မြန်မာနိုင်ငံသား အများအပြား ဝင်ရောက် လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလှေတွေပေါ်မှာ တရားမဝင် လှေလုပ်သား တွေရှိမရှိနဲ့ လှေလုပ်သားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု ရှိမရှိ ဆိုတဲ့ အခြေအနေတွေကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှု စီမံချက်တွေ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ငါးဖမ်းလှေဆိပ်တွေ များတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အတွင်းမှာတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင် စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ အတူလိုက်ပါ ဆောင်ရွက်ခဲ့တဲ့ ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (FED) အဖွဲ့က ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းကတော့ တရားဝင် စီမံချက်ချထားတာ မရှိတော့ ရေတပ်တွေက ဝင်စစ်တာမျိုးဆိုရင် လှေတွေက သေနတ်နဲ့ ပြန်ပစ်တာမျိုး ရှိတယ်။ အခုကတော့ အစိုးရက တရားဝင် ကြေညာပြီး ပင်လယ်ထဲအထိ လိုက်ပြီး ရှောင်တခင်ဝင်စစ်တာ” လို့ စစ်ဆေးမှုမှာ ကိုယ်တိုင်လိုက်ပါ ခဲ့တဲ့ FED အဖွဲ့က ကိုမိုးဝေက ပြောပါတယ်။
ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့ ပူးပေါင်း အဖွဲ့တွေထဲမှာ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ အလုပ်သမားရေးရာ ကာကွယ်ရေးအဖွဲ့၊ အလုပ်အကိုင် ရှာဖွေပေးရေး အဖွဲ့တွေ ပါဝင်ကြောင်းလည်း သိရပါတယ်။
အဓိက စစ်ဆေးမှုတွေ ပြုလုပ်တာကတော့ ငါးဖမ်းလှေတွေပေါ်မှာ တရားမဝင်အလုပ်သမား ခိုင်းစေမှု၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လှေလုပ်သားတွေ ရှိမရှိနဲ့ လှေလုပ်သားတွေ အနေနဲ့ လုပ်အားခလစာ အပြည့်အဝ ခံစားခွင့်ရှိမရှိ စစ်ဆေးတာလို့ ဆိုပါတယ်။
“ကျနော်တို့ ပင်လယ်ထဲကို ကွင်းဆင်းစစ်တဲ့ အခါ လှေသုံးစီးထဲက ၂ စီးမှာ တရားမဝင် အလုပ်သမား ၃ ယောက် တွေ့တယ်။ နောက် ခံစားခွင့်လစာ နည်းတာတွေ တွေ့တယ်။ အသက်မပြည့်တာတော့ မတွေ့ဘူး။ တော်တော်များများက ၁၉ နှစ်ကနေ အသက် ၅၀ လောက်အထိ ရှိကြတယ်။ အများစုက မြန်မာနိုင်ငံသားတွေ” လို့ ကိုမိုးဝေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတဦး လုပ်အားခ တရားဝင် သတ်မှတ်နှုန်းဟာ ဘတ် ၃၀၀ (မြန်မာကျပ် ၁ သောင်းခန့်) ဖြစ်ပြီး လှေလုပ်သား တချို့ဟာ တလကို လုပ်အားခ ဘတ် ၆ ထောင်သာ ရရှိတယ်လို့ သိရပါတယ်။
ရှောင်တခင် ဝင်ရောက် စစ်ဆေးတဲ့ ပူးပေါင်းအဖွဲ့တွေအနေနဲ့ လုပ်ငန်းရှင်တွေကို လုပ်အားခ ခံစားခွင့် အပြည့်ပေးဖို့နဲ့ တရားမဝင် အလုပ်သမားတွေကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားတွေ ပြုလုပ်ပေးဖို့ လှေလုပ်ငန်းရှင် တွေကို သတိပေး ဆွေးနွေးပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖူးခက်၊ ထရန်၊ စူလ၊ ဘန့်ဒွန်၊ နခွန်၊ စိန်ချွန်နဲ့ ချုံဖော် စတဲ့ လှေဆိပ်တွေရှိပြီး လှေဆိပ် တခုမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အနည်းဆုံး ၁ သောင်းကျော် လုပ်ကိုင်နေတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီလှေဆိပ်တွေ အပါအဝင် ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ ငါးဖမ်းလှေတွေအားလုံးဟာ ဒီလက စပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအက ပင်လယ်ပြင် ငါးဖမ်းလှေတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုတွေပြုလုပ်နေတဲ့ စီမံချက်နဲ့ ပတ်သက်ပြီး မြန်မာသံရုံးက မသိရှိသေးကြောင်း၊ ဒါပေမယ့်လည်း ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရက ချမှတ်တဲ့ စည်းမျဉ်း ဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့လိုကြောင်း ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာနိုင်ငံကနေ ရောင်းစားခံရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းနိုင်ငံက ငါးဖမ်း လှေတွေပေါ်မှာ တရားမဝင် ရောင်းစားခံခဲ့ကြရပြီး လုပ်ခ လစာမရတဲ့ အပြင် အသက်သေဆုံးမှုတွေ ပါရှိကြောင်း မြန်မာအစိုးရ အနေနဲ့ ထိရောက်တဲ့ လိုက်ပါ ဆောင်ရွက်မှုတွေ မရှိပေမယ့် ထိုင်းအစိုးရ အနေနဲ့ အခုလို စီမံချက်ချ ဆောင်ရွက်မှုတွေ အပေါ်မှာ ရွှေ့ပြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ကြိုဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စားဝတ်နေရေး ကြပ်တည်းမှုနဲ့ သင်တင့်မျှတတဲ့ ဝင်ငွေရရှိမယ့် အလုပ်အကိုင် ရှားပါးမှု တို့ကြောင့် ထိုင်းနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမား စုစုပေါင်း သုံးသန်းကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။