက္ကသိုလ်၊ စတုတ္ထနှစ်ကျောင်းသားလည်း ဖြစ်တဲ့ ကိုအောင်နေပိုင်က “အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ ကာလတခုမှာ ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ ဒီလို စကားလုံးတွေ မသုံးသင့်ဘူး။ ဒီလို အပြုအမှုမျိုးတွေလည်း မလုပ်သင့်ဘူး။ ဒါတွေက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ဒီမိုကရေစီ ယဉ်ကျေးမှုတွေကို လက်ခံပေးရမယ်” လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ဘယ်လိုပဲ ပြောဆို ထုတ်ပြန် တားဆီးစေကာမူ ကျောင်းသားတွေကတော့ သူတို့ တောင်းဆိုတဲ့ အချက်တွေကို မရမချင်း ဦးတည်တောင်းဆိုပြီး စောင့်ဆိုင်းနေသလို ဒီကြားကာလထဲမှာ လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို လွှတ်တော်က မြန်မြန်ဆန်ဆန် အတည်ပြု ပေးလိုက်ရင်လည်း “ညှိနှိုင်းတိုင်ပင်မှု ရလဒ်ကြောင့် အောင်မြင်တယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ရန်ကုန်မြို့ထဲကိုဝင်ဖို့ ရှိနေပါတယ်။
NNER အဖွဲ့ထဲမှာပါတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ကလည်း “ဒီလောက် ကြာနေတဲ့ သပိတ်ကြီးကို စည်းကမ်းရှိရှိ ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အစွမ်းသတ္တိနဲ့ အရည်အချင်းရှိမှုကို အစိုးရအနေနဲ့ လေးစားဖို့ သင့်တာပေါ့။ အခုလို အစိုးရရဲ့ တဖက်သတ် စွပ်စွဲပြောဆိုချက်တွေက ကျောင်းသားတွေကို အကြမ်းမဖက် ဖက်အောင် လှှုံဆော်တဲ့ အချက်တွေများ ဖြစ်နေမလားလို့တောင် သံသယ ဖြစ်မိတယ်။ ကျောင်းသားတွေကို အကြမ်းဖက်မယ်ဆိုရင် ပြည်သူလူထုက အစိုးရကို အထင်အမြင် လွဲနိုင်တယ်” လို့ ဆိုပါတယ်။
အခုအချိန်မှာလည်း ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွေကို တန်ပြန်ဆန္ဒပြခဲ့တဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စာမေးပွဲဖြေဆိုနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲတချို့ ရန်ကုန်မြို့ရှိ တချို့နေရာတွေမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။
ဒီလို တန်ပြန် ဆန္ဒထုတ်ဖော်တာတွေဟာ အစိုးရ လုပ်ဆောင်ချင်တဲ့ လုပ်ရပ်ကို ရောင်ပြန်ဟပ်ချင်တဲ့ သဘောမျိုးသာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိသလို ဒီလို ဆန္ဒပြ အုပ်စုတွေရဲ့နောက်ကွယ်မှာ တစုံတယောက် ရှိနေနိုင်တယ်လို့ NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာ သိန်းလွင်က ဧရာဝတီကို ပြောပါတယ်။
“အခု ဘယ်သူမှန်း မသိတဲ့ လူအုပ်စုတွေက ရန်ရှာချင်တာတွေ ဖြစ်လာတယ်။ တားဆီးတာတွေ ဖြစ်လာတယ်။ နောက် အစိုးရဘက်ကလည်း တပ်တွေ၊ ရဲတွေနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အစိုးရ ထုတ်ပြန်ချက်တွေကလည်း ကျောင်းတွေကို စိတ်ခံစားမှုတွေ ဖြစ်စေတယ်။ ဘယ်သူမှန်းမသိတဲ့ အုပ်စုတွေ တစုံတရာတော့ ရှိနေကောင်းမယ်လို့ ထင်တယ်” လို့ သူက ဆိုပါတယ်။
ကျောင်းသားတွေဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသော်လည်း ကျောင်းသားမဟုတ်တဲ့ အစိုးရဘက်နှင့် ဘယ်သူမှန်းမသိတဲ့ လူအုပ်စုများက အကြမ်းဖက်ချင်သည့် သဘောမျိုး ဖြစ်နေကြောင်း၊ ထို့ကြောင့် အစိုးရဘက်က တာဝန်ရှိသူတချို့ရဲ့ ပြောဆိုချက်တွေနဲ့ ထိုလူအုပ်စုတွေကိုပဲ ထိန်းသိမ်းရမှာဖြစ်တယ်လို့ ဒေါက်တာ သိန်းလွင်က ဖြည့်စွက်ပြောဆိုပါတယ်။
အစိုးရဘက်ကတော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို လိုက်လျောပြီး ဖြစ်လို့ ကျောင်းသားသပိတ်ကို မရှိတော့စေလိုကြောင်း၊ ရန်ကုန်အထိ ဝင်ရောက်ရောက်မယ့် ကိစ္စကိုတော့ လုံး၀ ခွင့်မပြုနိုင်တဲ့ အကြောင်း ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးမှာ အစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးသန့်ရှင်းက မီဒီယာတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
“မလိုလားအပ်ဘဲ ဝင်လာခဲ့မယ်ဆိုရင် အခု သဘောတူထားတဲ့ အချက် ၁၁ ချက်ကိစ္စကလည်း ပျက်ပြယ်သွားနိုင်တယ်” လို့တောင် သူက သတိပေးခဲ့ပါတယ်။
ရန်ကုန်မြို့ကို ဘာကြောင့် မဝင်စေချင်လဲဆိုရင် ရန်ကုန်မှာ ကျောင်းသားတွေကို လိုတဲ့သူလည်း ရှိသလို၊ မလိုတဲ့သူလည်း ရှိတဲ့အကြောင်း၊ အဲဒါကြောင့် မဝင်ပါနဲ့လို့ ပြောထားရက်သားနဲ့ ဝင်လာခဲ့လို့ ပြဿနာတက်ရင် ဘယ်သူက တာဝန်ယူမှာလဲဆိုတဲ့ မေးခွန်းတွေ ထုတ်ပြီး အစိုးရ လုပ်ပေးနိုင်တာ ကုန်ပြီဆိုတဲ့ သဘောမျိုး ထုတ်ဖော်လာပါတယ်။
သပိတ်မှောက် ကျောင်းသား တဦးဖြစ်သူ ကိုအောင်နေပိုင်ကလည်း “အခုကိစ္စက အစိုးရဘက်က ကျနော်တို့ကို သက်သက်မဲ့ ပုံဖျက်တာဗျ။ တည်ငြိမ်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံဖျက်တာ။ ဝန်ကြီးတယောက်ဆိုရင် ဥပမာ ပေးတာက ရန်ကုန်က ရေနက်တယ်ပေါ့နော်။ ရေနက်တဲ့ နေရာကို မလာသင့်ဘူးတဲ့။ ရန်ကုန်မှာရှိတဲ့ အခြေအနေတွေက သူတို့ ကြိုတင်ပြီး ကြံစည်ထားသလားလို့တောင် ကျောင်းသားတွေက သံသယ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
ဒီလို ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို လိုက်လျောပေးပြီးုဖြစ်လို့ အစိုးရက ကျောင်းသားကို အိမ်ပြန်ခိုင်းနေပေမယ့် ကျောင်းသားတွေကလည်း ဒီမိုကရေစီ ပညာရေး ဆိုတဲ့ အာမခံချက်မျိုး အပြည့်အဝမရဘဲ အိမ်ပြန်မှာ မဟုတ်ပါဘူး။
ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကော်မတီက မဖြိုးဖြိုးအောင်က “ဒီဥပဒေကို လွှတ်တော်က အတည်ပြု ပေးလိုက်ရင် ကျမတို့က ပုံစံပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ သပိတ်စစ်ကြောင်း အနေနဲ့ မဟုတ်တော့ဘဲ အောင်မြင်မှု အထိမ်းအမှတ် အနေနဲ့ ကျောင်းသားတွေက ရန်ကုန်ကို ဝင်လာမယ်။ သပိတ်အနေနဲ့ ဝင်လာမှာ မဟုတ်တဲ့အတွက် အစိုးရပြောသလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အစိုးရအနေနဲ့ ပိုပြီးတောင် လက်ခံသင့်ပါတယ်။ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးမှ အောင်မြင်လာတဲ့ ရလဒ်ဖြစ်တာကြောင့် အစိုးရအနေနဲ့ ဂုဏ်ယူပြီးတောင် ကြိုဆိုသင့်ပါတယ်” လို့ ဆိုပါတယ်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဒီ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုနိုင်ခဲ့ရင် အနာဂတ် မြန်မာ နိုင်ငံရဲ့ အလားအလာကောင်းတွေကို ဖန်တီးမယ့်၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးထားတဲ့ ပညာရေး စနစ်တခု အနှေးနဲ့ အမြန် ပေါ်ပေါက်လာတော့မှာ ဖြစ်လို့ ကျောင်းသားတွေ တာဝန်ကျေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။