အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ပုသိမ်မြို့မှ ရန်ကုန်မြို့ဆီသို့ ချီတက်ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းမှာ ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။
ဧရာဝတီသပိတ်စစ်ကြောင်းမှာ ပုသိမ်မြို့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မအူပင်မြို့သို့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ မအူပင်မြို့၌ ရောက်ရှိပြီး သပိတ်စခန်းချနေစဉ် အစိုးရဘက်မှ ကျောင်းသားများတောင်းဆိုသည့်အချက် ၁၁ ချက်ကို လိုက်လျောသဘောတူခဲ့သည့်အတွက် သပိတ်မှောက်ခြင်းကို ရပ်နားခဲ့ကာ ပုသိမ်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
“သပိတ်ကိုရပ်နားခဲ့တယ်ဆိုပေမယ့် စောင့်ကြည့်ရေးသပိတ်စခန်း ၂ ခုဖွင့် သွားမှာပါ။ တခုက မအူပင်မှာ တခုက ပုသိမ်မြို့က ပညာပါရမီပညာဒါနကျောင်းမှာ ဖွင့်သွားမှာပါ။ ပုသိမ်ကသပိတ်စခန်းကို ပုသိမ် ကျောင်းသားတွေက တာဝန်ယူသွားမှာဖြစ်ပြီးတော့ မအူပင်စောင့်ကြည့်ရေးသပိတ်စခန်းမှာတော့ မအူပင် ကျောင်းသားတွေ တာဝန်ယူကြမှာပါ”ဟု ကျောင်းသားသပိတ်ဦးဆောင်သူတဦးဖြစ်သည့် ပုသိမ်နည်းပညာ တက္ကသိုလ်မှ သရုပ်ပြဆရာ ဝေယံအောင်က ဧရာဝတီကို ပြောသည်။
အဆိုပါ သပိတ်စခန်းများက လွှတ်တော်၌လုပ်ဆောင်နေသည့် အမျိုးသားပညာရေးဥပဒေပြင်ဆင်မှုလုပ်ငန်းကို စောင့်ကြည့်သွားမည်ဖြစ်ပြီး လွှတ်တော်လုပ်ငန်းများ ရလာဒ်မကောင်းပါက ယခုထက် ပိုမိုကြီးမားသည့် ကျောင်းသားသပိတ်ဆင်နွှဲသွားရန် ပြင်ဆင်ထားကြောင်း ဧရာဝတီကျောင်းသားသပိတ်ခေါင်းဆောင်များက ပြောသည်။
“သပိတ်ရပ်တန့်ထားတဲ့အချိန်မှာတော့ ကျောင်းသားတွေအကုန်လုံး တက္ကသိုလ်အသီးသီးကို ပြန်ဝင်ပြီးတော့ သက်ဆိုင်ရာ စာမေးပွဲတွေ ပြန်ဖြေကြမှာပါ။ အဲ့လို တက္ကသိုလ်တွေကို ပြန်သွားတဲ့အချိန်မှာလည်း ပညာသင်နေစဉ်အတောအတွင်းမှာပဲ စောင့်ကြည့်ရေးတာဝန်ရော သမဂ္ဂတွေဖွဲ့စည်းရေးတာဝန်ရော ကျနော်တို့ ပြောင်ပြောင်တင်းတင်း လုပ်မှာပါ”ဟု ဆရာ ဝေယံအောင်က ပြောသည်။
ပုသိမ်သို့ ပြန်ရောက်လာသည့် ဧရာဝတီသပိတ်စစ်ကြောင်းကို ပုသိမ်မြို့၊ နည်းပညာတက္ကသိုလ်နှင့် ပင်မတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်က အိုးစည်ဝိုင်းဖြင့် ကြိုဆိုခဲ့ကြသည်။