ရွှေပြည်သာ စက်မှုဇုန်ရှိ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများက အစိုးရကို တာဝန်ယူ ဖြေရှင်းပေးရန် ဖိအားပေး တိုင်ကြားမှုများ ပြုလုပ်ကြောင်း သိရသည်။
အလုပ်သမားများက အခြေခံ လစာ တိုးမြှင့်ပေးရန် စက်ရုံဝင်းတံခါး ပိတ်ဆို့ ဆန္ဒပြကြသည့်အတွက် လုပ်ငန်းရှင်များ စီးပွားရေး ထိခိုက်မှု ရှိနေသည့်အပေါ် သံရုံးများက ထိုသို့ တိုင်ကြားမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က“ဘယ်နိုင်ငံ သံရုံးတွေက တိုင်လာသလဲ ဆိုတာတော့ ပြော လို့ မရဘူး။ ဒီတိုင်ကြားစာတွေက ကျနော်တို့ဆီ မရောက်ဘူး။ ကျနော်တို့ထက် အဆင့်မြင့်တဲ့နေရာကို ရောက်တာ ဖြစ်တယ်။ သံရုံး တွေက သူတို့နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်တဲ့အတွက် တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တိုင်ကြားတာ”ဟု ပြော သည်။
အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းမှု ဆွေးနွေးရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ဒုဝန်ကြီး ဦးထင်အောင်က ထိုကဲ့သို့ မီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
လတ်တလော ဆန္ဒပြနေသော အလုပ်သမားများသည် E-land Myanmar ၊ Costec International နှင့် Ford Glory အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ ဖြစ်ပြီး ယင်းစက်ရုံများကို တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များက ပိုင်ဆိုင်သည် ဟု အလုပ်သမားများက ပြောပြသည်။
ထိုလုပ်ငန်းရှင်များက သံရုံးများနှင့် တရားရုံးများကိုပါ စာပို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ရေး ရာ ညှိနှိုင်းမှု ဆွေးနွေးရေး အဖွဲ့က ပြောသည်။
ယင်းအထည်ချူပ် လုပ်ငန်းများတွင် ဇန်နဝါရီ၊ ဖေဖော်ဝါရီ လများ၌ ပြင်ပမှ အမှာစာများ မရသဖြင့် အလုပ်ရှင်များ ဝင်ငွေ မရှိကြကြောင်း၊ မေ၊ ဇွန်လများမှသာ အမှာစာရနိုင်ရန် ကြိုးပမ်းကြရကြောင်း၊ ထို့ကြောင့် အလုပ်သမားများ တောင်းဆိုနေသည့် လုပ်ခ လစာ ကို မတိုးပေးနိုင်ခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်ဟု ဒုဝန်ကြီး ဦးထင်အောင်က ဆက်လက်ပြောဆို သည်။
ထိုသို့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားလာပါက အလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာ အဆင့်အလိုက် ဖြေရှင်း ပေးမှုကို လိုက်နာသင့်ကြောင်း၊ ခုံသမာဓိ အဆင့်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိမှသာ သပိတ်မှောက်ခွင့် ရှိကြောင်း၊ ဥပဒေနှင့် အညီ တောင်းဆိုသင့်ကြောင်းလည်း အလုပ်သမားရေးရာ ညှိနှိုင်းမှု ဆွေးနွေးရေး အဖွဲ့ဝင်များက ပြောဆိုကြသည်။
ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရွှေပြည်သာ စက်မှုဇုန်နယ်မြေ E-land Myanmar အထည်ချုပ် စက်ရုံဝင်း တံခါးရှေ့၌ ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ရာ အလုပ်သမား ၂ ဦး နံရုံးကျိုးဒဏ် ရာနှင့် တံတောင်ဆစ်လွဲ ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅ ဦးလည်း ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာနှင့် အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က“လုပ်ငန်းရှင်တွေက တရားရုံးမှာ ဦးတိုက်လျှောက်ထားတာကြောင့် ရဲတွေက လုပ်ထုံးလုပ်နည်းအရ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးမှု တချို့ရှိတာပါ။ သူတို့ကလည်း နစ်နာလို့ တိုင်ကြားကြတာဆိုတော့ ဘာမှ လုပ်လို့မရဘူး”ဟု ပြောဆိုသည်။
လတ်တလောတွင် အလုပ်သမားရေးရာ ညှိနှိုင်းမှု ဆွေးနွေးရေးအဖွဲ့နှင့် လုပ်ငန်းရှင်များ နှစ်ဘက် ညှိနှိုင်းမှုများအရ လုပ်ခ လစာ တိုးမြှင့်မှု နှုန်းထား သတ်မှတ်ချက် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
ထိုသဘော တူညီမှုအရ E-land Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ အခြေခံလစာကို ရာထူး အလိုက် တရက်လျှင် ၄၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် တိုးမြှင့်ပေးမည်ဟု ဆိုသည်။
Costec International အထည်ချုပ်စက်ရုံ အလုပ် သမားများ၏ အခြေခံလစာကိုလည်း ရာထူးအလိုက် တရက်လျှင် ၃၀၀ ကျပ်၊ ၃၂၀ ကျပ်၊ ၄၀၀ ကျပ် နှင့် ထောက်ပံ့ကြေး ၃၃၀၀၀ ကျပ်နှင့် ၃၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
Ford Glory အထည်ချုပ်စက်ရုံ အလုပ်သမားများ အတွက်ကိုလည်း ရာထူးအလိုက် တရက်လျှင် အခြေခံလစာ ၃၀ ကျပ်နှင့် ရှားပါးစရိတ် ၉၀၀ ကျပ် တိုးမြှင့်ပေးရန် သဘောတူထားသည်။
သို့သော် ထိုနှုန်းထား သတ်မှတ်ချက်များကို အလုပ်သမားများက ပြန်လည် စဉ်းစားမည်ဟု ပြောဆိုထားကြောင်း သိရသည်။
လက်ရှိတွင် စက်မှုဇုန်များရှိ စက်ရုံတချို့တွင် လုပ်ငန်းခွင် ဝင်ဝင်ချင်း အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုကြ ရကြောင်း၊ နောက်ပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ဥပဒေများ ပေါ်ပေါက်လာပါက အဆိုပါ သဘောတူညီမှု စာချုပ်ကို မချုပ်မနေရ သဘောမျိုးဖြင့် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ညှိနှိုင်းမှု ဆွေးနွေးရေးအဖွဲ့က ပြောသည်။