ငလျင်ဇုန်အတွင်း ကျရောက်နေသည့် ရန်ကုန်မြို့အတွက် ငလျင်အန္တရာယ် ဆန်းစစ်ချက် ကို ယခုနှစ်မှ စတင်၍ တနှစ် အချိန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သည် ယခုနှစ်ပိုင်းများအတွင်း လူဦးရေနှင့်စီးပွားရေး အခြေအနေများ လျင်မြန်စွာတိုးတက်လာပြီး အထပ်မြင့် အဆောက် အအုံ များပြားလာကြောင်း၊ ငလျင် ဖြစ်ပွားပါက ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် ယင်းဆန်းစစ်ချက်ကို စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့ ငလျင်အန္တရာယ် ဆန်းစစ် ချက် အစီအစဉ် ဖွင့်ပွဲအခမ်းအနားတွင် European Commission Humanitarian Aid and Civil Protection (ECHO Myanmar) မှ ညွှန်ကြားရေးမှူးချုပ် နီကိုးလပ်စ် လူးဝစ် (Nicolas Louis) က ပြောသည်။
အထက်ပါ အစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် အခြားသော နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ၏ အကူ အညီ ကိုရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ထိုရန်ကုန် ငလျင် အန္တရာယ် ဆန်းစစ်ချက် အတွက် ECHO Myanmar ၏ လက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေး ပူးပေါင်းအဖွဲ့ (Myanmar Consortium for Community Resilience – MCCR) နှင့် ကုလ သမဂ္ဂ မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် (UN – Habitat) တို့က ငွေကြေးထောက်ပံ့မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကို ငလျင်နှင့် ပတ်သက်၍ အားပျော့ဇုန်၊ အားသင့်တင့်ဇုန်၊ အားကောင်းဇုန်၊ အားပြင်းဇုန်နှင့် ပျက်စီးမှုများဇုန် ဟူ၍ ငလျင်ဇုန်ကြီး (၅) ခုဖြင့် ခွဲခြားသတ်မှတ်ထားပြီး ရန်ကုန်မြို့သည် အားသင့်တင့်နှင့် အားကောင်းဇုန် ဝန်းကျင်တွင် ကျရောက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ မြေငလျင် ပညာရှင်များနှင့် ဘူမိဗေဒ ပညာရှင်များက ပြောသည်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက “မြို့ရဲ့ ငလျင်လှိုင်းလာရင် ဘယ်လိုတုံ့ပြန်မှုရှိမလဲ ဆိုတာကို လေ့လာ နေတယ်။ တဖက်မှာလည်း ဘယ်နေရာတွေဟာ ဘယ်လောက်ပမာဏ လှုပ်နိုင်သလဲဆိုတာကိုလည်း ကွင်းဆင်းပြီးတော့ လုပ်တာ တွေ ရှိတယ်။ မြောင်းတွေ၊ တွင်းတွေတူးပြီးတော့ လေ့လာတာတွေ ရှိတယ်။ အဲဒါတွေ အားလုံးပေါင်းလိုက်ပြီးတော့မှ ငလျင်အန္တ
ရာယ် ဘယ်လောက်ရှိတယ်။ ဘယ်နေရာမှာတော့ ဘယ်လောက် ထိခိုက်ခံရနိုင်တယ် ဆိုတာကို ထွက်လာအောင်ပါ”ဟု ပြော သည်။
ထို့အပြင် ရန်ကုန်မြို့အတွင်း ဆောက်လုပ်ပြီးနှင့် ထပ်မံဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများကို မြေငလျင် ခံနိုင်ရည် စွမ်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပိုမိုကြပ်မတ် ဆောင်ရွက်သွားနိုင်ရန် အတွက် တိကျသည့် ငလျင်အန္တရာယ် ဆန်းစစ်ချက်များ ရရှိရန် လိုအပ်သည်ဟုလည်း သူကဆက် ပြောသည်။
မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာ မျိုးသန့် ကလည်း ဆန်းစစ်ချက် လုပ် ငန်းစဉ်များမှ ရရှိလာသော ရလဒ်များကို ဥပဒေပြု အဖွဲ့အစည်းများ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ စသည့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ရန်ကုန်မြို့အတွက် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် အကျိုးရှိရှိ သိရှိ အသုံးချနိုင်ရေး ဆောင်ရွက်ရန်သည် အင်မတန် အရေးကြီးကြောင်း ပြောဆိုသည်။
“လုပ်ပြီး ထွက်လာတဲ့ အစီရင်ခံစာကြီးက စာအုပ်စင်ပေါ်မှာပဲ ရှိနေမယ်ဆိုရင် အလုပ်လုပ်တာ အကျိုးမရှိဘူး။ အဲဒီစာအုပ်ကို တကယ့် လက်တွေ့မှာ သုံးမှရမယ်။ အဲဒီလို သုံးဖို့ သက်ဆိုင်ရာ အစိုးရဌာန အဆင့်ဆင့်က အာဏာရှိသူတွေဆီရောက်မှ ဥပဒေ သက်ရောက်မှု ဆိုတာ ရှိလာမယ်။ အဲဒီလို ဥပဒေ သက်ရောက်မှုဆိုတာ မရှိ လာရင်လည်း ဘာမှ အသုံးမဝင်ဘူး”ဟု ၎င်းက ဧရာဝတီကို ပြောသည်။
ငလျင်အန္တရာယ် ဆန်းစစ်ချက် ထွက်ရှိလာပါက ရန်ကုန်မြို့တွင်း ငလျင်အန္တရာယ် ကျရောက်နိုင်မှု အလားအလာ များပြားသည့် နေ ရာများတွင် နေထိုင်သူ ပြည်သူများအား မြေငလျင်ဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ထိရောက် နိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာ မျိုးသန့်က ဆိုသည်။
ငလျင်အန္တရာယ် ဆန်းစစ်ချက်နှင့် ပတ်သက်ပြီး ပဲခူး၊ စစ်ကိုင်း၊ တောင်ငူမြို့များတွင်လည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း UN – Habitat မှ သိရှိရသည်။
ယခုလက်ရှိအထိ မြန်မာနိုင်ငံတွင် ငလျင်ပြင်းအားပမာဏ ရစ်ချက်စတာ စကေး ၇ ထက်ပိုသော ငလျင်များ ၁၉ ခုထက်မနည်း ဖြစ် ပွားခဲ့ပြီး ကမ္ဘာ့ငလျင်ကြောကြီး နှစ်ခု အနက်မှ တခုအပေါ်တွင် တည်ရှိနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ငလျင်ဒဏ်ကို အထိုက်အလျောက်ခံစားရသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ရှမ်း ပြည် နယ် အရှေ့ပိုင်း တာလေမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်များတွင် ငလျင်လှုပ်ခတ်မှုများကြောင့် အသေအပျောက်များရှိခဲ့သည်။