ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ ဒေသ(မြေလတ်ဒေသ)များမှ ကျောင်းသားများ ပူးပေါင်းချီတက်နေသည့် သပိတ်စစ်ကြောင်းသည် ယနေ့ညနေပိုင်းမှ စတင်၍ ခေတ္တရပ်နားပြီး နေရပ်အသီးသီးကို ပြန်ကြမည် ဖြစ်ကြောင်း သိရသည်။
သပိတ်မှောက် ကျောင်းသားများ၏ သဘောဆန္ဒအရ သပိတ်ကို ခေတ္တရပ်နားရန် ဆုံးဖြတ်ခဲ့ကြပြီး ညနေပိုင်း၌ ၎င်းတို့ ရောက်ရှိနေ သည့် ပဲခူးမြို့ ရွှေမော်ဓောဘုရားရှေ့တွင် သပိတ်ရပ်နားမည့် ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
“လွှတ်တော်က အတည်ပြုမယ့် ဥပဒေအခြေအနေကို ကျနော်တို့ စောင့်ကြည့်သွားမှာပါ။ အခုက သပိတ်လှန်လိုက်တာ မဟုတ် သေး ပါဘူး။ စောင့်ကြည့်မယ်ဆိုတဲ့ သဘောနဲ့ ခေတ္တရပ်တာပါ။ အစိုးရပိုင်းက အလျှော့အတင်း လုပ်သလို ကျနော်တို့ကလည်း အလျှော့အတင်း လုပ်တဲ့သဘောပါ။ အခု အတည်ပြု ပြဌာန်းလာမယ့် ဥပဒေဟာ ဒီမိုကရေစီပညာရေးကို အခြေခံတဲ့ ဥပဒေမျိုး ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု မုံရွာ ကျောင်းသား သမဂ္ဂမှ ကိုဝေမိုးနိုင်က ပြောသည်။
ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြုလုပ်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးရေး ၄ ကြိမ်မြောက်အစည်းအဝေး၌ အမျိုး သား ပညာရေး ဥပဒေကို ပြင်ဆင်မည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး သဘောတူခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ် တော်သို့ တင်သွင်းရန် သဘောတူခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ကို ရောက်ရှိနေသည့် မော်လမြိုင်၊ ထားဝယ်၊ ပခုက္ကူ၊ မုံရွာ၊ မကွေး၊ ရေးနံချောင်းစသည့် မြေလတ်ဒေသ ကျောင်းသားသမဂ္ဂများ ပါဝင်သည့် မော်လမြိုင် ကျောင်းသားသပိတ်စစ်ကြောင်းသည် ယနေ့ညနေပိုင်းအထိ ပဲခူးမြို့တွင်းကို လှည့်လည်ကြမည် ဖြစ်ပြီး လှည့်လည်မှုအပြီးတွင် နေရပ်အသီးသီးသို့ လမ်းခွဲပြန်ကြမည် ဖြစ်သည်ဟု ဆိုသည်။
မော်လမြိုင် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၉ ရက်က စတင် ချီတက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းတွင် မွန်ပြည် နယ် ကျောင်းသား သမဂ္ဂနှင့် ထားဝယ်ကျောင်းသား သမဂ္ဂတို့က ပူးပေါင်း ဆန္ဒပြ ချီတက်နေခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း က မြေလတ်ဒေသ သပိတ်မှောက် ကျောင်းသားများက ပြည်မြို့မှတဆင့် မော်လမြိုင်အထိ ကားများနှင့် သွားရောက်ပူးပေါင်းပြီး စုပေါင်း ချီတက်လာခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်က ပုသိမ်မြို့မှ စတင်ချီတက်ခဲ့သည့် ကျောင်းသား ၁၀၀ ကျော် ပါဝင်သော ဧရာဝတီ သပိတ်စစ်ကြောင်းသည်လည်း ယနေ့မှစ၍ ခေတ္တရပ်နားပြီး မနက်ဖြန်တွင် ကျောင်းသားများ နေရပ်အသီးသီးသို့ ပြန်ကြမည် ဖြစ်သည်။
လက်ရှိအခြေအနေတွင် ရန်ကုန်အထိ ချီတက်ရန် ဆုံးဖြတ်ထားသည့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟို) မှ ဦးဆောင်သော မန္တလေးမှ ရန်ကုန် ချီတက်နေသည့် ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းသည် ယနေ့တွင် အုတ်ဖိုမှ တဆင့် မင်းလှအထိ ချီတက်ပြီး ညအိပ်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။