ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန် နယ်မြေအတွင်းရှိ အခြေခံ လစာ တိုးမြင့်ပေးရေး ဆန္ဒပြ တောင်းဆို နေကြသည့် အလုပ်သမား သပိတ်စခန်းတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များနှင့် စက်ရုံ အလုပ်သမားများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့မှုများဖြင့် သပိတ်အရှိန်မြင့်တက်လျက် ရှိသည်။
ရွှေပြည်သာ စက်မှုဇုန်နယ်မြေ အတွင်းရှိ E, Land Myanmar အထည်ချုပ် စက်ရုံရှေ့တွင် စုပေါင်း ဆန္ဒပြနေသည့် E,land Myanamr အထည်ချုပ်၊ Ford Glory အထည်ချုပ်နှင့် COSTEC International အထည်ချုပ်စက်ရုံများမှ
အလုပ်သမားများနှင့် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အလုပ်သမား ၂ ဦး ဖြစ်သည့် မနှင်းဝေလွင်နှင့် မခင်ခင်ဌေးတို့မှာ နံရိုးကျိုး ဒဏ် ရာ၊ တံတောင်ဆစ်လွဲ ဒဏ်ရာတို့ ရရှိခဲ့ပြီး ဆေးရုံ တင်ထားရကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြော သည်။ ထိုဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများ ရှိခဲ့သည်ဟု သိရသည်။
အလုပ်သမား ၆၀ ကျော်မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ဖမ်းဆီးခံထားရသည့် အထဲတွင် အလုပ်သမား သပိတ် ဦးဆောင်ရေး ကော်မတီမှ ဥက္ကဋ္ဌ ကိုမျိုးမင်းမင်း နှင့် ဘဏ္ဍာရေး တာဝန်ခံ မခင်မျိုးဦးတို့လည်း ပါဝင်သွားကြောင်း သိရပြီး သပိတ်မှောက် ဆန္ဒပြမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ဆန္ဒပြ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ကျော်နိုင်က“ကျနော့်ကို နံပတ်တုတ်နဲ့ ရိုက်တယ်။ သူတို့ ဖမ်းနေတဲ့ ကားပေါ်ဆောင့်တွန်း တင်တယ်။ အပေါ်ရောက်တော့ ကြိုးတုတ်ပြီး တုတ်နဲ့ ရိုက်တယ်။ ဗိုက်တွေကိုလည်း တုတ်နဲ့ရိုက်တယ်။ ကန်တယ်။ ကျနော် အတင်းဆင်းပြေးလာလို့ လွတ်လာတာ”ဟု ဧရာဝတီသို့ ပြောသည်။
ရွှေပြည်သာမြို့နယ် စခန်းမှူး ရဲမှူးသိန်းဝင်းကမူ အခင်းဖြစ်ပွားသည့်နေရာတွင် မရှိသည့်အတွက် ဖြစ်ပွားခဲ့သည့် ကိစ္စ အားလုံးကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက အလုပ်သမားများအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စကို ဧရာဝတီက မေးမြန်းရာတွင်လည်း တစုံတရာ မှတ်ချက်မပေးခဲ့ပေ။
ရဲမှူးသိန်းဝင်းက“ဘယ်သူအရိုက်ခံရလဲ သိချင်ရင် ဆေးရုံသွားကြည့်ပေါ့။ အလုပ်သမားတွေ ထိမထိတော့ မသိဘူး။
ဖြစ်စဉ် ဖြစ်သွားတဲ့ နေရာမှာလည်း ကျနော်မရှိဘူး။ အဲဒီအချိန် တခြားနေရာ ရောက်နေတယ်။ ဒီနေ့ ထပ်ဖမ်းမယ် မဖမ်းဘူး ဆိုတာလည်း အခုချိန်ထိတော့ ဘာမှ မသိရသေးဘူး”ဟု ပြောသည်။
ဆန္ဒပြ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ အခြေခံလစာ တိုးမြင့်ရေး၊ အနည်းဆုံး လုပ်ခလစာ ဥပဒေအမြန်ဆုံး ပေါ်ထွက်နိုင်ရေးနှင့် အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း၍ လုပ်ငန်းရှင်များက အသိအမှတ် ပြုရေးကိစ္စများအတွက် အစိုးရ၊ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ ၄ ကြိမ်တိုင်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ ပြေလည်မှု မရရှိသေး၍ ဖြစ်သည်။
အလုပ်သမားများဘက်က တဦးလျှင် ထပ်တိုး အခြေခံ လစာ ၁၀၀၀ ကျပ် တိုးပေးရန် တောင်းဆိုနေပြီး အလုပ်ရှင် ဘက်မှ အခြေခံလစာ တရက်လျှင် ၄၀၀ ကျပ်သာ တိုးပေးနိုင်မည်ဟု တုန့်ပြန်သဖြင့် ပြဿနာ မပြေလည်ရခြင်း ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က “ကျနော်တို့ အနေနဲ့ အလုပ်သမားတွေနဲ့ အရင်တွေ့ဆုံ မေးမြန်းပါတယ်။ နောက်ပြီး အခု တောင်းဆိုနေကြတဲ့ အလုပ်ရှင်တွေကိုလည်း ခေါ်တွေ့ပြီး သူတို့နှစ်ဘက်ကြား ပေးနိုင်မယ့် လစာနှုန်းကို ညှိပါတယ်။ အခု လက်ရှိအချိန်ထိတော့ ရွှေပြည်သာက COSTEC International, Ford Glory, E, land Myanmar အထည်ချုပ်စက်ရုံနဲ့ လှိုင်သာယာက တိုင်ရီ ဖိနပ် စက်ရုံ တို့လည်း အဆင်မပြေသေးပါဘူး”ဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်းစိန်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးထင်အောင်က အလုပ်ရှင်၊ အလုပ်သမားကြား လုပ်ခလစာ ပြဿနာများ ဖြစ်ပွားနေရခြင်းမှာ အနည်းဆုံး အခကြေးငွေ လုပ်ခလစာ သတ်မှတ်သည့် ဥပဒေ ပြဌာန်းခြင်း မရှိသေးသည့်အတွက်ကြောင့်ဟု သုံးသပ်ပြောဆိုသည်။
သတင်းထောက် မေစစ်ပိုင်နှင့် သူဇာ ပူးပေါင်းရေးသားသည်။