၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်ပေါင်း ၃၂၆ ခုတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် အားလုံး ဖွဲ့စည်းပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့၏ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ဖေဖော်ဝါရီလအတွင်းက လွှတ်တော် တွင် မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက“၂၀၁၀ တုန်းကဆိုရင်တော့ ကြိုတင်မဲပေးစနစ်က အရမ်းကို ရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ ဒါကြောင့် အခု ၂၀၁၅ မှာ ဒီလိုထပ် မဖြစ်ရအောင် မေးမြန်းခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ရှမ်းပြည်နယ် ပန်ဆိုင်း၊ နားပန်၊ ပန်လိုင် နှင့် မန်းမော မြို့နယ်များမှ အပ ရွေးကောက်ပွဲ ကျင်းပမည့် ၃၂၆ မြို့နယ် အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အားလုံးကို ပြည့်စုံစွာ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ စုစုပေါင်း ရပ် ကွက်နှင့် ကျေးရွာ ကော်မရှင် အဖွဲ့ခွဲပေါင်း ၁၅၇၈၀ ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လည်း လွှတ်တော်တွင် ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာသော ကြိုတင် မဲပေးစနစ်ကျင့်သုံးရန် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်း ဥပဒေ များတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းပြဌာန်းထားကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့် ဆင့်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသို့လည်း ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းများ ပို့ချသည့်အခါ ကြိုတင် မဲစနစ်နှင့်ပတ်သက်၍ ထည့်သွင်း ပညာပေးသွားမည် ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။
ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးသန်းထွန်းအောင်က“မဲစာရင်း ပြုစုတာက ဇန်နဝါရီ လကုန် ခါနီးလောက်မှာ ပြီးသွားတယ်။ အခုတော့ လက်ရှိမြေပြင်မှာနဲ့ စာရွက်ပေါ်ကဟာတွေ မှန်မမှန်ကို ရပ်/ကျေး ကော်မရှင်တွေနဲ့ ပြန် စစ် နေတယ်။ နောက်ပြီးတော့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ကြေညက်အောင် ရပ်/ကျေး ကော်မရှင်ရော၊ မြို့နယ် ကော်မရှင်ရော Work shop လို သဘောမျိုး လုပ်ဖို့တော့ စီစဉ်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံး အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်း ပထမအဆင့်ကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တနိုင်ငံလုံးအနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အပြီးဆောင်ရွက်ရန် လျာထားသည်ဟုလည်း ဆို သည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ၌ မကျင်းပပေးနိုင်ခဲ့သည့် နေရာများတွင် တည်ငြိမ် အေးချမ်းပြီး လုံခြုံရေးအရ စိတ်ချရမည်ဆိုပါက ရွေးကောက်ပွဲများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက“၂၀၁၅ ရွေးကောက်ပွဲက အရမ်း အရေးကြီးတယ်။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ မဲဆန္ဒနယ်အားလုံးမှာ ကျင်းပပေးနိုင်သလို ကချင်ပြည်နယ်မှာလည်း မဲဆန္ဒနယ် အားလုံးကို ကျင်းပပေးစေချင်တယ်။ လုံခြုံရေးအားနည်းလို့ မကျင်းပနိုင်ဘူး ဆိုရင်တောင်မှ သေချာ စိစစ်ပြီးမှ ဆုံးဖြတ်စေချင်တယ်။ လုံခြုံမှုမရှိဘူး ဆိုတာ လည်း အခုအချိန်မှာ ဒီလောက်ကြီး ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ စေ့စပ် ဆွေးနွေးပွဲတွေလည်း ဆက်လက်လုပ်ဆောင်နေတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် ၂ နှင့် ဆွမ်ပရာဘွန် မြို့နယ် မဲဆန္ဒနယ် ၂ တို့တွင် လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့တွင် လည်းကောင်း ရွေးကောက်ပွဲ မပြုလုပ်ခဲ့ပေ။
၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်တွင် ကျင်းပပေး မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။