တိုင်းရင်းသား နိုင်ငံရေး ပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA) အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဆိုပါက သမ္မတကို အသိပေး အကြောင်းကြားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတိပေးကြောင်း သိရသည်။
“UNA က လွန်ခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးပွဲ တခုလုပ်ပြီး ထုတ်ပြန်ထားတာရှိတယ်။ လုပ်ခဲ့တာကိုတော့ UEC (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) က ဘာမှ အပြစ်မပြောပါဘူး။ ကောင်းအောင် လုပ်ကြတာပဲ။ UEC အနေနဲ့က ဒါတွေကို သတိပေးဖို့ တာဝန်ရှိတာပေါ့။ အဲဒါကို နည်းနည်းလေး ခေါ်ပြောတဲ့ သဘောပါပဲ။ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ အဲဒီ ဥပဒေတွေကို လေးစားလိုက်နာဖို့ ပြောတာပါ”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက UNA အဖွဲ့ဝင် ပါတီများမှ တာဝန်ရှိသူများကို ဖိတ်ကြားပြီး ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် တွေ့ဆုံ ဆွေးနွေးရာ၌ အထက်ပါကဲ့သို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
UNA အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် UNA ညီလာခံ၏ ကြေညာချက်နှင့် ပတ်သက်ပြီး ဆွေနွေးခြင်းဖြစ်ကြောင်း ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရခိုင် အမျိုးသားပါတီ(ANP) ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ခဲ့တဲ့ UNA ညီလာခံ ကြေညာချက်နဲ့ ပတ်သက်ပြီး မေးတယ်၊ UNA ဘက်ကလည်း ညီလာခံအပြီး ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြကြတယ်၊ ဦးတင်အေး ပြောတာကတော့ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့ အချိန်မှာ ထိပ်တိုက်တွေ့နိုင်မယ့် အရာတွေကို ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုပြီး ပြောသွားတယ်”ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်း မငြိမ်သက်မှုများကြောင့် ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်စေရန် နိုင်ငံရေး ပါတီများနှင့် ပူးပေါင်း ဆောင်ရွက်လိုသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက UNA အဖွဲ့နှင့် တွေ့ဆုံစဉ် ပြော ဆို ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက ပူးပေါင်းထုတ်ပြန်ထားသည့် သဘောထား ထုတ်ပြန်ချက် ထဲမှ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုလှုပ်ရှားမှုနှင့် ပတ်သက်သည့် သဘောထား၊ အလုပ်သမား၊ လယ်သမား အရေးတို့နှင့် ပတ်သက်သည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း UNA တာဝန်ရှိသူများက ပြောသည်။
လက်ရှိအခြေအနေတွင် အစိုးရ အနေဖြင့် တိုင်းပြည်၌ ကျောင်းသားအရေး၊ ယာယီသက်သေခံ လက်မှတ်(White card) အရေး၊ လယ်ယာမြေအရေး စသည်ဖြင့် ပြဿနာ မြောက်မြားစွာနှင့် ကြုံတွေ့နေရသည်များကို တတ်နိုင်သမျှ ဖြေရှင်းပေးနေကြောင်း၊ ယင်း ကဲ့သို့ ဖြေရှင်းသည့် အခါတွင် နိုင်ငံရေး ပါတီများ အနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး ထိပ်တိုက်တွေ့ဆုံမည့် လမ်းကြောင်းပေါ်သို့ မရောက်စေချင်သောကြောင့် ယခုကဲ့သို့ ခေါ်ယူရှင်းပြရခြင်း ဖြစ်သည်ဟု ဦးတင်အေးက ပြောကြားခဲ့ကြောင်း ဦးအေးသာအောင်က ပြောဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်ဟူသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများကို အချိန်မှန်မှန် ကျင်းပပေးရန်သာ တာဝန်ရှိသော် လည်း မြန်မာနိုင်ငံ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများကို ကြပ်မတ်ခြင်း၊ ထိန်းကွပ်ခြင်း လုပ် နေသည့် အနေအထား ဖြစ်လာသောကြောင့် အစိုးရ လုပ်ရမည့်အလုပ်၊ ပြောရမည့် ကိစ္စများကို ကော်မရှင်က ပြုလုပ်နေခြင်း ဖြစ် သည်ဟုလည်း ဦးတင်အေးက UNA တာဝန်ရှိသူများကို ပြောသည်။
UNA အနေဖြင့် နောက်ပိုင်းတွင် ဆွေးနွေးပွဲများ ပြုလုပ်မည် ဆိုပါက မိမိတို့ ဆွေးနွေးမည့် အကြောင်းအရာများကို နိုင်ငံတော် သမ္မတ ထံသို့ အသိပေး အကြောင်းကြားသင့်ကြောင်း၊ ခွင့်ပြုချက် တင်ရမည့် သဘောမဟုတ်သော်လည်း ကန့်သတ်ချင်သည့် သဘောဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ထောက်ပြပြောဆိုသည်။
“လိုတာထက် ကျော်လွန်ပြီး လုပ်လာတယ် ဆိုရင်တော့ လမ်းကြောင်းလွဲတာလို့ ကျနော် မြင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေဘက်ကလည်း သူ့ကို အလုပ်ကျော်လုပ်တယ်လို့ပဲ မြင်စရာ ဖြစ်ပါတယ်”ဟု ဦးစိုင်းလိတ်က ပြောသည်။
UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ပြီးနောက် UNA က သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် ကျောင်းသားသပိတ်၊ လယ်သမားအရေး၊ အလုပ်သမားအရေး ကိစ္စများနှင့် နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊ ကိုးကန့်ဒေသ တိုက်ပွဲများ အပါအဝင် စစ်ရေး ပဋိပက္ခ အားလုံးကို တွေ့ဆုံညှိနှိုင်း အဖြေရှာပြီး နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရန်၊ တပြည်လုံး အပစ်ရပ်ရေး အမြန်လက်မှတ်ထိုးနိုင်ရန်၊ ပင်လုံ စိတ်ဓာတ်၊ ပင်လုံမူနှင့်ပင်လုံ ကတိကဝတ်များကို အခြေခံသည့် ပြည်ထောင်စု အဆင့် ညီလာခံကြီး ကျင်းပ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရန်(သို့မဟုတ်) အသစ် ရေးဆွဲရန်၊ လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။