ကွန်ကရစ်လမ်းများပေါ်တွင် စွန့်ပစ်ထားသည့် မော်တော်ယာဉ်တချို့၏ မှန်နှင့် ကိုယ်ထည်များ၌ ကျည်ဆန် ထိမှန်ထားသည့် အပေါက်ရာများကို အထင်းသားတွွေ့နေရသည်။ လမ်းဘေးဝဲယာတွင် အခိုင်အမာ ဆောက်လုပ်ထားသည့် လူနေ ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော်လည်း အခန်းအားလုံးနီးပါး သော့ခတ် ပိတ်ထားကြသည်။ လူတဦးစ၊ နှစ်ဦးစ လှုပ်ရှား သွားလာနေသည်မှအပ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။
တပ်မ ၃၃ မှ တပ်မတော်သားများ အပြည့်တင်ဆောင်ထားသည့် ကားနှစ်စီးဖြင့် မြို့တွင်းတွင် ကင်းလှည့်နေကြသည်။ မြို့လယ်ရှိ ငြိမ်းချမ်းရေး ကျောက်တိုင်အနီးတွင် အသင့်အနေထားဖြင့် လုံခြုံရေးုယူထားသည့် တပ်မတော်သား တချို့တွေ့ရပြီး မြို့တွင်းသွားလာနေသည့် ကားများကို ရပ်တန့် စစ်ဆေးလျက်ရှိသည်။
ရဲဘော်တဦးက ပေ ၃၀၀ ခန့်အကွာရှိ လမ်းကြိုလမ်းကြားတနေရာမှ လမ်းမပေါ်သို့ လမ်းလျှောက်လာသူတဦးကို သေနတ်ဖြင့် ရုတ်တရက် လှမ်းချိန်လိုက်ပြီး စိတ်ချရသည့် အနေအထားရှိမှာသာ သေနတ်ပြန်ချလိုက်သည်ကိုလည်း တွေ့လိုက်ရသည်။
ယင်းအခြေအနေများသည် လက်ရှိ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မြင်ကွင်းများပင် ဖြစ်သည်။
လမ်းဆုံလမ်းခွ တနေရာတွင် ပလက်ဖောင်းပေါ်၌ အထုပ်အပိုးကိုယ်စီဖြင့် ကယ်ဆယ်ရေးကား အလာကို စောင့်မျှော်နေသည့် လူတစုကိုလည်း ကွမ်းလုံဒေသခံ ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ တွေ့ရသည်။
တိုက်ပွဲများကြောင့် လုပ်ငန်းရှင် တရုတ်သူဌေးသည် သူအပါအဝင် ကြံခုတ်အလုပ်သမားများ၏ လုပ်အားခများ မရှင်းပေးဘဲ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် လောက်ကိုင်မြို့ပေါ်၌ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာမှ လာရောက်လုပ်ကိုင်နေသည့် ကိုလှဌေးက ပြောသည်။
“ကျနော်တို့က ဒီလောက်ကြီး ဖြစ်လိမ့်မယ်လို့ မထင်တော့ ဒီမှာ ဆက်နေလိုက်တာ။ နောက်ဆုံး ဘယ်လို့မှ နေမရတော့လို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှာ ၅ ရက်လောက် သွားအိပ်ခဲ့ရတယ်။ ညတိုင်း တအုံးအုံး တဖုံးဖုံးနဲ့ အပြန် အလှန်ပစ်နေတာပဲ။ ကျနော်တို့ဆို အိပ်လို့တောင်မရဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ လောက်ကိုင်မြို့ပေါ်၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိနေသေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး ဦးကျော်ဇောထူးက ပြောသည်။
ပိတ်မိနေသူများမှာ တိုက်ပွဲများကြောင့် ကြံခင်းများအတွင်း ပုန်းအောင်းနေသူများ၊ ကားမဝင်နိုင်သည့် လမ်းကြိုလမ်းကြားများ၌ နေထိုင်ပြီး ကယ်ဆယ်ရေးကားများဆီ ထွက်မလာရဲသူများ၊ အပြန်လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေသူများ နှင့် နေအိမ်ဈေးဆိုင်များ ဖောက်ထွင်းခံရမည်ကို ကြောက်ပြီး ဆက်လက် နေထိုင်နေသူများဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်အဖွဲ့မှ မချစ်မီးက “တချို့ အလုပ်သမားတွေကျတော့ တိုက်ပွဲကြောင့် တရုတ်သူဌေးတွေ ထွက်ပြေးသွားလို့ သူတို့လုပ်အားခ မရသေးဘူးဆိုပြီး စောင့်နေတာတွေရှိတယ်။ သူတို့ကို ချော့မော့ပြီး ပြန်ခေါ်လာရတယ်” ဟု ဧရာဝတီကို ပြောသည်။
လောက်ကိုင်မြို့နယ်၊ လော်ပါကျိုင်း ကျေးရွာမှ ကြံခုတ်လုပ်သား ကိုဝင်းထွန်းခိုင်က ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ် တိုက်ခိုက်သံများကို ကျယ်လောင်စွာ ကြားနေရကြောင်း၊ ပြန်ရန် လမ်းစရိတ် မရှိသဖြင့် ကြံခင်းများထဲတွင် ပုန်းအောင်းနေခဲ့ရကြောင်း ပြောဆိုသည်။
“အရင်ရက်တွေက ပြန်ဖို့စရိတ် လောက်လောက်ငှငှ မရှိတော့ ဒီအတိုင်းနေ နေရတယ်။ မနေ့ကတော့ ပြန်တော့မယ်လို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီး ရွာကားလမ်းဘေးကို ထွက်လာတုန်း ဒီကယ်ဆယ်ရေးအဖွဲ့နဲ့ တွေ့လို့ ကျနော်တို့တဖွဲ့လုံး ပါလာတာ” ဟု ၎င်းက ရှင်းပြသည်။
ထွက်ပြေး တိမ်းရှောင်သွားသည့် တရုတ်လုပ်ငန်းရှင် တချို့မှာ ၎င်းတို့ပိုင် နေအိမ်ဈေးဆိုင်များကို ပိတ်ထားခဲ့ပြီး မြန်မာဝန်ထမ်းတချို့ကို ပုံမှန်လုပ်အားခထက် ပိုပေးကာ အစောင့်အဖြစ်ထားခဲ့ကြကြောင်း သိရသည်။
“တညစောင့်ရင် ယွမ် ၂၀၀ (ကျပ် သုံးသောင်းခွဲခန့်) ရတယ်။ အရင်တုန်းက တလလုံးလုပ်မှ ယွမ် ၂၀၀၀၊ ၂၅၀၀ ဆိုတာ မိုင်ကုန်ပဲလေ။ အခုက အရင်ထက် ၃ ဆလောက်ကို ပိုရတယ်” ဟု လောက်ကိုင်မြို့ရှိ စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေသည့် မုံရွာသား ကိုဇော်ကြီးက ဆိုသည်။
မြို့ပေါ်၌ တိုက်ပွဲကြီးများ မဖြစ်ပွားသော်လည်း ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြသည့် မြို့ခံများ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းတချို့မှာ ဖောက်ထွင်း ခံထားရသည်။ တံခါးမရှိ ဓားမရှိ တွေ့သမျှ မြင်သမျှပစ္စည်းများကို ဝင်ရောက်ရှာဖွေ ယူငင်နေသူများကိုလည်း နေရာအနှံ့ တွေ့နေရသည်။
“လုတာယက်တာတော့ မရှိဘူး။ ဖောက်ထွင်းတာတွေပဲရှိတယ်။ ဒေသခံ တရုတ်ဆေးသမားတွေက ရှေ့ကနေ ဦးဆောင် ဖောက်ပေးတယ်။ ဗမာတွေက နောက်ကလိုက်ပြီး နည်းနည်းပါးပါး ယူတာတွေရှိတယ်” ဟု စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအဖြစ် လုပ်ကိုင်နေသူ ကိုဌေးဦးက ဆိုသည်။
တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် တရားဥပဒေ စိုးမိုးမှု မရှိသလောက်ဖြစ်နေပြီး ပြန်ပေးဆွဲမှုတခုလည်း ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သေးသည်။
နေအိမ်ခြံဝင်းထဲ၌ ရှိနေသည့် ကြံလုပ်ငန်းရှင် ခင်ပွန်းသည်ကို တရုတ်လူငယ် ၃ ဦးက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တုံချိန်ရပ်ကွက်မှ ဒေါ်နန်းအေပိုင်းက ဧရာဝတီကို ပြောသည်။
“ဘယ်နားမှာ ရှိတယ်ဆိုပြီး သူတို့က မပြောပြဘူး။ အခုတရုတ်ငွေ ၁၅ သိန်း (ကျပ်သိန်း ၂၀၀ ကျော်) နဲ့ လာရွေးဖို့ ပြောနေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းပြန်ပေးဆွဲသည့် လူငယ်များသည် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များမှာ လောက်ကိုင်မြို့အထွက်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ရဲစခန်းများကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က လောက်ကိုင်မြို့ပေါ်၌ တပ်မတော်နှင့် ဖုန်ကြားရှင် တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထက် ယခုတိုက်ပွဲမှာ ပိုမိုပြင်းထန်ကြောင်း၊ တိုက်ပွဲအများစုမှာ ညဘက်တွင်သာ ဖြစ်ပွားလေ့ရှိပြီး နေ့ခင်းတွင် ဖြစ်ပွားမှု မရှိသလောက် နည်းပါးကြောင်း ဒေသခံများက ပြောဆိုသည်။
“ပြန်ချင်တဲ့စိတ်တော့ ပေါ်တာပေါ့။ မိသားစုတွေတော့ လွှတ်လိုက်ပြီ။ မြန်မာပြည်ပြန်လည်း လုပ်ငန်းက သိပ်မရှိဘူးလေ။ စီးပွားရေး အခြေအနေအရ မှေးနေရတာပေါ့လေ” ဟု လုံခြုံရေးဝန်ထမ်း ကိုဌေးဦးက ဆိုသည်။
မြို့ပေါ်တိုက်ပွဲများအတွင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်နေသည့် ပစ်ကွင်းကြား ရောက်ရှိသွားသည့် ပြည်သူတချို့မှာ သေဆုံးမှုများရှိကြောင်း လောက်ကိုင်မြို့မှ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လာသည့် မုံရွာသား ဦးသိန်းထွန်းက ပြောပြသည်။
လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး ဦးကျော်ဇောထူးက “လောလောဆယ်တော့ ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) အလောင်း ၁၇ လောင်းတွေ့တယ်။ အရပ်သားလား၊ လက်နက်ကိုင်တွေလား ဆိုတာတော့ မသိဘူး။ မြန်မာလူမျိုး ၂ ယောက် ၃ ယောက်လောက်ပဲ ပါပါတယ်။ သူတို့က မှောက်နေတော့ သေချာမမြင်ရဘူး” ဟု ပြောသည်။
ကိုးကန့် ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ တချို့မှာ တကျော့ပြန်တိုက်ပွဲများတွင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (NMDAA) ကိုးကန့်တပ်ဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရသည်။
“တိုက်ပွဲမဖြစ်ခင်တုန်းက အလုပ်လုပ်ရင်း လျှိုဝင်နေတဲ့သူတွေက တကယ်တန်းကျတော့ သူပုန်တွေ ဖြစ်နေတယ်။ အခုလို တိုက်တဲ့အခါကျတော့ အကုန်လုံးထွက်ပြီး တိုက်ကြတာ။ အရင်တုန်းက မိတ်ဆွေတွေကလည်း အခု ရန်သူတွေဖြစ် ကုန်တာပေါ့” ဟု လောက်ကိုင်မြို့၌ ၁၀ နှစ်ကျော်နေထိုင်လာသူ မြို့ခံတဦးက ပြောသည်။
လောက်ကိုင်မြို့ပေါ်၌ လုံခြုံရေးယူထားသည့် တပ်မ ၃၃ မှ တပ်သား တဦးက ကိုးကန့်ပြည်သူနှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ခွဲခြားတတ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ မထိခိုက်အောင် အတတ်နိုင်ဆုံးဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီကို ပြောကြားသည်။
“ဒီကောင်တွေက အရပ်ဝတ်တွေနဲ့ ကျနော်တို့ကို ခြုံခိုတိုက်တယ်။ တိုက်ပေါ်ကနေလည်း ပစ်တယ်။ ဟိုတယ်ပေါ်ကနေလည်း ကျနော်တို့ကို ဝင်ချတယ်။ အပြင်တော့ လုံးဝမထွက်လာရဲဘူး။ သူတို့လည်း ပိတ်မိနေပြီ။ ကျနော်တို့လည်း ဝိုင်းထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲတခုတွင် တပ်မတော်မှ လက်နက်အလက် ၁၀၀ ကျော်ရရှိခဲ့ပြီး MNDAA တပ်ဖွဲ့ ဝင် ၃၀ ကျော် ကျဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသရှိ ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံသားများ၊ အစိုးရဝန်ထမ်းများ၊ ရွေ့ပြောင်း အလုပ်သမားများ အပါအဝင် သောင်းနှင့်ချီ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ထို့သို ထွက်ပြေးတိမ်းရှောင်ရင်း မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဆရာမ ၂ ဦးအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်း၌ ကိုးကန့်တပ်ဖွဲ့မှ ကားအစီး ၅၀ ခန့်ဖြင့် လောက်ကိုင်မြို့ရှိ ဒကစ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ပြန်လည် ပစ်ခတ်မှုကြောင့် နောက်ကြောင်းပြန်လှည့် ထွက်ပြေးသွားကြောင်း တပ်မတော် အရာရှိကြီးတဦး၏ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၇ နေ့ ရရှိသည့် သတင်းများအရ ယမန်နေ့ ညပိုင်း၌ လောက်ကိုင်မြို့တွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အဆောက်အဦးတချို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
“ညက တညလုံး လက်နက်ကြီးတွေနဲ့ ပစ်တာ။ အခန်းထဲမှာ ပုန်းနေတာတောင် ကိုယ်ခေါင်းနားက ဖြတ်သွားတဲ့ အတိုင်းပဲ။ ဒီမနက် ၉ နာရီလောက်အထိ ပစ်ခတ်နေတုန်းပဲ။ မနေရဲတော့ဘူး” ဟု တုံချိန်ရပ်ကွက်မှ ထွက်ပြေးတိမ်းရှောင်လာသူ ကိုကြည်မြင့်က ပြောသည်။
တိုက်ပွဲပြင်းထန်သဖြင့် မြို့တွင်း၌ ကျန်ရှိနေသေးသည့် ပုန်းအောင်းနေသူ တချို့မှာလည်း ထွက်ပြေး တိမ်းရှောင်လာနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် လောက်ကိုင်မြို့ကို ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အကြီးအကျယ် ထိုးစစ်ဆင်တော့မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့််ပြန့် ထွက်ပေါ်လျက်ရှိသည်။