ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ရွှေ့ပြောင်း လုပ်သားများကို တင်ဆောင်လာသော ကယ်ဆယ်ရေးကားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထပ်မံပစ်ခတ်ခံခဲ့ရပြီး တဦးသေဆုံး၍ တဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် အပြာရောင်ကျောက်သယ်ကားသည် ချင်းရွှေဟော်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ လုံထန်ကျေးရွာအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကွမ်းလုံဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက “အခုဆင်းလာတဲ့သူတွေက လောက်ကိုင်က အဆင်းမှာ တိုက်ပွဲနဲ့တွေ့ပြီး ပုန်းရင်းရှောင်ရင်းနဲ့ ပစ်ခံရတာ။ သေဆုံးသွားတဲ့သူကတော့ အဲဒီနေရာ မှာပဲ ကျန်ခဲ့တယ်။ ကျမတို့ သွားမသယ်နိုင်သေးဘူး” ဟု ပြောကြားသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူသည် ရွွှေ့ပြောင်းလုပ်သားတဦးဖြစ်ပြီး လောက်ကိုင်မြို့၌ ကြံခုတ်လုပ်သားအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ဒဏ်ရာရရှိထားသူမှာမူ လားရှိူးဒေသခံ အသက် ၁၇ နှစ်အရွယ်ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်ကြောင်း၊ ဒဏ်ရာရရှိထားသူကို ကွမ်းလုံပြည်သူ့ဆေးရုံ၌ တင်ပို့ကုသထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။
လုံထန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်ခန့်ကလည်း ကိုးကန့်တပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် မီဒီ ယာသမားများအပါအဝင် ရွေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ကြက်ခြေနီအလံတင် အပြာရောင်ကျောက် သယ်ကားတစီးပစ်ခတ်ခံရပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ ဦးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ယာဉ်မောင်း ၁ ဦး တို့ ဒဏ်ရာရရှိခဲ့သည်။
ကယ်ဆယ်ရေးယာဉ်တန်း ပစ်ခတ်ခံရမှုများသည် ကိုးကန့်တပ်ဖွဲ့၏ ပစ်ခတ်မှုများ ဖြစ်သည်ဟု စွပ်စွဲမှုများ ရှိနေပြီး ကိုးကန့် အဖွဲ့ကမူ ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခြင်းမရှိဟု ငြင်းဆိုသည်။
ကိုးကန့်တပ်ဖွဲ့မှ (MNDAA)မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက “ကြက်ခြေနီ ယာဉ်တန်းကို ကျနော်တို့ အဖွဲ့က ပစ်တယ်ဆိုပြီး ပြောတာ စဉ်းစားစရာပါပဲ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားက အစိုးရတပ် ထိန်းချုပ်တဲ့နေရာပါ။ တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးတာ ၁၀၀ကျော်လောက်ရှိပါမယ်” ဟု ဆိုသည်။
လက်ရှိ တိုက်ပွဲများကြောင့် လောက်ကိုင်-ချင်းရွှေဟော်ကားလမ်းပေါ်ရှိ ပါစင်ကျော်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ရွာ အနီး ကြံခင်းထဲတွင် ရွေ့ပြောင်းလုပ်သား ၈၀ ခန့် ပိတ်မိနေကြောင်း မော်ထိုက်မြို့နယ်ခွဲ ကြက်ခြေနီဒုတိယတပ်ရင်းမှူး ဦးစောရွှေမြင့် က ဧရာဝတီသို့ ပြောကြားသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများ အရှိန်အဟုန်မြင့်လာသဖြင့် အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အရေးပေါ် အခြေ အနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
(ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် ပူးပေါင်း ရေးသားသည်။)