ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း ကာလ တန်ကြေး ကျပ် သိန်းပေါင်း ၆ ထောင်ကျော်ဖိုး ဖမ်းမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ပါတယ်။
ဒေသခံ စစ်တပ်၊ မူးယစ်အဖွဲ့၊ မုံးကိုး ပြည်သူ့စစ် တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း အခုလ ၁၆ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့တာ ဖြစ်ပြီး ပိုင်ရှင်ကိုတော့ ဖမ်းမိသေးခြင်းမရှိဘူးလို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ ရုံးဦးစီးမှူး ရဲအုပ် အောင်ကျော်စိုးက ဆိုပါတယ်။
“အခုမိတဲ့ ပမာဏကတော့ ဒီနှစ် နှစ်ဆန်းပိုင်းအတွင်း အများဆုံး စံချိန်ပါ။ ဒါတွေက စိတ်ကြွဆေးပြား ချက်လုပ်တဲ့ နေရာမှာ သုံးတဲ့ဟာတွေပေါ့။ အခု လောလောဆယ်တော့ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုပေါ့။ ပိုင်ရှင်ကိုတော့ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေဆဲပါ” လို့ ရဲအုပ် အောင်ကျော်စိုးက ဧရာဝတီကို ပြောပါတယ်။
မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ကဖင်း ၁၆၃ အိတ်၊ အလေးချိန် ၈၁၅၀ ကီလိုဂရမ်ကို တာလေမြို့နယ် မဲခေါင် မြစ်ကြောင်းဘေး မိုင်းလင်း အနောက်အုပ်စု ပါလကျေးရွာအနီး သိုဝှက်ထားတဲ့ ချုံတောထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ သိမ်းဆည်းလိုက်ပြီလို့ သိရပါတယ်။
ကာယကံရှင်ကို ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်နေသလို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူပေးဖို့ တာချီလိတ် မူးယစ် (အထူး) အဖွဲ့က တရားလိုပြုလုပ် တိုင်တန်းထားပြီး တာချီလိတ် မြို့မ ရဲစခန်းမှာ မယ (ပ) ၃၅/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၆ (ခ) အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ထိုင်း – မြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လလယ်ပိုင်းက စပြီး အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နှင်းရေးတွေ အထူးစီမံချက်ချ ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးမျိုးစုံနဲ့ လက်နက်ခဲယမ်းတွေ မကြာခဏ သိမ်းဆည်းနိုင်ခဲ့ပေမယ့် တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်မှု အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့ စောင့်ကြည့် လေ့လာသူတွေက ဝေဖန်နေကြပါတယ်။
ရဲအုပ် အောင်ကျော်စိုးက “မူးယစ်ဆေးလုပ်တဲ့လူ ဆိုတာ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ လူတွေဖြစ်တဲ့ အတွက် ကျနော်တို့ မှာလည်း တရားခံဖော်ထုတ်ရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေတော့ ရှိတာပဲ” လို့ ဆိုပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လက ထုတ်ပြန်ချက်ထဲမှာ မြန်မာ့တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတွေ ကျယ်ပြန့်လာမှုက ဖျက်ဆီးနိုင်ကြောင်း သတိပေး ထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပါကစ္စတန် နိုင်ငံပြီးရင် ဒုတိယ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်သလို အရှေ့တောင် အာရှ ဒေသအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးကြောင်း ဆင်းရဲတဲ့ နိုင်ငံဖြစ်တဲ့ အတွက် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကို ထိရောက်စွာ ကိုင်တွယ် ထိန်းချုပ်ဖို့လိုတယ်လို့လည်း UNODC က ထောက်ပြထားပါတယ်။
တရားမဝင် မူးယစ်ဆေးမှောင်ခို တိုက်ဖျက်ရေးကို မြန်မာနိုင်ငံက UNODC နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပေမယ့် ထိုင်း-လာအို-မြန်မာ ၃ နိုင်ငံ နယ်စပ်ချင်း ဆက်စပ်နေတဲ့ ရွှေတြိဂံဒေသနဲ့ တရုတ် – အိန္ဒိယ နယ်စပ် ဒေသများတွေမှာ မူးယစ် မှောင်ခိုလုပ်ငန်း၊ သစ်နဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ ကွန်ရက်ကြီးတခုအဖြစ် အထင်အရှားရှိနေဆဲ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။