ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) အနေဖြင့် လုံး၀ ပါဝင်ပတ်သက်မှု မရှိကြောင်း KIA ၏ တာဝန်ရှိသူများက ပြောဆိုသည်။
“ကိုးကန့်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ KIA အနေနဲ့ လုံး၀ ပါဝင်ပတ်သက်မှု မရှိပါဘူး၊ လောက်ကိုင်ဒေသနဲ့ ကျနော်တို့က အဝေးကြီးပါ” ဟု KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ဧရာဝတီကို ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်ဒေသတွင် အစိုးရ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကိုးကန့် (MNDAA) တပ်ဖွဲ့ အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ SSA (ဝမ်ဟိုင်း) တပ်တို့က ခြုံခိုနှောင့်ယှက် တိုက်ခိုက်ကြသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရ သတင်းစာများ၌ ရေးသားခဲ့သည့်အပေါ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
မိမိနယ်မြေ မဟုတ်သည့် ဒေသများ၌ KIA အနေဖြင့် စစ်ဆင်ရေး လုပ်ဆောင်မှုမျိုး မရှိကြောင်း၊ နောင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် မိမိနယ်မြေ မဟုတ်သည့် ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားပါက KIA က ပါဝင်တိုက်ခိုက်မည် မဟုတ်ကြောင်း ဦးလာနန်က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း၊ တနည်း မဟုတ် တနည်းနည်းဖြင့် မဟာမိတ်အဖြစ် ပူးပေါင်းထားကြသော်လည်း၊ မိမိနယ်မြေ မဟုတ်သည့် ဒေသများ၌ စစ်ဆင်ရေး သွားရောက် လုပ်ဆောင်မှု မရှိကြောင်း၊ မိမိနယ်မြေ၌သာ ခုခံစစ် အနေဖြင့် လုပ်ဆောင်ကြောင်း ဦးလာနန်က ပြောသည်။
အစိုးရ တပ်မတော် အနေဖြင့် လောက်ကိုင် ဒေသ၌ နယ်မြေ လုံခြုံမှုရှိကာ တည်ငြိမ်အေးချမ်းသည်အထိ လိုအပ်သော အင်အားကို အသုံးပြုပြီး တိုက်ခိုက် ရှင်းလင်းသွားမည် ဖြစ်ကြောင် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ ထိုနယ်မြေများ၌ ယခုအခါ စစ်အုပ်ချုပ်ရေး စနစ်ဖြင့် စတင် အုပ်ချုပ်နေပြီ ဖြစ်သည်။
အစိုးရ သတင်းစာက ထိုသို့ပြောဆိုမှုသည် ယခင် ပြောဆိုနေကြအတိုင်း တဖက်သတ် ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ KIA အနေဖြင့် ကိုးကန့် တိုက်ပွဲများ၌ မည်သည့် အချိန်ကမှ ပါဝင် တိုက်ခိုက်မှု မရှိကြောင်း၊ သို့သော် ရှမ်းမြောက်ဒေသရှိ KIA ထိန်းချုပ်ရာ တပ်မဟာ ၄ နယ်မြေတွင် ကြိုကြားကြိုကြား တိုက်ပွဲငယ်များ ရှိနေသည်ဟု ဦးလာနန်က ရှင်းပြသည်။
KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ အနီးတွင် အစိုးရ တပ်မတော်၏ စစ်ကြောင်းများ ပုံမှန် လှုပ်ရှားသွားလာနေပြီး၊ လက်နက်ကြီး အများအပြား တပ်ဆင်၍ စစ်ရေး အသင့်အနေအထား လုပ်ဆောင်နေမှုများ ရှိနေသော်လည်း ထူးထူးကဲကဲ အင်အား ချထားခြင်းမျိုး မရှိကြောင်း ၎င်းက ပြောသည်။
အလားတူ မြစ်ကြီးနား၊ ဖားခန့်၊ တနိုင်း အပြင် မြစ်ကြီးနား-မိုးကောင်း မီးရထားလမ်း၊ မြစ်ကြီးနား-ဗန်းမော် ရထားလမ်း၊ ဒေသများ၌ အစိုးရ တပ်မတော်၏ စစ်ကြောင်းများမှ တပ်သာ အင်အား၊ ရိက္ခာ အင်အားများကို နေရာအနှံ့ ဖြန့်ကြက် ချထားနေသည်ကို တွေ့ရကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ နည်းပညာဆိုင်ရာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးဒေါင်ခါးက ဧရာဝတီကို ပြောသည်။
“အစိုးရက တပ်တွေ အင်အားတိုးချဲ့တာ ၁၀ ရက်လောက် ရှိပြီ၊ ကျနော်တို့ KIO/KIA ကတော့ ထူးခြား ပြင်ဆင်တာ မရှိပါဘူး၊ ကျနော်တို့ကို လာတိုက်ရင် ခုံခံကာကွယ်ရုံပါပဲ၊ ကျနော်တို့က ခုခံစစ်ပါ”ဟု ၎င်းက ဆိုသည်။
အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဒေသခံ အရပ်သား ၅၀ ဝန်းကျင်၊ အစိုးရ တပ်မတော်မှ တပ်မတော်သား ၅၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ရာဂဏန်း ရှိကြောင်း သိရသည်။ လောင်ကိုင် ဒေသ တိုက်ပွဲများသည် ဖေဖော်ဝါရီလ ၉ ရက်က စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။