ရွှေပြည်သာ စက်မှုဇုန် နယ်မြေအတွင်း အခြေခံလစာတိုးမြှင့်ရေး ဆန္ဒပြနေသည့် အလုပ်သမားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ကြေညာချက်ထုတ်ပြန်၍ ထပ်မံသတိပေးလိုက်သည်။
အလုပ်သမားများအနေဖြင့် ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်တောင်းဆို ဆန္ဒပြမှုများ၊ အဖျက်အမှောင့် ပြုလုပ်ပိတ်ဆို့မှုများအပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးလိုက်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဆန္ဒပြအလုပ်သမားများနှင့် ပတ်သက်၍ အရေးယူမည့်အကြောင်း ထုတ်ပြန်ခဲ့သေးသည်။
“လုပ်ခလစာ တိုးတောင်းချင်ရင် တရားဥပဒေနဲ့အညီ တောင်းလို့ရတယ်။ နိုင်ငံတကာက ဒီမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စောင့်ကြည့်နေကြ တာ။ အခုလိုတောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ပုံရိပ်မကောင်းဘူး။ အလုပ်သမား ပြဿနာတွေတက်နေရင် ကုန် ထုတ် လုပ်မှုတွေ ကျဆင်းသွားသလို ရင်းနှီးမြှုပ်နှံမယ့်သူ အလာနည်းသွားလိမ့်မယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ရေး ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြော သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနှင့်လည်း ဆူပူအကြမ်းဖက် ဆန္ဒပြ အလုပ်သမားများကို ဒေသ အာဏာ ပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်မှုများပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။
အစိုးရက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိရာ ဥပဒေမဲ့ဆူပူအကြမ်းဖက် တောင်းဆိုမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းပြီး စက်ရုံများပိတ်သိမ်းသွားပါက အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဦးစွာ ဒုက္ခရောက်မည့်သူများသည် အလုပ်သမားများသာဖြစ် ကြောင်း၊ အစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်အားထားမှု လျော့ကျသွားနိုင်ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွား မှုများကို တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ညှိနှိုင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ကြေညာထားသည်။
လက်ရှိတွင် E-land Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားသပိတ်ခေါင်းဆောင် ကိုမျိုးမင်းမင်း နှင့် Ford Glory အထည်ချုပ် စက်ရုံ အလုပ်သမားသပိတ်ခေါင်းဆောင် ကိုနိုင်ဌေးလွင် တို့ ၂ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရား စွဲ ထားကြောင်း သိရသည်။
“သူတို့တွေ ဘာပဲပြောပြော ကျမတို့ကတော့ တောင်းဆိုထားတဲ့ လုပ်ခလစာ အပြည့်အဝရရှိဖို့အတွက် ဆက်လုပ်သွားမှာပဲ။ အခုချိန် ထိ စက်ရုံ ၃ ရုံလုံး မပြေလည်ကြသေးဘူး။ ဆန္ဒပြနေကြတုန်းပဲ”ဟု Ford Glory အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမား မထက်ထက် က ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ ယနေ့အထိ အခြေခံလစာတိုးမြှင့်ပေးရေး အတွက် စက်ရုံဝင်းတံခါး ပိတ်ဆို့ ဆန္ဒပြနေကြသည့် E-land Myanmar, Ford Glory နှင့် Costec International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများသည် အလုပ်ရှင်များဘက်မှ သတ်မှတ်တိုးမြှင့်ပေးသည့် အခြေခံလစာ၊ ထောက်ပံ့ကြေးနှင့် ရှားပါးစရိတ် များအပေါ် သဘောမတူညီသည့်အတွက် ဆက်လက်၍ ဆန္ဒထုတ်ဖော် နေကြခြင်းဖြစ်သည်ဟု သိရသည်။
“၆၀၀၀၀ ကျပ် တိုးပြီးတောင်းတယ်။ အစိုးရအဖွဲ့က ၃၀၀၀၀ ကျပ်လောက်ပဲတောင်း ဆိုလို့ ကျမတို့ အဲဒီအတိုင်းတောင်းတယ်။ အဆင်မပြေဘူး။ တလမှ ၁၂၀၀၀ ကျပ်အထိပဲ တိုးပေးမယ်ဆိုလို့ ဆက်ပြီးဆန္ဒ ပြနေရတာ”ဟု ဆန္ဒပြအလုပ်သမ တဦးက ပြော သည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းကလည်း ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အလုပ်သမားများ၏ လုပ်ခ တိုးရေးတောင်းဆိုမှုသည် ငြိမ်းချမ်းစွာ လုပ်ကိုင်လိုသော အလုပ်သမားများနှင့် လုပ်ငန်းအဖွဲ့အစည်းများ၏ အခွင့်အရေးတို့ကို ထိခိုက်စေပြီး တရားဥပဒေထက်ကျော်လွန် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ပြောဆို၍ သဘောထား ထုတ်ပြန်ထားသည်။
ထို့အပြင် အလုပ်ရှင်များဘက်မှ လိုက်လျောနိုင်စွမ်းမရှိသော ဝင်ငွေ၊ ထွက်ငွေ မမျှတနိုင်သော လုပ်ခ ပိုမိုတောင်းဆိုမှုများ ဖြစ်ပေါ်လာပါက အလုပ်ရှင်များဘက်မှ မလိုက်လျောနိုင်သည့်အချိန်တွင် အလုပ်သမားများက မိမိလုပ်ခပိုမိုရရှိသော လုပ်ငန်းသို့ လွတ် လပ်စွာ ပြောင်းရွှေ့ လုပ်ကိုင်နိုင်ခွင့်ရှိကြောင်း၊ ယင်းကို လုပ်ငန်းရှင်ဘက်မှ မတားဆီးရကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
အလုပ်ရှင်ဘက်မှ ဥပဒေဘောင် အတွင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ညှိနှိုင်းမရသော လုပ်ခတောင်းဆိုမှုများကြောင့် ဆန္ဒပြမှု ကြာမြင့်၍ လုပ်ငန်းရပ်စဲ ရပါက အလုပ်သမားများအတွက် နစ်နာကြေးပေးရန် အလုပ်ရှင်တွင် တာဝန်မရှိကြောင်းလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်က ဆိုသည်။
ရွှေပြည်သာစက်မှုဇုန် နှင့် လှိုင်သာယာ စက်မှုဇုန် နယ်မြေအတွင်း ဆန္ဒထုတ်ဖော်နေကြသည့် အလုပ်သမားများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် အသင်းတို့က ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ကြခြင်း ဖြစ်သည်။