အခြေခံလစာတိုးမြှင့်ရေး ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ် လုပ်သား ၂၀၀၀ ကျော် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင် ဆန္ဒပြ လျက်ရှိရာ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း သဘောတူညီချက် မရရှိ သောကြောင့် အလုပ်သမားသပိတ်ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေပြည်သာစက်မှုဇုန်ရှိ E-land Myanmar အထည်ချုပ် ၊ Ford Glory အထည်ချုပ် နှင့် Coste International အထည် ချုပ် စက်ရုံများမှ အလုပ်သမား အင်အား ၂၀၀၀ ကျော်က ညှိနှိုင်းမှု အဆင်မပြေမချင်း ဆက်လက် သပိတ် မှောက် မည် ဖြစ် ကြောင်း၊ လက်ရှိအချိန်အထိ အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက အလုပ်ရှင်နှင့် အလုပ် သမား များအကြား ဝင်ရောက်ညှိနှိုင်းပေးသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးကြောင်း သိရသည်။
“အခြေခံလစာကို တလ ၃၀၀၀၀ ကျပ်ထပ်တိုးပေးစေချင်တာ။ အလုပ်ရှင်ဘက်က ၁၂၀၀၀ ကျပ် အထိပဲ တိုးပေးတယ်။ တခြား ရှားပါး စရိတ်တွေဘာတွေလည်း မရဘူး။ ညှိနှိုှု်င်းလို့ လုံးဝမရဘူး။ သပိတ်ဆက်မှောက်မယ်”ဟု သပိတ် ဦးဆောင် ရေး ကော်မတီ မှ ဘဏ္ဍာရေးတာဝန်ခံ မခင်မျိုးဦး က ဧရာဝတီသို့ ပြောသည်။
လက်ရှိ အလုပ်သမားတဦးလျှင် အခြေခံလစာ တရက် ၁၅၇၀ ကျပ် ရရှိပြီး ၁၀၀၀ ကျပ် ထပ်မံ တိုးပေးရန် အလုပ်သမား များက ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်ကြာင်း၊ အလုပ်ရှင်များကမူ အခြေခံလစာကို တရက်လျှင် ၄၀၀ ကျပ်သာ ထပ်မံ တိုး ပေး နိုင်မည်ဟုဆိုကာ အလုပ်သမားများ၏ တောင်းဆိုချက်ကို မလိုက်လျောကြောင်း သိရှိရသည်။
သပိတ်မှောက် ဆန္ဒပြနေသော စက်ရုံ ၃ ရုံလုံးမှ အလုပ်သမားများ၏ တလဝင်ငွေသည် အခြေခံလစာနှင့် အချိန်ပိုကြေး အပါအဝင် ၆၅၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ် ရရှိပြီး ခွင့်ယူ၍ ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ တရက်ပျက်ကွက်လျှင် ငွေကျပ် ၁၀၀၀၀ အလုပ်ရှင်က ဖြတ်တောက်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ အခြေခံလစာတိုးမြင့်ရေး၊ အနည်းဆုံးလုပ်ခလစာဥပဒေ အမြန်ဆုံးပေါ်ထွက်နိုင်ရေးနှင့် အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း၍ လုပ်ငန်းရှင်များက အသိအမှတ်ပြုရေးကိစ္စများအတွက် ဆန္ဒပြ အလုပ် သမား ကိုယ်စားလှယ်များ၊ အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ်များ ၄ ကြိမ်တိုင်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း ယနေ့ အချိန်ထိ ပြေလည်မှုမရရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ မနက် ၈ နာရီတွင် အလုပ်ရှင်နှင့် အလုပ်သမား များအကြား ညှိနှိုင်းပေးမည်ဟု ချိန်းဆိုထားသော်လည်း လက်တွေ့တွင်မူ ညှိနှိုင်းပွဲ ဖြစ်မြောက်ခြင်းမရှိဘဲ သပိတ်မှောက်အလုပ်သမားများ ခြိမ်းခြောက်ခံခဲ့ရကြောင်း၊ အလုပ်ရှင်က ဆန္ဒပြအလုပ်သမားများသည် စက်ရုံဝင်း တံခါး အရှေ့တွင် ပိတ်၍ ဆန္ဒပြကြသဖြင့် ဥပဒေချိုး ဖောက်ရာ ရောက်သည်ဟုဆိုကာ ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရသည်။
“ကျမတို့ ကျတော့ လမ်းဘေးပလက်ဖောင်းမှာ ထိုင်စောင့်ခိုင်းတာ ၄ နာရီကျော်၊ အလုပ်ရှင်ကျတော့ ထိုင်ခုံမှာ ကျကျနန စောင့် ခိုင်းတယ်။ နင်တို့ကို စက်ရုံဝန်းရှေ့ဆန္ဒပြတာ ဖမ်းလို့ရတယ်လို့ ဒုဝန်ကြီးက ပြောတယ်။ ကျမတို့ ခြိမ်းခြောက် ခံဖို့ လာတာမဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဘယ်လိုမှ ဆက်ပြီးညှိနှိုင်းမနေဘူး။ သပိတ်ဆက်မှောက်မယ်” ဟု Coste International မှ သပိတ်မှောက် အလုပ်သမ တဦးက ရှင်းပြသည်။