မြန်မာနိုင်ငံရှိ အိမ်ထောင်သည် အမျိုးသမီး အများစုမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားနေရကြောင်း “တိတ်ဆိတ်ခြင်း၏ နောက်ကွယ်” အမည်ရှိ သုတေသန စာတမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အနိုင်အထက် ပြုကျင့်မှုများကို ကိုယ်တိုင်တွေ့ကြုံ ခံစားနေရသည့် ရန်ကုန်၊ မော်လမြိုင် မကွေး၊ လားရှိုး၊ လွိုင်ကော်၊ လပ္ပတ္တာ၊ ကလေး စသည့် မြို့များရှိ အမျိုးသမီး ၃၈ ဦးကို တွေ့ဆုံမေးမြန်းကာ အဆိုပါ သုတေသန စာတမ်းကို ပြုစုထားခြင်း ဖြစ်ကြောင်း သုတေသန ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် ဒေါက်တာ စန်းရွှေက ပြောဆိုသည်။
“အမျိုးသမီး တော်တော်များများ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ ပိုများနေတယ်။ အမျိုးသမီး အများစုက သူတို့ ခံစားချက်ကို တယောက်တည်း မြိုသိပ်ထားကြတယ်။ အမျိုးသမီးတွေက စီးပွားရေး ဆိုင်ရာ၊ စိတ်ခံစားမှု ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကိုလည်း ခံစားနေရတယ်” ဟု ဒေါက်တာ စန်းရွှေက ဆိုသည်။
“တိတ်ဆိတ်ခြင်း၏ နောက်ကွယ်” သုတေသန အစီရင်ခံစာကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ အတူတကွ ပူးပေါင်း ဆောင်ရွက် ထားခြင်းဖြစ်ပြီး ထိုစာတမ်း မိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု၊ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (UMFCCI) ၌ ယနေ့ ပြုလုပ်ခဲ့သည်။
လက်တွဲဖော်၏ အနိုင်အထက် ပြုကျင့်မှု မကြာခဏ ခံစားနေရသည့် အိမ်ထောင်သည် အမျိုးသမီးများသည် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းကြေကွဲခြင်းတို့ ခံစားနေရသည်ဟု “တိတ်ဆိတ်ခြင်း၏ နောက်ကွယ်” သုတေသန အစီရင်ခံစာတွင် ရေးသားထားသည်။
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုသည် အလွန်ဆိုးရွာပြီး ပြစ်တင်ရှုတ်ချရမည့် လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ဖြစ်ကြောင်း၊ အမျိုးသမီး ကျန်းမာရေး၊ အသက်မွေး ဝမ်းကျောင်းမှုနှင့် အခွင့်အလမ်းများအပေါ် များစွာ သက်ရောက်မှု ရှိကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို သက်ရောက်မှု ရှိစေသော လူမှုရေးနှင့် စီးပွားရေး အခြေအနေများကို သိရှိစေရန် ထိုစစ်တမ်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
GEN အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေစံပယ်ဖြူက “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အခုထိ ပြုလုပ်ထားတဲ့ သုတေသန အရမ်းကို နည်းနေပါသေးတယ်။ ဒီလို သုတေသနတွေ ကျမတို့ နိုင်ငံမှာ အများကြီး လုပ်ဖို့လိုပါတယ်” ဟု ယနေ့ ပြုလုပ်သည့် သုတေသနစာတမ်း အသိပေး မိတ်ဆက်ပေးပွဲတွင် ပြောဆိုသည်။
အဆိုပါ သုတေသန စာတမ်းပါ ရှာဖွေတွေ့ရှိချက်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကာအကွယ် ပေးနိုင်သည့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို အကျိုး သက်ရောက်မှု ရှိနိုင်သည် ဟုလည်း ဒေါ်မေစံပယ်ဖြူက ဆက်ပြောသည်။
“ဒီနှစ်အတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်မှာ အတည်ပြု ပြဌာန်းနိုင်ဖို့ အတွက် မျှော်လင့်နေပါတယ်။ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုကို တားဆီးဖို့ အတွက် ဥပဒေတွေလည်း လိုအပ်နေသလို၊ တဖက်မှာ အသိပညာပေး လုပ်ငန်းတွေ အများကြီးလုပ်ဖို့ လိုအပ်နေတယ်။ ဧပြီ မေလောက်မှာ ဥပဒေမူကြမ်း ပြီးမယ်လို့ မှန်းထားပါတယ်” ဟု ဒေါ်မေစံပယ်ဖြူက ရှင်းပြသည်။
လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (မရမ်းကုန်း မဲဆန္ဒနယ်) ဒေါက်တာ မေဝင်းမြင့်က “ဒီလို သုတေသန စာတမ်းတွေကို အမျိုးသားတွေက အစ သိစေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်အိမ်တွင်း အတူနေ အမျိုးသားတွေ သိမှသာ အောင်မြင်မှာလေ။ ယောကျာ် အများစုသိဖို့ ပြောပြဖို့ လိုပါတယ်။ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေ မူကြမ်းတွေ ပေါ်လာရင်လည်း တီဗီတွေ၊ ရေဒီယိုတွေ ကနေ အမျိုးသမီး အားလုံး သိအောင် လုပ်သင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ် ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။