၂၀၁၅၊ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ ကျရောက်ခဲ့ပါပြီ။ ဗိုလ်ချုပ်သာ ရှိဦးမယ် ဆိုရင်ဖြင့် အသက် ၁၀၀ ပြည့်မယ့်နေ့ ပေါ့။ လူ့သက်တမ်း ၁၀၀ လို့ ဆိုပေမယ့် လူ့လောကမှာ အသက် ၁၀၀ ရယ်လို့ နေရတဲ့သူ ဆိုတာ အင်မတန် ရှားပါတယ်။ သက်တမ်း နှစ် ၁၀၀ နေရဖို့ ခဲယဉ်း တဲ့အထဲမှာမှ ပိုခဲယဉ်းတာကတော့ သေလွန်သွားတဲ့ လူတယောက်ကို လူများစွာက နှစ်ပေါင်းများစွာ ကြည်ညိုနေဖို့၊ လေးစားနေဖို့၊ သတိရနေဖို့ ဆိုတဲ့ ကိစ္စပါပဲ။
ဒါကြောင့်လည်း “သေသောသူ ကြာရင်မေ့” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာရတာပဲ ပေါ့။ သေသောသူကို ကြာရင်မေ့ ဆိုပေမယ့် လူ့လောက အသိုင်းဝိုင်းက မမေ့နိုင်တဲ့သူတွေလည်း ရှိပါတယ်။ အကြောင်းများစွာနဲ့ မမေ့နိုင်သူတွေထဲမှာမှ သေသူကို မုန်းလို့၊ ရွံလို့၊ စိတ်နာလို့ မမေ့နိုင်သူတွေ များလှပေမယ့် ကြည်ညို လွမ်း ဆွွတ်စွာ၊ အတုယူအားကျစွာနဲ့ မမေ့ မလျော့နိုင် ဖြစ်ရတဲ့ သူကတော့ ဒီကမ္ဘာမှာ သိပ်ကိုမှ နည်းလွန်း လှပါတယ်။ လူတွေရင်ထဲမှာ ကြည်ညိုလို့၊ ဂုဏ်ယူလို့၊ အားကျလို့၊ ချစ်လို့ မမေ့နိုင်တဲ့ လူအနည်းစုထဲမှာ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်း ပါပါတယ်။
ဗိုလ်ချုပ်ကို ကျမတို့ ဘာလို့မမေ့သလဲ၊ ဘယ်လို အရာတွေကို မမေ့သလဲလို့ ပြန်စဉ်းစားကြည့်ရင် ကျန်တဲ့ ဂုဏ်ပုဒ်တွေ ကို ဖယ်ထားလိုက်ဦး သူ့ရဲ့ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့ စိတ်ကိုပဲ ကျမတို့ မမေ့ကြတာပါ။ သူ အင်မတန် ရိုးတယ်၊ အင်မတန် ဖြောင့်တယ်လို့ သမိုင်းမှာ နာမည်ကျော်ပါတယ်။ ဒါဟာ သူ့ရဲ့ အထူးခြားဆုံး ဂုဏ်ပုဒ်ပါ။ ဗိုလ်ချုပ် တယောက် အနေနဲ့ တပ်တွင်းမှာ အာဏာရှိသူ တယောက်အနေနဲ့၊ တတိုင်းတပြည် လုံးက အားထားရသူ တယောက် အနေနဲ့ နေခဲ့ရတာတောင်မှ ရိုးဂုဏ်ကို တချက်လေးမှ အပွန်းမခံခဲ့တာဟာ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့ ရိုးသားမှု၊ ဗိုလ်ချုပ်ရဲ့ ဖြောင့်မတ်မှု၊ ဗိုလ်ချုပ်ရဲ့ တာဝန်ယူတတ်မှုတွေကို စာအုပ်တွေထဲမှာ ကျမ ဖတ်ခဲ့ရ တိုင်း ဗိုလ်ချုပ်အမေ ဒေါ်စုကို ကျမ စိတ်ဝင်စားမိရတယ်။ အဖွားစု ဘယ်လိုများ သူ့သားလေးကို ထိန်းကျောင်းပြုစု ခဲ့ပါလိ့မ် ပေါ့။ ကျမဟာ ဗိုလ်ချုပ်လောင်းလျာလေး မောင်ထိန်လင်းဘဝမှာကတည်းက မောင်ထိန်လင်းလေး မတရား မလုပ်ချင်တာ၊ မောင်ထိန်လင်းလေး ဖြောင့်မတ်တာ၊ မောင်ထိန်လင်းလေး ဆင်းရဲသားတွေဘက်က၊ အားနည်းသူ ဘက်က ကူညီချင်တာတွေကို ဖတ်ရတိုင်းမှာပဲ ကျမတို့နိုင်ငံမှာ မောင်ထိန်လင်းလေးတွေ များစေချင်ပါတယ်။ မောင်ထိန်လင်းလေးတွေသာ များလာမယ် ဆိုရင်ဖြင့် ကျမတို့ လူမှုအဖွဲ့စည်းကြီး တခုလုံး ပြောင်းလဲသွားမှာပဲ လို့လည်း တွေးမိပါတယ်။
တကယ်တော့ မောင်ထိန်လင်းလေးတွေ ဖြစ်လာအောင်လို့ ကလေးတွေကို ငယ်ငယ်ကတည်းက ကျမတို့ လေ့ကျင့် ပေးလို့ ရပါတယ်။ ရိုးသားဖြောင့်မတ်တဲ့ ကလေးတွေ ဖြစ်စေဖို့ အတွက် အရေးကြီးဆုံး အရာက တော့ ကလေးများ လိမ် မပြောတတ်ဖို့ပါပဲ။
လိမ် မပြောတတ်တဲ့ ကလေးတွေ ဖြစ်ဖို့ အတွက် အရေးကြီးဆုံးလူကတော့ မိဘတွေပဲ ဖြစ်ပါတယ်။
ကလေးတို့ဟာ ရှေ့က လူကြီးတွေ လုပ်တာ မှန်သမျှကို အတုခိုးပြီးတော့ လိုက်လုပ်တတ်ကြသူများ မို့လို့ ကလေးရှေ့မှာ လူကြီးက လိမ် မပြောမိဖို့ သိပ်ကို အရေးကြီးပါတယ်။ တယ်လီဖုန်း လာတဲ့ အချိန်မှာ “ဖေဖေမရှိဘူး ပြောလိုက်” ဆိုပြီးတော့ ကလေးကို ပြောခိုင်းတာမျိုးက အစ မိဘများအနေနဲ့ ဆင်ခြင်ကြရမှာ ပါ။
ဖေဖေ မသိစေနဲ့၊ မင်းမေမေ မသိစေနဲ့နော်၊ မင်းတို့ အဖွားကို လုံးဝသွားမပြောနဲ့ စတဲ့ ကိုယ်မသိစေချင်၊ ကိုယ် ခိုးဝှက် လုပ်ထားတဲ့ အမှုတွေကို ကလေးတို့ကို နှုတ်ပိတ်တဲ့ အပြုအမူမျိုးကို တချို့မိဘများ လုပ်လေ့ ရှိပါတယ်။ ဒီလို လုပ်ခြင်းဟာ ကလေးတို့ကို သွယ်ဝိုက်ပြီးတော့ လိမ်ညာခိုင်းတာနဲ့ အတူတူပါပဲ။ ကလေးတို့အတွက် အင်မတန်မှ စိတ် အဆိပ်သင့်စေတဲ့ ပြောနည်းများပါပဲ။
ကလေးတို့ မှန်တာကို လုပ်ရဲအောင် လုပ်ဝံ့အောင်လို့ ကလေး အမှန်ပြောတိုင်းမှာ ကလေးကို အပြစ်တင် ဆူပူတာမျိုး လုံး၀ မလုပ်ရပါဘူး။ အမှန်တရားကို ချစ်ရမယ် လို့ ပါးစပ်က ပြောနေတာနဲ့ စာရင် လူကြီး ကိုယ်တိုင်က အမှန်တရားကို ကလေးရှေ့မှာ ချစ်ပြရပါမယ်။ စည်းကမ်းကို လိုက်နာရပါမယ်။ ဥပဒေကို လေးစားတတ်ရပါမယ်။
ကျမတို့ နိုင်ငံမှာ ဥပဒေရဲ့ အထက်မှာ အရာများစွာ ရှိနေကြပါတယ်။ ဒါကို ကလေးတို့ဟာ အရွယ် မတိုင် ခင်မှာ ကတည်းက မြင်ခြင်းအားဖြင့် လည်းကောင်း၊ ကြားခြင်းအားဖြင့် လည်းကောင်း သင်ကြားခွင့် ရနေ ကြပါတယ်။
ဥပမာ- ကားကို ရဲက ဖမ်းတယ် ဆိုပါတော့။ လိုင်စင်မသိမ်းအောင်လို့ ရဲကို ပိုက်ဆံပေး လာဘ်ထိုးလိုက်တဲ့ ကိစ္စမျိုးကအစ တော်တော်များများ အရာတွေကို ငွေကြေးအင်အား၊ အသိအကျွမ်းအင်အား၊ အာဏာအင် အားနဲ့ ဥပဒေရဲ့ အထက်ကနေ ဖြေရှင်းလို့ ရနေပါသေးတယ်။
ဒီအမြင်မျိုးကို ငယ်ငယ်ကတည်းက ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ ကလေးတယောက်ဟာ တင်းပြည့် ကျပ်ပြည့် ရိုးသားနိုင်ဖို့ အတွက် တော်တော်ပဲ ခက်ခဲသွားရပါပြီ။ သူတို့ မျက်လုံးထဲမှာ မရိုးသားတာ၊ မတရားတာ လုပ်တာကအစ လာဘ်ပေးတာ၊ လာဘ်ယူတာ ဒါတွေဟာ ရှက်စရာ မဟုတ်ဘူး။ သာမာန် လုပ်ရိုးလုပ်စဉ် ကိစ္စများပဲလို့ ထင်သွားနိုင် ပါတယ်။
ဗိုလ်ချုပ်ရဲ့ စိတ်မျိုးကို ကလေးတို့ရင်ထဲမှာ ကိန်းစေဖု့ိ ဆိုရင်တော့ အိမ်မှာ၊ ကျောင်းမှာ ကလေးတို့နဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ လူကြီးမှန်သမျှ ကလေးတို့နဲ့ ဆက်ဆံတဲ့အချိန်မှာ ရိုးသားဖြူစင်ဖို့ လိုပါတယ်။
ကျမတို့ဟာ ကလေးတွေရှေ့မှာ ကလေးတွေပဲ ဘာနားလည်မှာလဲ လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် လည်း ကလေး ရှေ့မှာ သိပ်ဂရုမစိုက်ကြပါဘူး။ လိမ်ညာတာတွေ၊ ကောက်ကျစ်တာတွေ၊ ကွယ်ဝှက်တာတွေ ကိုလည်း ကလေးရှေ့မှာပဲ လုပ်မိလိုက်ကြပါတယ်။ အမှန်တော့ ဒါဟာ တော်တော် မလုပ်သင့်တဲ့ အရာပါ။
လူကြီးတော်တော်များများဟာ ကလေးတို့ကို ကတိစကားတွေလည်း လွယ်လွယ် ပေးတတ်ကြပါသေးတယ်။ ဘယ်နေ့ တိရစ္ဆာန်ရုံလိုက်ပို့မယ်၊ ကစားကွင်းသွားကြမယ် လို့ ပြောပြီး မလိုက်ပို့ဖြစ်တာ၊ အလုပ်များလို့ မသွားဖြစ်တာတွေနဲ့ ကတိပျက်ကြတော့တာပါပဲ။
ဒီလို ကတိပျက်လိုက်တဲ့အခါ ကလေးတို့ကို နောက်တကြိမ် ကစားကွင်းလိုက်ပို့လို့၊ တိရစ္ဆာန်ရုံ လိုက်ပို့လို့ ရတာ မှန်ပေမယ့် ကတိဆိုတာ ပေးပြီးရင် လွယ်လွယ်ဖျက်လို့ ရတာပဲလို့ ကလေးတို့ သင်ယူသွားနိုင်တာမို့လို့ မိဘများ ဆင်ခြင်ရမယ့် အရာပါ။
ကတိဆိုတာ ပေးပြီးရင် တည်ရပါတယ်။ ကိုယ့်ပါးစပ်က ပြောလိုက်တဲ့ စကားတခွန်းဟာ ကလေးကို ပြော လိုက်တာ ဆိုပေမယ့် ပြောသူဟာ ကိုယ်ကိုယ်တိုင်ပဲ မို့လို့ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့အနေနဲ့ ကတိတည်ရ ပါတယ်။
ကိစ္စတခုကို ဖြေရှင်းတဲ့နေရာမှာ လွယ်လွယ်နဲ့ ပြီးပြီးရော ပြောချလိုက်တဲ့ အကျင့်မျိုးကို ကလေးတို့ အတုခိုး မမှားရအောင်၊ ကိုယ့်ရဲ့ နှုတ်ထွက်စကားနဲ့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင်လို့ ကလေးတို့ကို ကတိ လွယ်လွယ် မပေးရပါဘူး။
တကယ်လို့ လူကြီးက အလုပ်များတတ်သူမျိုး ဆိုရင် “သားရေ ဖေဖေ ဒီ စနေ အားရင်တော့ ကစားကွင်း လိုက်ပို့ပေးမယ်။ မအားရင်တော့ မပို့နိုင်ဘူး။ ကြိုးစားကြည့်ပေးမယ် နော်” ဆိုတာမျိုးပဲ ပြောထားရမှာပါ။ “အေး လိုက်ပို့ပေးမယ်” လို့ ပြောလိုက်မိပြီ ဆိုရင်တော့ တကယ်ကို လိုက်ပို့ပေးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
ကျမတို့ဟာ ဗိုလ်ချုပ်ကို လေးစားကြပါတယ်။ ဗိုလ်ချုပ်စိတ်ဓာတ်ကို ကြည်ညိုကြပါတယ်။ တကယ်တော့ ဗိုလ်ချုပ် အောင်ဆန်းဟာ ကျမတို့ရဲ့ အတုခိုးအားကျစရာ စိတ်ဓာတ်ပိုင်ရှင်ပါ။ ကိုးကွယ်စရာ တန်ခိုးရှင် မဟုတ်ပါဘူး။
ဗိုလ်ချုပ်ကို တကယ်လေးစား ကြည်ညိုတယ် ဆိုရင်ဖြင့် မောင်ထိန်လင်းလေးတွေကို ကျမတို့ မွေးမြူကြရမှာ ပါ။ မောင်ထိန်လင်းလေးတွေ များလာပြီ ဆိုရင်ဖြင့် ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့၊ တည့်တည့်ပြော တည့်တည့် တွေးတတ်တဲ့ နိုင်ငံသားကောင်းတွေလည်း များလာမှာပါပဲ။ ရိုးသားဖြောင့်မတ်သူ၊ မဟုတ်တာ လုပ်ဖို့ ရှက်သူ၊ အားနည်းသူကို ညှာတာတတ်သူ၊ လူပီသသူ လူကလေးများ များလာပြီ ဆိုရင်တော့ ကျမတို့ နိုင်ငံလည်း ပြောင်းလာမှာ အမှန်ပါပဲ။
မောင်ထိန်လင်းလေးတွေ မွေးဖွားဖို့၊ မောင်ထိန်လင်းလေးတွေ ပေါ်လာဖို့ ဆိုတဲ့ ကိစ္စကတော့ ကလေးများနဲ့ နီးစပ်သူ လူကြီး၊ မိဘများ အားလုံးမှာ တာဝန် ရှိပါတယ်။ ဒါကြောင့်မို့လို့ အနာဂတ်မှာ ရိုးသားဖြောင့်မတ်တဲ့၊ စာနာ ညှာတာ တတ်တဲ့၊ ကိုယ်ချင်းစာတရားရှိတဲ့ ဒေါင်ဒေါင်မြည် မောင်ထိန်လင်းလေးတွေ များလာစေဖို့ အတွက် ကလေးများနဲ့ နီးစပ်သူ ဆရာ ဆရာမများ၊ မိဘဆွေမျိုးများ အနေနဲ့ ကူညီလေ့ကျင့်ပေးကြပါဦး။
ဒီဆောင်းပါးနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုလိုက်ပါတယ်။ ။