အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားထု ပါဝင်ချီတက် တောင်းဆိုနေသည့် ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁ ရက်နေ့ အထိ လက်ပံတန်းမြို့တွင် ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုနေသော အချက်များ ပါဝင်သည့် ဥပဒေမူကြမ်းကို မတ်လ ၁ ရက်နေ့ အထိ လွှတ်တော်အတွင်း အတည်မပြုနိုင်သေးပါက ကျောင်းသားသပိတ် စစ်ကြောင်း အနေဖြင့် ရန်ကုန်အထိ ဆက်လက် ချီတက်မည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားများက ပြောသည်။
“ကျနော်တို့ကြောင့် စာမေးပွဲတွေ အနှောင့်အယှက် ဖြစ်ပါတယ်ဆိုတဲ့ အပြောမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ကြောင့် ဒီကဒေသခံတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာလည်း တွေးရတယ်။ ဒါကြောင့် သပိတ်ကို မတ်လ ၁ ရက် အထိပဲ စခန်းချ ရပ်နားတာ။ ဒီကြားထဲမှာ လွှတ်တော်အတွင်း မပြီးပြတ်ဘူးဆိုရင် သပိတ်က ဒီကနေ ရန်ကုန်အထိ ဆက်ထွက်မှာ” ဟု ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ဆိုသည်။
ပင်မသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လက်ပံတန်းမြို့သို့ ရောက်ရှိခဲ့ပြီး အခြေခံ ပညာရေး စာမေးပွဲများ အနှောင့်အယှက် မဖြစ်စေရေး၊ လွှတ်တော်အတွင်း၌ ဆွေးနွေးချိန် ရရှိရေးတို့အတွက် ရည်ရွယ်ပြီး သပိတ်ကို လက်ပံတန်းမြို့မှာပင် အစုအစည်းမပျက် ရပ်နားထားကာ စောင့်ကြည့်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် ရပ်နားထားစဉ် တလျှောက်လုံး လူထုအကျိုးပြု လုပ်ငန်းများကို သပိတ်မှောက် ကျောင်းသားများက ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သတ်မှတ်ထားသည့်ရက်တွင် တောင်းဆိုချက်များ မရရှိပါက ဆက်လက် တိုက်ပွဲဝင်ရန် အားမွေးထားကြောင်း ကျောင်းသားသပိတ် ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ဧရာဝတီကို ပြောသည်။
“ဒီက ကလေးတွေကို စာမေးပွဲဖြေဖို့ ဝိုင်းဝန်း စာသင်ပေးတာမျိုးကို ကျနော်တို့ ဒီမှာနေရင်း လုပ်သွားမယ်။ ကျနော်တို့ရဲ့ ပညာရေး ပြုပြင်ဖို့ ဦးတည်ချက်တော့ လုံးဝမပျောက်ဘဲ တခြားအနှောင့်အယှက်တွေလည်း မဝင်လာအောင် ကျနော်တို့ လုပ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။
သပိတ်စစ်ကြောင်း ခေတ္တ ရပ်နားမှုနှင့် ပတ်သက်ပြီး စည်းဝေးဆုံးဖြတ်ရာတွင် မရပ်နားချင်သူနှင့် ရပ်နားချင်သူဟူ၍ သဘောထား ကွဲလွဲမှု ရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချက်အရ အများစု ရပ်တည်သည့် သပိတ်ရပ်နားမှုဘက်သို့ အားလုံးက သဘောတူ လိုက်နာခြင်း ဖြစ်သည်ဟု ကိုမင်းသွေးသစ်က ဆက်ပြောသည်။
သို့ရာတွင် စစ်ကြောင်းအတွင်းရှိ ကျောင်းသားအများစုသည် ရန်ကုန်ဒေသခံများ ဖြစ်သည့်အတွက် ရန်ကုန်သို့် ပြန်လည် ဝင်ရောက်သည့် အချိန်တွင် အစိုးရ အာဏာပိုင်များဘက်က အနှောင့်အယှက် အဟန့်အတား ပြုခဲ့ပါက အခြေအနေ ဆိုးဝါးလာမည်ကို စိုးရိမ်သည့် အတွက် အစိုးရဘက်က သတိပြု ဆောင်ရွက်စေလိုကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ တောင်းဆိုတာကို သတ်မှတ်ရက်အတိုင်း ရခဲ့ရင် ဒီက ကျောင်းသားအားလုံးက သပိတ်ကို လှန်ဖို့ ဆန္ဒ ရှိပြီးသားပါ။ တခုရှိတာက သပိတ်လှန်လိုက်ရင်လည်း ရန်ကုန်ကို ဝင်ရဦးမှာပဲ။ အဲဒီအခါ ရန်ကုန်ဝင်ရေးမှာ ပုံစံတမျိုးနဲ့ အစိုးရဘက်က ထင်မြင်နေမှာကို ပြန်သုံးသပ်ဖို့ လိုတယ်။ သူ့အိမ်သူ ပြန်တာကို တားဖို့ဆီးဖို့ လုပ်မယ်ဆိုရင် ပဋိပက္ခ မလွှဲမသွေ ဖြစ်မယ်” ဟု ကိုမင်းသွေးသစ်က ပြောသည်။
ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၀ ရက်က စတင်ပြီး မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် လမ်းလျှောက်ချီတက် လာခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဧရာဝတီ၊ မော်လမြိုင်၊ ထားဝယ်နှင့် မြေလတ်ဒေသတို့မှ ကျောင်းသားသပိတ် စစ်ကြောင်းများသည် လွှတ်တော်အတွင်း ဆောင်ရွက်နေမှု ကိုစောင့်ကြည့်နေရင်း မိမိတို့ ဒေသအသီးသီးသို့ ပြန်နေကြပြီ ဖြစ်သည်။
အလားတူ ရခိုင်ပြည်နယ် ကျောင်းသားသပိတ် စစ်ကြောင်းသည် စစ်တွေမြို့ အတွင်းရှိ တက္ကသိုလ်ဟောင်း နေရာတွင် သပိတ်စခန်း ဆက်လက် ဖွင့်လှစ်ထားဆဲ ဖြစ်ပြီး ရန်ကုန်အထိ လာရေး၊ မလာရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ထွက်ပေါ်လာမည့် ရလဒ်များအပေါ် မူတည်ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ကျောင်းသားသပိတ် ခေါင်းဆောင်တဦး ဖြစ်သည့် ကိုမျိုးမင်းထွန်းက ပြောသည်။