ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင် ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရနှင့် ကိုးကန့် အဖွဲ့တို့အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြသည်။
လောက်ကိုင် တိုက်ပွဲများ၌ အရပ်သားများ ရာနှင့်ချီ၍ သေဆုံးကြောင်း၊ ထိုသို့ သေဆုံးရခြင်းသည် အစိုးရ တပ်မတော်က ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း လက်နက်ကိုင် တပ်ဖွဲ့များက ပြောဆိုကြသည်။
အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ရေးသားထားရာတွင်မူ ကိုကန့်ဒေသသို့ အနယ်နယ် အရပ်ရပ်က လာရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများကို ကိုးကန့် အဖွဲ့က ယူနီဖောင်းနှင့် လက်နက်များပေးပြီး အစိုးရ စစ်တပ်ကို တိုက်ခိုက်စေကြောင်း၊ အကယ်၍ ငြင်းဆန်ပါက လူရှေ့တွင် ပစ်သတ်ကြောင်း၊ လူတဦးလျှင် ယွမ် ၅၀၀ နှင့် ယာဘဆေးထုတ် ပေးကာ အစိုးရ တပ်များကို ပစ်ခိုင်းစေကြောင်း ရေးသားထားသည်။
ထို့အတူ ကိုးကန့်အဖွဲ့သည် မြို့ပေါ်ရှိ ဈေးဆိုင်များ၊ ချမ်းသာသော နေအိမ်များ၊ လူရှိသော အိမ်များအား ဓားပြဆန်ဆန် လူသတ်၍ လုယက်ခြင်း၊ ဖောက်ထွင်းခြင်းများကို လုပ်ဆောင်ကြောင်းလည်း အစိုးရ သတင်းစာက ဆိုသည်။ ကိုးကန့် MNDAA ဘက်မှ ပြောခွင့်ရသူ ဦးမြတ်ထွန်းလင်းကမူ ပိတ်ထားသည့် ဈေးဆိုင်များအား တပ်မတော်သားများက ဖောက်ထွင်း၍ ပစ္စည်းများကို ယူဆောင်ကြကြောင်း ပြန်လှန် စစ်စွဲပြောဆိုသည်။
လောင်ကိုင် ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အကြား တိုက်ပွဲများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှု တချို့ ရှိသေးကြောင်း ဦးထွန်းမြတ်လင်း က ဧရာဝတီသို့ ပြောသည်။
အစိုးရ တပ်မတော်၏ တပ်မ ၃၃ သည် ဖေဖော်ဝါရီလ ၁၄၊ ၁၅၊ ၁၆ ရက် တို့တွင် လောက်ကိုင်မြို့ပေါ်ရှိ လမ်းများပေါ်တွင် တွေ့သူများအား ပစ်ခတ်ကြောင်း၊ သေဆုံးရ သူများသည် ပြည်သူများသာ ဖြစ်ကြောင်း၊ လမ်းပေါ်တွင် ပစ်သတ်ခံရခြင်းနှင့် မိမိတို့နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရမှုများကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၌ ဓာတ်ပုံ အထောက်အထားများ ရှိကြောင်းလည်း ဦးထွန်းမြတ်လင်းက စွပ်စွဲပြောဆိုသည်။
၎င်းက “ကျနော်တို့မှာ ဓာတ်ပုံ အထောက်အထားတွေ ရှိတဲ့အတွက် ပြောနိုင်တာပါ၊ အလောင်းပုံတွေလည်း အများကြီး ရရှိထားပါတယ်၊ ပြီးခဲ့တဲ့ ရက်ကလည်းပဲ စစ်တပ်က ရွာတရွာကို ဗုံးလာကြဲလို့ သေဆုံးသွားတာတွေ ရှိတယ်” ဟု ဆိုသည်။
အစိုးရ တပ်မတော်နှင့် ကိုးကန့်အဖွဲ့အကြား ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေနှင့် ၁၉ ရက်နေ့ မနေ့ပိုင်းအထိ လောက်ကိုင်မြို့ အနီး၌ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ အရာရှိ ၁ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၈ ၊ ၁၉ ရက် တိုက်ပွဲများ၌ ကိုးကန့် တပ်ဖွဲ့မှ အလောင်း ၂ လောင်း၊ လက်နက်ငယ် ၇ လက် နှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိ ခဲ့ကြောင်း၊ လောက်ကိုင်မြို့ရှိ ကိုးကန့်အဖွဲ့ ခိုအောင်းရာ အဆောက်အအုံအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝင်ရောက် ရှင်းလင်းရာ ကိုးကန့်တပ်ဖွဲ့ဝင် ၂၆ ဦး၏ အလာင်းများနှင့် လက်နက်ခဲယမ်းမျိုးစုံ၊ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများ သိမ်းဆည်း ရမိခဲ့ကြောင်း အစိုးရ သတင်းစာက ဆိုသည်။
MNDAA က ပြောဆိုရာတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၀ ရက်ထိ တိုက်ပွဲများ အကြား၌ ကိုးကန့်တပ်ဖွဲ့မှ သေဆုံသူ ၅ ဦး ရှိပြီး၊ ဒဏ်ရာ ရရှိသူ ၉ ဦးသာ ရှိသည်ဟု ဆိုသည်။ ထို့အတူ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် မော်တော်ယာဉ်တန်းကို ပစ်ခတ်မှုသည်လည်း ၎င်းတို့အဖွဲ့၏ လက်ချက် မဟုတ်ကြောင်း၊ ထိုနေရာသည် အစိုးရ စစ်တပ်က ထိန်းချုပ်ရာ နယ်မြေသာ ဖြစ်ကြောင်းလည်း MNDAA က သတင်းထုတ်ပြန်ထားသည်။
လောက်ကိုင်ဒေသ တိုက်ပွဲများ၌ ကိုးကန့် MNDAA တပ်ဖွဲ့ အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ SSA (ဝမ်ဟိုင်း) တပ် တို့က ပါဝင် တိုက်ခိုက်ကြကြောင်း အစိုးရက ထုတ်ပြန်ထားသော်လည်း KIA နှင့် SSA တို့ကမူ ၎င်းတို့ ပါဝင်မှု မရှိကြောင်း ငြင်းဆိုထားကြသည်။
အစိုးရ တပ်မတော်အနေဖြင့် လောက်ကိုင် နယ်မြေ၌ လုံခြုံမှုရရှိကာ တည်ငြိမ်အေးချမ်းသည်အထိ လိုအပ်သော အင်အားကို အသုံးပြု၍ တိုက်ခိုက် ရှင်းလင်းသွားမည် ဖြစ်ကြောင်းလည်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ ထိုနယ်မြေများ၌ ယခုအခါ စစ်အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်နေပြီ ဖြစ်သည်။
အစိုးရ တပ်မတော်နှင့် MNDAA တို့ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အစိုးရ တပ်မတော်မှ တပ်မတော်သား ၅၀ ကျော်နှင့် ဒဏ်ရာရသူ ရာဂဏန်း ရှိကြောင်း သိရသည်။