အစိုးရကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားမရသဖြင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က တပ်နေရာချထားရေး ကိစ္စရပ်များကို တပ်မတော်နှင့် ဖေဖော်ဝါရီလကုန်တွင် သီးခြား ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “တဖွဲ့နဲ့တဖွဲ့ ကွာခြားမှု ရှိတယ်။ မူဝါဒချင်း ကွာခြားတယ်။ တဖွဲ့ချင်း ဆွေးနွေးတာက ပိုပြီးမြန်ဆန် လွယ်ကူလိမ့်မယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရဆိုလျှင် တပ်နေရာချထားရေးမှာ တပြည်လုံး အပစ်ရပ် စာချုပ်ချုပ်ဆိုပြီးမှသာ နှစ်ဘက် အလုပ်အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် သတ်မှတ်ထားသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ကလည်း တပ်နေရာ ချထားရေး အစိုးရနှင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် သီးသန့်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
တပ်နေရာချထားရေး ကိစ္စများတွင် တိုင်းရင်းသားနယ်မြေများ၌ တပ်မတော်၏ တပ်စခန်းများ ချထားခြင်းကို ယုံကြည်မှုအရ၊ တိုင်းရင်းသား ပြည်သူတို့ လွတ်လပ်စွာ လှုပ်ရှားသွားနိုင်ရေး တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာပေးရန်၊ ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိရန်ဟူသည့် ကိစ္စရပ်များ ပါဝင်သည်ဟု KNU ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံး ကိုယ်စား ဦးဆောင်ဆွေးနွေးနေသည့် NCCT ကမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ထိုကဲ့သို့ သီးခြားလုပ်ဆောင်မည့် အစီအစဉ်ကို တရားဝင် သိရှိခြင်း မရှိဟု ဆိုသည်။
NCCT ခေါင်းဆောင် နိုင်ဟံသာက “ဒါက တဖွဲ့ချင်း သူတို့ အခွင့်အရေးအရ လုပ်ဆောင်တာပဲ။ ပြောစရာမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
NCCT ၏ တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးနေမှုများတွင် နိုင်ငံရေး ရောယှက်နေပြီး ကြန့်ကြာနေမှုကို အားမရသည့် အပြင် ငြိမ်းချမ်းရေးကို ပျက်ပြားစေမည့် ကိစ္စရပ်တချို့ကိုလည်း တွေ့ရှိရသဖြင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေးကို တပ်မတော်နှင့် သီးသန့် တိုင်ပင်ရခြင်း ဖြစ်သည်ဟု KNU နှင့် RCSS ထိပ်ပိုင်းခေါင်းဆောင်များက ဧရာဝတီကို ပြောသည်။
အစိုးရနှင့် NCCT ကြား ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် NCCT ခေါင်းဆောင်များသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း မရှိတော့ပေ။
KNU မှာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တိုင်းရင်းသား အဖွဲ့များအနက် အစိုးရ၊ တပ်မတော်နှင့် အနီးကပ်ဆုံးနှင့် ပြေလည်မှု အရှိဆုံး အဖွဲ့ဖြစ်ပြီး RCSS မှာ အစိုးရနှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် လက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲသို့ မြန်မြန်ဆန်ဆန် သွားလိုသည့် အဖွဲ့ဖြစ်သည်။
KNU နှင့် RCSS မှာ တခြား တိုင်းရင်းသားအဖွဲ့များ လက်မှတ်ထိုးရန် သဘောတူညီမှု မရှိခဲ့သည့် သမ္မတ၏ ပြည်ထောင်စုနေ့ ကတိပြုချက် လက်မှတ်တွင် ရေးထိုးခဲ့ပြီး ထိုပွဲတွင် တပ်နေရာချထားရေးကိစ္စကို သီးသန့် ဆွေးနွေးရန် တပ်မတော်နှင့် သဘောတူညီမှု ရလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။