ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ်ခွဲတို့၌ တိုက်ပွဲများ ကြောင့် ပိတ်မိနေသည့် ဒုက္ခသည်များမှာ ထောင်ဂဏန်းအထိရှိနိုင်ပြီး လောလောဆယ် အခြေအနေအရ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် မလွယ်ကူတော့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဧရာဝတီကို ပြောဆိုကြသည်။
တိုက်ပွဲများအတွင်း ရက်သတ္တပတ်ခန့် ပိတ်မိနေသည့် ဒုက္ခသည်အချို့မှာ လက်ရှိတွင် စားနပ်ရိကာများ ပြတ်လပ်နေပြီ ဖြစ်ကြောင်း၊ ၎င်းတို့ကို ကယ်ထုတ်ရန် တပ်မတော်နှင့် ညှိနှိုင်းနေကြောင်း မော်ထိုက်မြို့နယ်ခွဲ ကြက်ခြေနီဒုတပ်ရင်းမှူး ဦးစောရွှေမြင့်က ပြောသည်။
တိုက်ပွဲများအတွင်း ပိတ်မိနေသည့် လောက်ကိုင်မြို့မှ ရွေ့ပြောင်းလုပ်သားများအပါအဝင် လူ ၄၀၀ ကျော် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်ရှိ ကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ တွင် ထပ်မံရောက်ရှိလာသည်။
ယင်းဒုက္ခသည် ၄၀၀ ကျော်တွင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဟိုပန်ဒေသမှ ရွေ့ပြောင်းလုပ်သားများ အများ ဆုံးပါဝင်ကြောင်း အဆိုပါကယ်ဆယ်ရေးစခန်းမှ ဦးကျော်ဆွေက ပြောသည်။
လောက်ကိုင်မြို့နယ်၊ မန်းဂျက်ကျေးရွာမှ ကြံခုတ်အလုပ်သမားအဖြစ် ကြံခင်းမြို့မှ လာရောက်လုပ်ကိုင်သူ မချိုချိုဝင်း က ၎င်းအပါအဝင် ကြံခုတ်လုပ်သား ၃၅ ဦးမှာ ကျေးရွာမှ မနက် ၅ နာရီမှ စတင်လမ်းလျှောက်ခဲ့ကြောင်း၊ ညနေ ၃ နာရီခန့် လမ်းတဝက်အရောက်တွင် ကယ်ဆယ်ရေးကားများနှင့်တွေ့ပြီး မိုင်းယော်ကျေးရွာသို့ လိုက်ပါလာခဲ့ကြောင်း၊ ယင်းမှ တဆင့် လားရှိူးမြို့သို့ ကားများဖြင့် တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“တရုတ်သူဌေးက တိုက်ပွဲဖြစ်နေတာကို လုံးဝမပြောပြဘူး။ ကြံလည်းမခုတ်ရဘူး။ လုပ်အားခလည်း မပေးဘူး။ ထွက် ပြေးတဲ့သူတွေကိုလည်း လိုက်ရိုက်တယ်။ မှတ်ပုံတင်တွေဆိုလည်း အကုန်သိမ်းထားတယ်” ဟု ၎င်းကဆိုသည်။
တချိန်တည်းတွင်ပင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး တရုတ်နိုင်ငံနယ်စပ် လေချန်းခရိုင်သို့ ရောက်ရှိနေသည့် ကုန်ကြမ်းမြို့ နယ်မှ ပညာရေးဝန်ထမ်း ၃၁ ဦးကို နယ်စပ်ဂိတ်ချင်းရွှေဟော်၌ လွှဲပြောင်းပေးအပ်ရန် နှစ်နိုင်ငံအာဏာပိုင်များ ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ကျောင်းဆရာ၊ ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်း ၃၁ ဦးမှာ ကုန်ကြမ်းမြို့နယ်၊ ရှင်ဖျင်ကိုင်းကျေးရွာမှ မော်ထိုက်မြို့နယ်ခွဲကို ဖြတ်ကျော် ကာ တရုတ်နိုင်ငံနယ်စပ် ဟုံအိုင်နယ်စပ်ဂိတ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းဂိတ်မှတဆင့် တရုတ်နိုင်ငံအတွင်းဖြတ်သန်းပြီး မြန်မာနယ်စပ်ဂိတ်ချင်းရွှေဟော်အနီးရှိ တရုတ်နယ်စပ် လေချန်း ခရိုင်သို့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် ရောက်ရှိလာကြောင်း၊ ၎င်းတို့ကို တရုတ်အာဏာပိုင်များက ကူညီစောင့် ရှောက်ထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကယ်ဆယ်ရေးသမားတဦးက ဧရာဝတီကို ပြောကြားသည်။
“တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေကို ရှောင်ကွင်းလာပြီး တရုတ်နိုင်ငံထဲကနေ ဒီချင်းရွှေဟော်ဖက်ကို ပြန်ထွက်တာပါ” ဟု ၎င်းကဆိုသည်။
ယင်းဒုက္ခသည်များကို အမှတ်(၆)နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်ရေး ချင်းရွှေဟော်နယ်စပ်စစ်ဆေး ရေးစခန်း(မကဖ)နှင့် တရုတ်နိုင်ငံ ပြည်ပဆက်ဆံရေးဌာနတို့ ဆက်သွယ်ညှိနှိုင်းပြီး ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။
နှစ်နိုင်ငံဆက်ဆံရေးနည်းလမ်းများနှင့်အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က ကုန်းကြမ်းမြို့နယ်၊ တာရွှေထန်ကျေးရွာမှ ပညာရေးဝန်ထမ်းများအပါအဝင် ဒုက သည်များ တင်ဆောင်မောင်းနှင်လာသည့်ကား တိမ်းမှောက်ပြီး တာရွှေထန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာမ ၂ ဦးအပါအဝင် လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်နှင့် မော်ထိုက်မြို့နယ်ခွဲတို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ကျောင်းဆရာ၊ ဆရာမအပါအဝင် ပညာရေးဝန်ထမ်း ၅၁၄ ဦးမှာ လက်ရှိ လားရှိူးမြို့ရှိ အမှတ်(၁)အထက်တန်းကျောင်း တွင် ခိုလှုံလျက်ရှိသည်။
တိုက်ပွဲများ အရှိန်အဟုန်မြင့်လာသဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်၌ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီး လောက်ကိုင်မြို့ တွင်း ပိတ်မိနေသောဒုက္ခသည်များကို ကူညီနေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ယမန်နေ့တွင် ရပ်ဆိုင်းလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မြို့၌ ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သားများကို လားရှိူးမြို့သို့ တင် ဆောင်လာသည့် အပြာရောင်ကျောက်သယ်ကား ၂ စီးမှာ ချင်းရွှေဟော်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ လုံထန်ကျေးရွာအနီး တွင် ပစ်ခတ်ခံရပြီး ရွေ့ပြောင်းလုပ်သား ၁ ဦးသေဆုံးပြီး ကြက်ခြေနီ ၂ ဦးအပါအဝင် လူ ၃ ဦးဒဏ်ရာရရှိခဲ့သည်။