အမျိုးသမီးတွေအပေါ် အနိုင်ကျင့်နေမှုတွေ ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၇ နိုင်ငံမှ လူပေါင်းများစွာက သန်း တထောင်သော အမျိုးသမီးတွေ အတွက် ကခုန်လှုပ်ရှား တောင်းဆိုခဲ့ကြတာဟာ ဒီနှစ်ဆိုရင် ၄ နှစ် ပြည့်ပါပြီ။
ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက အကြမ်း ဖက်မှု၊ အဓမ္မ ပြုကျင့်မှုခံနေရတယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က တရားဝင် ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင်မှာ တဝက်က အမျိုးသမီး ဖြစ်တယ်လို့ ယူဆတွက်ချက်တာ ကြောင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးအရေ အတွက်ဟာ ခန့်မှန်း ကိန်းဂဏန်းအားဖြင့် သန်းတထောင်ရှိပါတယ်။
သန်းတထောင်ထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း အပါအဝင် ဖြစ်ပါတယ်။ အမျိုးသမီးများ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံရမှုတွေဟာ မြင့်တက်လျက်ရှိပြီး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုဟာ ဆိုရင် ၂ ရက်ကို ၁ မှုနှုန်း ဖြစ်ပွားနေတယ် လို့ အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက် နေသူတွေက ပြောပါတယ်။
အဲဒီလို အမျိုးသမီးတွေကို အနိုင်ကျင့်မှုကနေ ရပ်တန့်စေဖို့ ကမ္ဘာ့နိုင်ငံပေါင်းများစွာက လူပေါင်းများစွာဟာ သန်းတထောင်လှုပ်ရှားမှု (One Billion Rising) ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (Valentine’s Day) က စပြီး ကခုန်လှုပ်ရှား တောင်းဆိုခဲ့ကြ ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၇ နိုင်ငံက ပါဝင်လှုပ်ရှားခဲ့ကြပြီး မြန်မာနိုင်ငံကတော့ ၂၀၁၃ ခုနှစ်က စလို့ ပါဝင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄၊ ဖေဖော်ဝါရီ ၁၄ မှာလည်း ကမ္ဘာနဲ့အတူ ပါဝင်လှုပ်ရှား ကခုန် တောင်းဆိုခဲ့ကြ ပါတယ်။
သန်းတထောင် လှုပ်ရှားမှုဟာ အနိုင်ကျင့် အကြမ်းဖက်ခံရမှုတွေကို ငြိမ်ခံမနေတော့ဘဲ ကိုယ်ခံစားနေရတာ တွေကို ကဗျာ၊ အနုပညာ၊ သီချင်း၊ စာသားတွေနဲ့ ထုတ်ဖော်ပြောဆိုတာ ဖြစ်ပြီး အကြမ်းဖက်ခံရတာကို အနုနည်းနဲ့ ပြန်လည် တုံ့ပြန်ပြောဆို တာပဲ ဖြစ်ပါတယ်။
“သန်း ၁ ထောင်သော အမျိုးသမီးတွေ ခံစား နေရတဲ့ ဟာတွေ သက်သာအောင်၊ ဒီလို အကြမ်းဖက်မှု တွေကို ဆက်ပြီး မလုပ်ဖို့၊ ဒါဟာ အကြမ်းဖက်မှု ဖြစ်တယ် ဆိုတာ ပြည်သူလူထုရော၊ ကိုယ်ကိုယ်တိုင်ရော သိနေဖို့၊ လုပ်တဲ့သူလည်း မလုပ်ဖို့၊ အလုပ်ခံရ တဲ့ သူလည်း ခံနေရတယ် ဆိုတာသိပြီး ရုန်းထွက်နိုင်ဖို့ တောင်းဆိုတဲ့နေ့ ဖြစ်သလို ဆန္ဒထုတ်ဖော်တဲ့နေ့လည်း ဖြစ်တယ်။ အမျိုးသမီးတွေ မခံတော့ဘူး လို့ ထပြောတဲ့နေ့လည်း ဖြစ်တယ်” လို့ “အခရာ” အမျိုးသမီး အဖွဲ့ရဲ့ အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်နန်းထွေးက ရှင်းပြပါတယ်။
အခရာ အမျိုးသမီးအဖွဲ့ အနေနဲ့ ၂၀၁၃၊ ၂၀၁၄ ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့မှာ ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေ ဖြစ်တဲ့ Junction Square၊ Dagon Center II ၊ FMI Center၊ ဗိုလ်ချုပ်အောင် ဆန်း ဈေး၊ မဟာဗန္ဓုလ ပန်းခြံ၊ ကန်တော်ကြီး စတဲ့ နေရာတွေမှာ သန်း တထောင်လှုပ်ရှားမှု အဖြစ် ကခုန်ပြီး အနုပညာက တဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ် လို့ ဒေါ်နန်းထွေးက ပြောပါတယ်။
ဒီနှစ်မှာတော့ အခရာအနေနဲ့ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဦးမဆောင်နိုင်တော့ပေမယ့် တခြားသော စိတ်ပါဝင်စားတဲ့ Volunteer တွေက စုစည်း ပြီး ကမ္ဘာနဲ့အတူ ပါဝင်လှုပ်ရှားမှု လုပ်ကြမယ်လို့ သိရပါတယ်။
ကမ္ဘာကြီးမှာ အနိုင်ကျင့် အကြမ်းဖက်မှုတွေ အများကြီးရှိသလို အနိုင်ကျင့် အကြမ်းဖက်မှု ပုံစံတွေလည်း အမျိုးမျိုး ရှိပါတယ်။ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်တာ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်တာ၊ အန္တရာယ်ရှိတဲ့ ယဉ်ကျေးမှုထုံးစံများ အရ အကြမ်းဖက် ခံရတာတွေပဲ ဖြစ်ပါတယ်။
အနိုင်ကျင့် အကြမ်းဖက်မှုကို အမျိုးသားရော၊ အမျိုးသမီးရောတွေ့ကြုံခံစားနေကြရပေမယ့် အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံး တွေ့ကြုံခံစား နေရသူတွေ ဖြစ်လို့ အမျိုးသမီးတွေရဲ့ အရေးကို အလေးပေး လုပ် ဆောင်နေရတာပါ လို့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။
“ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေကို အနိုင်ကျင့် အကြမ်းဖက်မှု ရာခိုင်နှုန်း အများဆုံး ဖြစ်နေတယ်။ ဒါကြောင့် ဇောင်းပေးပြီး လုပ်တာပါ။ အမျိုးသား မုန်းတီးရေး မဟုတ်ပါဘူး။ အမျိုးသားတွေ ခံနေရတယ် ဆိုပေမယ့် အနည်းစု ဖြစ်နေလို့ပါ” လို့ အမျိုးသမီး အဖွဲ့အစည်းတွေက တညီတညွတ်တည်း ပြောကြပါတယ်။
အမျိုးသမီးများ အပေါ် ပညာသင်ကြားခွင့် မပေးတာ၊ ကလေးတွေနဲ့ ခွဲထားတာ၊ အိမ်အပြင် မထွက်ခိုင်းတာ၊ ပြည့်တန်ဆာ လုပ်ခိုင်းတာ၊ မုဒိမ်းကျင့်တာ၊ လိင်ကုန်ကူးတာ၊ ခွဲခြားဆက်ဆံတာ၊ သက်ငယ်အိမ်ထောင် ပြုခိုင်းတာ၊ မဖွယ်မရာ လုပ်ပြတာ၊ သားပြောမယားပြော ပြောတာ၊ ကန့်သတ် ချုပ်ချယ်တာ၊ နှိမ့်ချဆက်ဆံ တာတွေ အားလုံးဟာ အနိုင်ကျင့် အကြမ်းဖက်တာတွေပဲ ဖြစ်ပါတယ်။
အနိုင်ကျင့်၊ အကြမ်းဖက်တယ် ဆိုတာ တကယ်တော့ ရှင်းရှင်းလေးပါ။ တခြားသူတွေရဲ့ လိုအပ်ချက်ကို ထည့် မစဉ်းစားဘဲ မိမိရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့သာ လုပ်တဲ့ လုပ်ရပ်တိုင်းဟာ အနိုင်ကျင့်၊ အကြမ်း ဖက်ခြင်း ပါပဲလို့ ဒေါ်နန်းထွေးက ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေကိုက အမျိုးသမီးတွေကို နှိမ့်ချ ဆက်ဆံ ထားတာကြောင့် အမျိုးသမီးတွေ အနေနဲ့ အနိုင်ကျင့်၊ အကြမ်းဖက် ခံနေရပါလား ဆိုတာကို ကိုယ့်ကိုယ်ကို မသိကြဘူး လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဥပမာ – မယားနဲ့နွား မသနားနဲ့၊ သမီးတကောင် နွားတထောင်၊ ဗိုင်းကောင်းကျောက်ဖိ၊ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မယ် ဆိုတဲ့ စကားပုံတွေ ဟာ အမျိုးသမီးတွေကို နှိမ့်ချထားတာ ပါပဲ။ ဒီလို အစဉ်အလာ တွေဟာ ဘိုးစဉ်ဘောင်ဆက် အမြစ်စွဲ နေပြီ ဖြစ်လို့ ဆွဲနုတ်ဖို့ အတွက် အချိန်ကြာဦးမယ် လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ မုဒိမ်းမှု ဖြစ်ပြီဆိုရင် ကျူးလွန်သူက အပြစ်မဖြစ်ဘဲ အကျူးလွန်ခံရသူက အပြစ် ဖြစ်သွားရ တာတွေလည်း အများကြီးရှိပါတယ်။ ဒီ မိန်းကလေး ဘယ်အချိန်သွားလို့လဲ၊ ဘယ်လိုနေထိုင်၊ ဝတ်စားထား လို့လဲ ဆိုတာတွေနဲ့ ကျူးလွန်ခံရတဲ့သူတွေကို မိအေးနှစ်ခါနာဖြစ်အောင် ပြစ်တင်ရှုတ်ချတဲ့ လူမှုပတ်ဝန်းကျင် ဟာ ရှိနေတုန်းပါပဲ” လို့ ဒေါ်နန်းထွေးက ပြောပါတယ်။
ခုအချိန်မှာ နိုင်ငံတော် တာဝန်ရှိသူတွေက အစ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး တွေ ပေးထားပါတယ် လို့ ပြောနေပေမယ့် တကယ့် လက်တွေ့မှာတော့ အများကြီးလိုနေပါသေးတယ်လို့ အမျိုးသမီး အဖွဲ့အစည်းတွေက သုံးသပ်ပါတယ်။
တက္ကသိုလ် တက်ရောက်ဖို့ အမှတ်စာရင်း သတ်မှတ်တဲ့အခါ မိန်းကလေးတွေက ယောက်ျားလေးတွေ ထက် အမှတ်ပိုများရတာ၊ အစိုးရရုံးတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါမှာ အမျိုးသားတွေက အမျိုးသမီးတွေ ထက် ရာထူးဌာနန္တရ ပိုမြင့် ပိုကောင်းတဲ့ အနေအထား ရရှိနေတာတွေဟာ လက်တွေ့မှာ တကယ်ဖြစ်နေတာ တွေပါပဲ။
အခုနောက်ပိုင်းကာလ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုတွေ၊ လူကုန်ကူးခံရမှုတွေ ပိုများလာတယ် လို့ ပြောလို့ ရပါတယ်။ သက်ငယ် မုဒိမ်းမှုတွေ ဆိုရင်လည်း မကြားချင်၊ မမြင်ချင်မှ အဆုံး သတင်းစာတွေ၊ ဂျာနယ်တွေမှာ တွေ့မြင်ကြားသိနေ ရပါတယ် လို့ အမျိုးသမီးများ အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ သုတေသနနဲ့ လူမှုစီးပွား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။
ဒါဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတို့ အတွက် ဥပဒေအကာအကွယ်တွေ မရှိဘူးလားလို့ ထင်စရာ ရှိပါတယ်။ ဥပဒေတွေက ရှိတော့ရှိပါတယ်။ ဒီဥပဒေတွေက အလုပ်မဖြစ်တာပါ၊ စာအုပ်ထဲမှာပဲ ဥပဒေတွေက အတည်ဖြစ် နေပြီးတော့ လက်တွေ့မှာတော့ အမျိုးသမီးတွေကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ပါဘူးလို့ အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်နေသူတွေက သုံးသပ်ကြပါတယ်။
“ရှိတဲ့ ဥပဒေတွေက ထိထိမိမိ တရားမစီရင်နိုင်ဘူး။ သက်သေ အထောက်အထား ခိုင်လုံစွာ ရှိတာတောင် တနှစ် လောက်ကြာတယ်၊ အပြစ်ဒဏ်ချတဲ့ အခါလည်း လျှော့ပေါ့ပြီး ချတယ်။ ဒါတွေဟာ ဒီလို လူတွေကို ပိုပြီး လုပ်နိုင်အောင် တွန်းပို့နေသလို ဖြစ် နေတယ်” လို့ ဒေါ်နန်းထွေးက မှတ်ချက်ပြုပါတယ်။
မိန်းမတဦးရဲ့ ကာယိန္ဒြေပျက်စီးစေရန် အကြံနဲ့ လက်ရောက်မှု (သို့) ပြစ်မှုမကင်းတဲ့ အနိုင်အထက်ပြုမှု ကို ကျူးလွန်သူဟာ ပုဒ်မ ၃၅၄ အရ ငွေဒဏ် (သို့) ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ် ၂ ရပ် လုံးလည်း ချမှတ်နိုင်ပါတယ်။
အရွယ် မရောက်သေးသူကို ပြည့်တန်ဆာ အဖြစ် ရောင်းမှု (သို့) ငှားမှု လုပ်မယ် ဆိုရင်တော့ ပုဒ်မ ၃၇၂ နဲ့ ငွေဒဏ် ကနေ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆ မုဒိမ်းမှု ကျူးလွန်တဲ့ ယောက်ျား တယောက်ဟာလည်း ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
“ဥပဒေ ပညာရှင်တွေကတော့ ကျမတို့ နိုင်ငံမှာ ရှိတဲ့ ဥပဒေတွေဟာ အမျိုးသမီးတွေကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပြီးသားလို့ ပြောပေမယ့် တကယ့် လက်တွေ့မှာတော့ ထိထိ ရောက်ရောက် မကာကွယ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ဒါဟာ ဥပဒေတွေ ရှိပေမယ့်လည်း အသုံးချတဲ့ အခါမှာ ဥပဒေစိုးမိုးမှု မရှိတာ၊ တရားစီရင်ရေးမဏ္ဍိုင် အားနည်းနေတာကြောင့်လို့ ပြောလို့ရတယ်။ အရေး အကြီးဆုံးက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး။ ကျမတို့နိုင်ငံမှာက ဥပဒေအထက်မှာ ရှိနေတဲ့သူတွေက အများကြီး ပဲ ဖြစ်နေတယ်” လို့ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်ရဲ့ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက သုံးသပ်ပါ တယ်။
မြန်မာနိုင်ငံဟာ ပဋိပက္ခ ဖြစ်ပွားနေစဉ်လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် စော်ကား အကြမ်းဖက်မှု အများဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ယေဘုယျအနေနဲ့ သုံးသပ်နိုင်ပေမယ့် ပြည်တွင်းစစ် ဖြစ်ပွားရာ ဒေသမှာ၊ အပစ်ရပ် ဒေသတွေမှာ ရှိနေတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံရမှု အန္တရာယ်တွေကို ကြုံနေရဆဲ ဖြစ်တယ် လို့ အမျိုးသမီး အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။
“ကျမတို့ ဒေသမှာဆိုရင် အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက် မှုတွေဟာ စစ်ပွဲတွေ ဖြစ်တဲ့ အချိန်တွေမှာ ပိုများလာတာ ရှိတယ်။ အရင်တုန်းကနဲ့ ယှဉ်ရင် ပိုများလာတယ်။
အမှု မမြောက်ရင် တောင်မှ ကျမတို့ အမျိုးသမီးတွေ အတွက် လုံခြုံမှု မရှိတဲ့အပိုင်းတွေ အများကြီး ကြုံတွေ့ရ တာများလာတယ်” လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းက တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဒီဒီ မိုးခမ်း က ရှင်းပြပါတယ်။
အမျိုးသမီးတွေ အပေါ် စစ်ပွဲကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက် အရေးယူမှုက ကင်း လွတ်ခြင်း ဆိုတဲ့ စနစ်ကြီး ဆက်လက် ခိုင်မာလျက် ရှိနေပါတယ် လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) Women’s League of Burma က ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်မှာ “အရေးယူမှု ကင်းလွတ်ခြင်းနှင့် မပြောင်းလဲ သေးသည့် စနစ် အစီရင်ခံစာ” မှာ ထုတ်ပြန် ဖော်ပြထားပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ လိင်အကြမ်းဖက်မှု အပြုအမူ တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်တွေ ဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကြေညာစာတမ်း (UDHR)၊ အမျိုးသမီးများ အပေါ် နည်းမျိုး စုံနဲ့ ခွဲခြားဆက်ဆံမှုတွေ ဖယ်ရှားရေး စာချုပ် (CEDAW)၊ ကလေးအခွင့်အရေး သဘောတူညီချက် (CRC) နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ၁၉၂၉ ခုနှစ် အတင်းအဓမ္မ လုပ်အားခိုင်းစေခြင်း သဘောတူ စာချုပ်တို့ကို လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
CEDAW စာချုပ်ကို ၁၉၉၇ ခုနှစ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ယခု ၂၀၁၅ ခုနှစ်မှာ ၁၈ နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီစာချုပ်နဲ့ ပတ်သက်ပြီး လူအများ သိရှိနားလည်မှု နည်းနေဆဲ ဖြစ်သလို အစိုး ရ ကိုယ်တိုင်ကလည်း အမှန်တကယ် လိုက်နာမှုတွေ ရှိနေပြီလားဆိုတာ မေးခွန်းထုတ်စရာ အခြေအနေပဲ ဖြစ်နေ သေးတယ် လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြကြပါတယ်။
လက်ရှိ အချိန်မှာတော့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက် သူတွေဟာ သက်ဆိုင်ရာ တာန်ဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကနေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတရပ် ပေါ်ထွက်လာရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေကြတယ် လို့ လည်း သိရပါတယ်။
ဒီဥပဒေ ထွက်လာရင်တော့ အမျိုးသမီးတွေကို ပိုပြီး ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ်၊ အမျိုးသမီး တွေရဲ့ လိုအပ်ချက်ကိုလည်း ပိုပြီး ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်လိမ့်မယ် လို့ ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်နေသူတွေက မျှော်လင့်ထားကြပါတယ်။
တကယ်တော့ အမျိုးသမီးတွေ အပေါ် အကြမ်း ဖက်မှုတွေ ရပ်တန့်သွားဖို့ ဆိုတာဟာ ဥပဒေတွေ၊ နိုင်ငံ တကာ စာချုပ်တွေ ဆိုတာထက် လူတွေရဲ့ အပြု အမူတွေ ပြောင်းလဲဖို့က ပိုအရေးကြီး ပါတယ်။
အကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်က ဒါဟာ ငါတို့ကို အနိုင်ကျင့် အကြမ်းဖက်နေတာပါလားလို့ သိပြီး ငြိမ်ခံမနေဖို့ လိုပါတယ်။
နောက်ထပ် အရေးကြီးတာ တခုကတော့ ကျူးလွန်သူ အမျိုးသားတွေ ပါပဲ။ အမျိုးသမီးအရေးမို့ အမျိုးသမီး တွေ ကိုပဲ ပညာပေးနေလို့ မရပါဘူး။ အမျိုးသားတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ဓလေ့ ထုံးတမ်း စဉ်လာတွေကို ပယ်ဖျက်နိုင်အောင်၊ အမျိုးသမီးတွေဟာ အပြုခံတွေ မဟုတ်ဘူးဆိုတာ နားလည် သဘောပေါက် လာအောင် အသိပညာပေးဖို့ လိုတယ်လို့ ဒေါ်ရွှေရွှေစိန်လတ်က အကြံပြုပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် နည်း မျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အတွက် လှုပ်ရှားတောင်းဆို ကြတာ နှစ်ပေါင်း ၁၇ နှစ် နီးပါးလောက် ရှိနေပါပြီ။ သန်းတထောင်လှုပ်ရှားမှု ဆိုတာဟာလည်း ဒီလို လှုပ်ရှား တောင်းဆိုမှုတွေ ထဲက တခုပါ ပဲ။ ထူးခြားတာကတော့ ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ ဂီတနဲ့၊ အနုပညာနဲ့ ပြန်လည် တုံ့ပြန် ဆန္ဒထုတ်ဖော်ခြင်းပဲ ဖြစ်ပါတယ်။
အနိုင်ကျင့်၊ အကြမ်းဖက်မှုတွေရှိနေတဲ့ ကမ္ဘာကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းသာယာမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်း သာယာတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အတွက် အမျိုးသမီးတွေ အပေါ် အနိုင်ကျင့်၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အမျိုးသမီးတွေနဲ့ အတူ အမျိုးသားတွေပါ တရားမျှတမှု အတွက် နိုးထပြီး ပါဝင် လှုပ်ရှား ပြောဆို ကခုန်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။