လောက်ကိုင်တိုက်ပွဲ ကာလအတွင်း ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များအား ထောက်ပံ့အားပေး ကူညီခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ပြည်ထောင်စု လွှတ်တော်က ရှုတ်ချလိုက်ပြီး ပါဝင်တိုက်ခိုက်သော တပ်မတော်သားများကို ချီးကျူးဂုဏ်ပြုလိုက်သည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်က လောက်ကိုင်ဒေသတွင် လုံခြုံရေး ယူနေသည့် တပ်မတော် စခန်းများအား တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေး ကူညီခဲ့သော အဖွဲ့အစည်း ရှုတ်ချကန့်ကွက်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် တိုက်တွန်းကြောင်းကို အရေးကြီးအဆိုအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးစတီဖန်က “သမ္မတကြီးက ငြိမ်းချမ်းဖို့အတွက် စကား ကမ်းလှမ်းနေတဲ့ အချိန်မှာ ထတိုက်တယ်ဆိုတာ မလုပ်သင့်တဲ့ ကိစ္စလေ။ ဒါကြောင့် ဒီအဆိုကို ကျနော် တင်တာ။ အားလုံး ဝိုင်းပြီး ထောက်ခံပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင်ခဲ့ပြီး အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြသည့် ဦးကျော်နီနိုင်၊ ဒေါ်နန့်နီနီအေး၊ ဦးလှဆွေ၊ ဦးလှထွန်း၊ ဒေါက်တာ ဇော်မြင့်မောင်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် ဗိုလ်မှူးကြီး ခင်စိုးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာသဖြင့် တပ်မတော်အနေဖြင့် လုံး၀ လက်မခံ၊ လုံး၀ အလျှော့ပေးမည် မဟုတ်ကြောင်း လွှတ်တော်တွင် ပြောဆိုသည်။
လောက်ကိုင်အရေးနှင့် ပတ်သက်ပြီး ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် ယင်းကိစ္စအပေါ် တာဝန်ယူရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လက်ရှိ အချိန်အထိ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လောက်ကိုင်မြို့တွင်ပါ မြို့တွင်း တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ပလောင် (တအာင်း) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယ ဗိုလ်မှူးကြီး တာအိုက်မောင်းက “ကျနော်တို့ကတော့ တော်လှန်းရေး တပ်မတော် အချင်းချင်း ကူညီကြတာပဲ။ AA (ရခိုင်တပ်မတော်)၊ TNLA ရယ် ကူညီပေးတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လောက်ကိုင်တိုက်ပွဲအရေး အစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော် ဘက်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။