အဲဒီနေ့က ကျနော်အပါအဝင် အခြား စူပါဗိုက်ဇာ ၃ ဦးနဲ့ မန်နေဂျာ ၁ ဦး ပုံမှန်မဟုတ်တဲ့ ကုမ္ပဏီအစည်းအဝေးတခု ထိုင်ဖြစ်ပါတယ်။ လူစုံလို့အစည်းအဝေးစတော့ လောလောလတ်လတ် အလုပ်စဝင်တဲ့ အလုပ်သမအသစ်အကြောင်းဆိုတာ သိလိုက်ရတယ်။ သူ့နာမည်က ‘ကယ်ရို’ ဖြစ်ပါတယ်။ သူဟာ အမျိုးသားအဖြစ်ကနေ အမျိုးသမီးအဖြစ်ကို လိင်ခွဲစိတ်ပြောင်းလဲခဲ့သူဖြစ်ပြီး သူတောင်းဆိုထားတဲ့ ကုမ္ပဏီအမျိုးသမီးအိမ်သာမှာ အသုံးပြုခွင့်ပြုဖို့တောင်းဆိုချက်ကို ကျနော်တို့ စီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ပေးဖို့ဖြစ်ပါတယ်။ သူ့အနေနဲ့ အမျိုးသမီးဘဝကို ပြောင်းလဲခံယူထားသူမို့ အမျိုးသမီးတွေနဲ့အခွင့်အရေး တန်းတူပေးဖို့ အလုပ်မဝင်ခင်မှာ တောင်းဆိုခဲ့တာပါ။ စီမံခန့်ခွဲမှုအဖွဲ့ ဆွေးနွေးအပြီးမှာတော့ သူ့ကို အမျိုးသမီးအိမ်သာမှာ အသုံးပြုဖို့ ခွင့်ပြုခဲ့ကြတယ်။
ဒီနေရာမှာ ကျနော်ပြောချင်တာက လုပ်ငန်းခွင်အတွင်းမှာ ကျား၊ မ၊ အခြားလိင်အမျိုးအစား စတဲ့ အလုပ်သမားတွေဟာ ခွဲခြားဆက်ဆံခံရမှု မရှိစေရဘဲ အားလုံးတန်းတူအခွင့်အရေးကို စီမံခန့်ခွဲသူတွေက ပေးရတယ်ဆိုတာပါ။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ အလုပ်ရဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီတယ်ဆိုရင် ဘယ်လို လိင်အမျိုးအစားပဲ ဖြစ်နေပါစေ အလုပ်ခန့်အပ်ရပါတယ်။ ဥပဒေကြောင်းအရလည်း လိင်အပေါ်မှာ ခွဲခြားမှုမရှိရအောင် ကာကွယ်ပေးထားပါတယ်။ လစာနဲ့အခြားအခွင့်အလမ်းတွေကိုလည်း အမျိုးသမီးများကို အမျိုးသားများနဲ့ တန်းတူရည်တူ ပေးရပါတယ်။
အခု ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ညီမျှစွာ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ကော်မရှင် EEOC (Equal Employment Opportunity Commission) လို့ခေါ်တဲ့ နိုင်ငံတော်က ကမကထ ပြုလုပ်ပြီး ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဆိုတာ ရှိပါတယ်။ အဲဒီကော်မရှင်က လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ အသက်အရွယ်၊ ကိုယ်အင်္ဂါ မသန်စွမ်းမှု၊ နိုင်ငံရေးယုံကြည်ချက်၊ လိင်အမျိုးအစား စတဲ့ မတူကွဲပြားမှုတွေအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခံရမှု မရှိရအောင် အကာအကွယ် ပေးထားပါတယ်။ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရသူဟာ အဲဒီကော်မရှင်ကို တိုက်ရိုက်တိုင်ကြားနိုင်ပြီး နစ်နာမှုအတွက် အလုပ်ရှင်ဆီက လျော်ကြေးတောင်းခံခွင့်ရှိပါတယ်။
အမေရိကန် ပြည်ထောင်စုက အလုပ်ခေါ်စာတွေမှာ ယာဉ်မောင်း ကျား ၂ ဦး၊ အမျိုးသမီး စာရင်းကိုင် ၂ ဦး အလိုရှိသည်ဆိုတဲ့ ကျားမ ခွဲခြား အလုပ်သတ်မှတ်တာမျိုးကို တွေ့ရမှာ မဟုတ်ပါဘူး။ တကယ်လို့အဲဒီလိုမျိုး အလုပ်ကြော်ငြာခဲ့ရင်လည်း ခွဲခြားဆက်ဆံမှုနဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ အမျိုးသားလည်း စာရင်းကိုင်ဖြစ်နိုင်သလို အမျိုးသမီးလည်း ယာဉ်မောင်းဖြစ်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ကျွမ်းကျင်မှုရှိဖို့သာ အဓိက လိုအပ်ပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာတော့ ယေဘုယျအားဖြင့် အိမ်ထောင်ဦးစီး ယောင်္ကျားက အလုပ်လုပ် ပိုက်ဆံရှာပြီး မိန်းမလုပ်သူက အိမ်ထောင်စုကို ထိန်းသိမ်းစောင့်ရှောက်ရသူတွေ ဖြစ်ပါတယ်။ ပြောင်းလဲလာနေတဲ့ လူမှုရေစီးကြောင်းနဲ့ စီးပွားရေး လိုအပ်ချက်တွေအရ မြန်မာအမျိုးသမီး တော်တော်များများဟာ တဖက်တလမ်းက ဝင်ငွေရှာလာရပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုရှိနေတဲ့အတွက် အမျိုးသမီး လုပ်သားအရင်းအမြစ်တွေ အခိုင်အမာ ရှိနေတာ ပေါ်လွင်ပါတယ်။ အထူးသဖြင့် မြို့ပြဒေသမှာ နေထိုင်ကြတဲ့ အမျိုးသမီးအများစုဟာ လုပ်ငန်းခွင်တွင်းမှာ ယခင်ကထက် ပိုပြီး ဝင်ရောက်စီးပွားရှာလာကြရပါတယ်။ ဒါပေမယ့် လုပ်အားချင်း တူသည့်တိုင်အောင် မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူလစာရရှိဖို့၊ အဆင့်မြင့်ရာထူးတွေရဖို့ မလွယ်ကူတဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
အမျိုးသားတွေကြီးစိုးတဲ့ လုပ်သားအင်အားစုတွေဟာ အမျိုးသမီးအလုပ်သမတွေဆိုရင် အရောင်းစာရေး ဝန်ထမ်းလိုသာ သဘောထားတတ်ကြသလို သူတို့နဲ့ ရင်ဘောင်တန်း အလုပ်မလုပ်နိုင်ကြဘူးလို့ယေဘုယျ ယူဆထားလေ့ ရှိတတ်ကြပါတယ်။ အနိမ့်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးကစလို့အခြားအုပ်ချုပ်ရေး ရာထူးတွေမှာလည်း အမျိုးသားတွေသာ လွှမ်းမိုးထားလေ့ရှိကြပါတယ်။
အမေရိကန်ပြည်ထောင်စုက ထိပ်တန်း Fortune 500 ကုမ္ပဏီမှာ အမျိုးသမီး ၂၆ယောက် (၄.၆ရာခိုင်နှုန်း) ဟာ စီအီးအိုတွေဖြစ်ကြပါတယ်။ အဲဒီထဲမှာမှ ထင်ရှားတဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ဂျီအမ်(GM)၊ ကွန်ပြူတာထုတ်လုပ်တဲ့ အိပ်ချ်ပီ(HP)၊ အိုင်ဘီအမ်(IBM) နဲ့ ပက်စီအချိုရည်(Pepsi) ကုမ္ပဏီ တို့ကို ဦးဆောင်နေသူ စီအီးအိုတွေဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကောက်ယူထားတဲ့စာရင်းအရ တကမ္ဘာလုံးမှာ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ရာထူးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ခေါင်းဆောင် ၂၂ ဦး ရှိပြီး အဲဒီအထဲမှာ ဂျာမနီ၊ တောင်ကိုရီးယားနဲ့ ဘရာဇီးနိုင်ငံတို့ပါဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လွှတ်တော်သမဂ္ဂရဲ့ အစီရင်ခံစာအရ တကမ္ဘာလုံးမှာ ရှိတဲ့ လွှတ်တော်အမတ် ၁၀၀ မှာ အမျိုးသမီးလွှတ်တော်အမတ် ၂၂ ယောက်ရှိတယ်လို့ဆိုပါတယ်။
မြန်မာမှာ အစိုးရ ဝန်ကြီးအဖွဲ့ထဲမှာ အမျိုးသမီးဝန်ကြီး၊ ဒု-ဝန်ကြီး စုစုပေါင်းက လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းပါတယ်။ ဒါ့အပြင် လက်ရှိလွှတ်တော်မှာ အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်ကလည်း ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ခေတ်သစ် စီမံခန့်ခွဲမှုပညာမှာ အမျိုးသမီးနဲ့လူနည်းစုတွေကို လုပ်ငန်းခွင်အတွင်း အဆင့်မြင့်ရာထူးတွေမှာ တာဝန်ထမ်းဆောင်စေဖို့ အဆင့်မြှင့်သင်တန်းတွေ တက်ရောက် သင်ကြားနိုင်ခွင့် အခွင့်အရေးကို မြှင့်တင်ပေးရမယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းပဲ ဖြစ်ဖြစ် အစိုးရဌာနပဲဖြစ်ဖြစ် သူတို့ရဲ့အဓိက လုပ်ငန်းတာဝန်ဟာ ထိရောက်တဲ့ ဝန်ဆောင်မှုပေးဖို့ ဖြစ်တဲ့အတွက် လုပ်ငန်းနဲ့ ရာထူးအပေါ်မူူတည်တဲ့ လိင်အမျိုးအစား ကန့်သတ်ချက်ဟာ မလိုလားအပ်တဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။
ပက်စီကုမ္ပဏီရဲ့ ၅၈ နှစ် အရွယ် စီအီးအို အန်ဒရာနိုရီ(Indra K. Nooyi) ဟာ သမီးနှစ်ယောက်ရဲ့ မိခင်တဦးဖြစ်ပါတယ်။ ကုမ္ပဏီအတွက် တနှစ်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ အကျိုးအမြတ်ရအောင် ဦးဆောင်နိုင်သူဖြစ်ပါတယ်။ သူဟာ ပက်စီကုမ္ပဏီရဲ့ စီအီးအိုရာထူးကို ၂၀၀၆ ခုနှစ်ကတည်းက ရယူထားခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဝန်ထမ်းပေါင်း ၂ သိန်းကျော် ရှိပြီး အောင်မြင်တဲ့ကုမ္ပဏီအဖြစ် ပက်စီကို ဆက်လက်ရပ်တည်နိုင်အောင် ဆောင်ရွက်နေသူဖြစ်ပါတယ်။
အန်ဒရာနိုရီ ဟာ ငယ်ရွယ်စဉ်အချိန်က အိန္ဒိယနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်ပြီး အိန္ဒိယနွယ်ဖွား အာရှသား အမျိုးသမီး ဖြစ်ပါတယ်။ မိခင်မို့လို့၊ အမျိုးသမီးမို့လို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကို အန်ဒရာနိုရီ ရဲ့စွမ်းဆောင်ချက်က အခိုင်အမာကို ခြေဖျက်လိုက်တဲ့သဘောပါပဲ။
မြန်မာပြည်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးခေါင်းဆောင်ရှိပေမယ့် အမျိုးသမီးတွေ တန်းတူမှုရစေရေးက အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းသတ်မှတ်မှုတွေဟာ ခေတ်ကာလနဲ့အညီပြောင်းလဲဖို့လိုအပ်ပါတယ်။
အမျိုးသမီး တက္ကစီယာဉ်မောင်း၊ အမျိုးသမီး လေယာဉ်မှူး၊ အမျိုးသမီး ဆိုက်ကားသမားတွေ မကြာသေးမီက ပေါ်ထွန်းလာတာဟာ အစဉ်အလာဟောင်းကို ကျော်ဖြတ်တဲ့ ဖြစ်ရပ်တွေပါပဲ။
လုပ်ငန်းခွင်တွေ အတွင်းမှာ အမျိုးသမီးအင်အားစုတွေ တန်းတူရည်တူပါဝင်လာခြင်းဟာ အပြုသဘော ဆောင်တဲ့ စုဖွဲ့မှုတွေကို ဖြစ်စေပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေတန်းတူရည်တူ ပါဝင်နိုင်ရေးဟာ အမျိုးသမီးတွေရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့သက်ဆိုင်သလို အမျိုးသားတွေရဲ့မဟာ ဖိုဝါဒ လျော့ချနိုင်မှု အပေါ်မှာလည်း များစွာ မူတည်နေပါတယ်။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်တွင် အခြေချ နေထိုင်လျက် ရှိသည့် မြန်မာစကားပြန် တဦးဖြစ်သည်။)