“တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့တဲ့ သားအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူရတယ်” လို့ ဦးထွန်းလွင်က လက်မထောင်ရင်း ပြောပြတယ်။ သူကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း တပ်မတော်နဲ့ကိုးကန့် လက်နက်ကိုင် အဖွဲ့တွေ အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်ကြီးအောင်ကျော်မြင့်ရဲ့ ဖခင်ဖြစ်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ထဲက သူတို့ ငှားရမ်းနေထိုင်နေတဲ့ ပျဉ်ထောင်အိမ်ငယ်ဆီကို ဧရာဝတီသတင်းထောက် ရောက်လာတော့ နွေးထွေး ပျူငှာစွာ ထွက်ကြိုကြတယ်။ ပြီးတော့ သားဖြစ်သူရဲ့ အရာရှိဝတ်စုံနဲ့ ဓာတ်ပုံပေါင်းများစွာကို အခန်းပြည့် ချိတ်ဆွဲထားတဲ့ ၇ ပေ ၁၀ ပေပတ်လည် အခန်းကျဉ်း လေးထဲမှာ လက်ခံစကားပြောပါတယ်။
“သားပုံတွေကို တိပ်တွေနဲ့ ကပ်ထားတာလေ။ တခန်းလုံး အပြည့်ပဲ။ အဲဒါတွေကို ဖြုတ်တာ၊ ကိုင် တာ အဖေကြီးက မကြိုက်ဘူး။ အန်တီကတော့ ပုံတွေမြင်တိုင်း သတိရလွန်းလို့ သိမ်းထားလိုက်ချင် တာ”လို့ ဗိုလ်ကြီးအောင်ကျော်မြင့်ရဲ့မိခင် ဒေါ်သန်း သန်းထွန်းက ပြောပြပါတယ်။
ဗိုလ်ကြီးအောင်ကျော်မြင့်က စိတ်ပူတတ်တဲ့ မိဘတွေကို သူ စစ်ဆင်ရေးသွားတိုင်း “လုံခြုံရေး တာဝန်ယူဖို့ ရှိတယ်” ဆိုတဲ့ စကားကလွဲလို့ အလုပ် ကိစ္စနဲ့ပတ်သက်ပြီး ကျန်တာပြောလေ့မရှိဘူးလို့ ကျန်ရစ်သူမိဘနှစ်ဦးလုံးက ဧရာဝတီကို ပြောပြ တယ်။
ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းကတည်းက သားဖြစ်သူနဲ့ ဖုန်းအဆက်အသွယ်မရတော့ဘဲ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ “ဗိုလ်ကြီးအောင်ကျော် မြင့် ကျသွားတယ်”ဆိုပြီး အသိတယောက်ဆီက ဖုန်းဝင်လာခဲ့တယ်လို့ ဦးထွန်းလွင်က ရှင်းပြတယ်။ သား ဘယ်လိုဘယ်ပုံကျဆုံးသွားတယ်ဆိုတဲ့ ဇာတ်လမ်း အသေးစိတ်ကို ဦးထွန်းလွင်နဲ့ ဒေါ်သန်းသန်းထွန်း တို့ကို ရှင်းပြမယ့်သူ တယောက်မှ မရှိသေးပါဘူး။
“ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို သွားမေးတော့ သူတို့လည်း ဟိုဘက်နဲ့အဆက်အသွယ်လုပ်ပြီး ကျ သွားတာ ဟုတ်တယ်ဆိုတဲ့အကြောင်း ပြန်ပြောပြ တယ်။ စိတ်မကောင်းတာတခုက အခုဆိုရင် ဦးတို့ ၂ ယောက်ပဲ ကျန်ခဲ့တော့တာလေ”လို့ ဦးထွန်းလွင်က ပြောပြတယ်။
ဗိုလ်ကြီးအောင်ကျော်မြင့်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုပန်မြို့နယ်၊ ခြေလျင်တပ်ရင်း အမှတ် ၅၇၀ မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က ကျဆုံးခဲ့ပြီး ကွယ်လွန်ချိန် မှာ အသက် ၂၉ နှစ်ရှိပြီလို့ သိရပါတယ်။
“ဖေဖော်ဝါရီ ၉ ရက် က သားလေးရဲ့ ၂၉ နှစ်ပြည့် မွေးနေ့ပေါ့။ အဲဒီနေ့မှာပဲ သူ တိုက်ပွဲကျသွား တာ။ အဲဒီနေ့ နေ့လည်အထိ ဖုန်းအဆက်အသွယ်လုပ် နေခဲ့ သေးတယ်။ သူ စစ်ဆင်ရေးရှိတယ် ပြောတယ်။ ညနေ ၄ နာရီနောက်ပိုင်းမှာတော့ သားရဲ့ဖုန်းတွေက ခေါ်လို့မရတော့ဘူး။ မိဘအတွက် သိတတ်ပြီး အတိုင်းထက်အလွန် လိမ္မာတဲ့သားလေးပါ။ အဖေနဲ့ အမေအတွက် မြေကွက်ကြည့်ထားတယ်တဲ့။ ညနေ အကြောင်းပြန်မယ်ပြောပြီး ခုထိ အဆက်အသွယ် မရတော့တာလေ”လို့ ဗိုလ်ကြီးအောင်ကျော်မြင့်ရဲ့ ဖခင် ဦးထွန်းလွင်က ဧရာဝတီကို ပြောပြပါတယ်။
သူတို့ရဲ့သားအကြီးဖြစ်သူကလည်း ၂၀ဝ၅ ခုနှစ် Junction 8 ဈေးဝယ်စင်တာမှာ ဗုံးပေါက်ကွဲတုန်းက ထိခိုက် ဆုံးပါးသွားခဲ့ပြီး သားငယ်ဖြစ်တဲ့ ဗိုလ်ကြီးအောင်ကျော်မြင့်ကလည်း တိုက်ပွဲမှာကျဆုံး သွားခဲ့ပြီ ဖြစ်တာကြောင့် မိဘ ၂ ပါးပဲ ကျန်ရစ်ခဲ့ ပါတယ်။
ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီလ ၉ ရက်မှ ၂၁ ရက်အတွင်း တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မ တော် ဘက်မှ အရာရှိ ၅ ဦး အပါအဝင် စစ်သည် ၅၄ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်သည် ၁၀၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၅ ဦးရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီထဲမှာ ဗိုလ်ကြီးပြည့်ဖြိုးအောင်လည်း ကျဆုံး သွားပါတယ်။ ဗိုလ်ကြီးပြည့်ဖြိုးအောင်ဟာ ဗိုလ်ကြီး အောင်ကျော်မြင့်နဲ့အတူ တခန်းတည်းနေခဲ့တဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။ ဗိုလ်ကြီးပြည့်ဖြိုးအောင် ကျဆုံးချိန်မှာ ဇနီးနဲ့ သား သမီး ၂ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
လောက်ကိုင်တိုက်ပွဲမှာပဲ တာဝန်ထမ်းဆောင် ရင်း နောက်ထပ် ကျဆုံးခဲ့တဲ့ အသက် ၂၂ အရွယ် ဗိုလ်လှမျိုးဦးရဲ့ မိသားစုတွေကတော့ “ဂုဏ်ယူ တယ်” ဆိုတဲ့စကားကို ပါးစပ်ကပဲ ပြောနိုင်သေးသလို သားတယောက်ဆုံးရှုံးရလို့ ဝမ်းနည်းနေကြရတုန်းပါ လို့ ပြောပြပါတယ်။
“သူက အလုပ်ကို သိပ်ချစ်တဲ့သူ။ ဝါသနာအရ စစ်တပ်ထဲ ဝင်သွားတာလေ၊ တားလို့ မရခဲ့ဘူး။ အခု ထက်ထိတော့ ဂုဏ်ယူတယ်ဆိုတာ ပါးစပ်ကပဲ ပြော နိုင်သေးတယ်။ သားတယောက်သေလို့ ဆုံးရှုံးတာ ဝမ်းနည်းနေကြရတုန်းပဲ”လို့ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ဗိုလ်လှမျိုးဦး ရဲ့ အစ်မဖြစ်သူ မပြုံးဖြူစင်မွန်က ပြော ပြပါတယ်။
ဗိုလ်လှမျိုးဦးနဲ့ မိဘ ၂ ဦး နောက်ဆုံးအဆက် အသွယ်ရှိခဲ့တာက ဖေဖော်ဝါရီ ၁ ရက်ဖြစ်ပြီး အဲဒီ နောက်ပိုင်းကတည်းက အဆက်အသွယ်မရတော့ တာ ကွယ်လွန်သွားတဲ့အချိန်ထိလို့ သိရပါတယ်။
“မောင်လေးဆုံးသွားတာ ဖေဖော်ဝါရီ ၁၁ ရက် ကမှ သိရတယ်။ ကျမနဲ့ဆို လွန်ခဲ့တဲ့ ၂ လ လောက် က ဖုန်းပြောဖြစ်ခဲ့တာ နောက်ဆုံးအကြိမ်ပဲ။ ကျမတို့ မောင်လေး ကျဆုံးသွားပေမယ့် ကျမတို့ တပ်မတော်ကို မမုန်းပါဘူး”လို့ သူက ဆိုတယ်။
ကိုးကန့်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အရာရှိ၊ စစ်သည်တွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သည်တွေ အတွက် ပြည်သူတွေ အများအပြားကလည်း စိတ်မ ကောင်းဖြစ်ကြပါတယ်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ တပ်မတော်ခြေလျင် တပ်ရင်း အမှတ်တံဆိပ်ပုံနဲ့ နေဝန်းနီ ပုံတွေကို ပရိုဖိုင်း ပုံ တွေ ပြောင်းလဲပြီး သူတို့ဟာ တပ်မတော်နဲ့ တသား တည်းရှိတယ်ဆိုတဲ့ စာသားမျိုးရေးသားကြတာ တွေ့ရပါတယ်။
လတ်တလောမှာတင် နေဝန်းနီ အမှတ်တံဆိပ် နဲ့ ပရိုဖိုင်းပုံ ပြောင်းလဲအသုံးပြုနေသူ အများအပြား ရှိနေပါတယ်။
တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ခြေလျင်တပ်ရင်း အမှတ် ၁၂၅ က ဗိုလ်ကြီးသူရိန်ထွန်းကတော့ မိဘ ၂ ပါးနဲ့ မောင်နှမ ၃ ယောက်ရဲ့ ကျောင်းစရိတ်တွေကို ပါ ထောက်ပံ့ပေးနေတဲ့သူလို့ သိရပါတယ်။ မောင် နှမတွေထဲမှာ သားအကြီးဆုံးလည်း ဖြစ်ပါတယ်။
“ကိုကြီးက မိသားစုထဲအကြီးဆုံးသားကြီးပါ။ မိဘကို အရမ်းလည်းချစ်ပြီး သိလည်းသိတတ် တယ်” လို့ ကျဆုံးသွားတဲ့ ဗိုလ်ကြီးသူရိန်ထွန်းရဲ့ ညီမဖြစ်သူက ပြောပြတယ်။
ဗိုလ်ကြီးသူရိန်ထွန်းဟာ ဧရာဝတီတိုင်းဒေသ ကြီး၊ အင်္ဂပူကျေးရွာ က အငြိမ်းစားရဲတပ်ကြပ်ကြီး ဦးစိုးဝင်းနဲ့ မိခင် ဒေါ်မြင့်မြင့်ခိုင်တို့ရဲ့ သားအကြီးဆုံး ဖြစ်ပါတယ်။ သူကတော့ မိသားစုစရိတ်အပြင် မောင်နှမ ၃ယောက်ရဲ့ ကျောင်းစရိတ်ကိုလည်း ထောက်ပံ့ပေးနေရသူလို့ သိရပါတယ်။
လောက်ကိုင်မြို့မှာ ဖြစ်ပွားတဲ့ တပ်မတော်နဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့တွေရဲ့ တိုက်ပွဲမှာ တပ်မတော် ဘက်က အရာရှိတွေဖြစ်တဲ့ ဗိုလ်ကြီး ညီညီစိုးစံ၊ ဗိုလ်လှမျိုးဦး၊ ခွဲတပ်ကြပ်ကြီးမျိုးဝင်း၊ တပ်ကြပ်ကြီး သန်းလှိုင်၊ တပ်ကြပ်ကြီး ဝင်းညို၊ တပ်ကြပ်ဇော်နိုင်၊ တပ်ကြပ်အောင်ကိုကိုတို့ အပါအဝင် စစ်သည်အများ အပြား ကျဆုံးခဲ့ပါတယ်။
ထုံးတမ်းစဉ်လာအရ ကျဆုံး၊ ဒဏ်ရာရစစ်သည် တွေအတွက် ကာကွယ်ရေးဝန်ကြီးဌာနက မိသားစု ဝင်ကိုဖြစ်စေ၊ ကာယကံရှင်ကိုဖြစ်စေ “မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံး သော (သို့) ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအတွက် ထောက်ပံ့စောင့်ရှောက်ရေး ဥပဒေ” အရ ထောက်ပံ့ပေးမှု ပြုလုပ်ရပါတယ်။ လောက်ကိုင်တိုက်ပွဲမှာ ကျဆုံးသူတွေကို ဘယ်လို ထောက်ပံ့မှုတွေ ပြုလုပ်သလဲလို့ ဧရာဝတီက စုံစမ်း တဲ့အခါ သက်ဆိုင်ရာမိသားစုဝင်တွေက လျော်ကြေး နဲ့ ထောက်ပံ့မှုတွေ မရရှိသေးဘူးလို့ ဖြေကြသလို ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလည်း ကျဆုံးစစ်သည် တွေရဲ့ မိသားစုတွေဆီ မသွားရသေးဘူးလို့ ဖြေပါ တယ်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံး၊ သေဆုံး နဲ့ ဒဏ်ရာ ရရှိခဲ့ကြတဲ့ အရာရှိစစ်သည်တွေကို ထောက်ပံ့ကြေးငွေ ၂၂၀၆၃ ဒဿမ ၃ သန်း ပေးခဲ့ တယ်လို့ လွှတ်တော်မှာ ပြောထားပါတယ်။ ဒါပေ မယ့် စစ်သည်ဦးရေ ဘယ်လောက်ကို ဘယ်လို ထောက်ပံ့သလဲဆိုတဲ့ အသေးစိတ်ကို မဖော်ပြထားပါ ဘူး။
လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ ကျဆုံးသွား တဲ့ တပ်မတော်သား အရာရှိ၊ စစ်သည်တွေရဲ့ အရိုး ပြာအိုးတွေကို ဂူသွင်းသင်္ဂြိုလ်တဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ နေ့လည်က လားရှိုးမြို့ အညတရ စစ်သည် ဗိမ္မာန်မှာ ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိ ကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျဆုံးစစ်သည် မိသားစုများကို အဲဒီအခမ်းအနားအကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ဗိုလ်ကြီးသူရိန်ထွန်းတို့ရဲ့ မိသားစုဝင်တွေကတော့ သူတို့ ဖိတ်ကြားခြင်း မခံရ ဘူးလို့ ဧရာဝတီကို ပြောပါတယ်။ ဗိုလ်လှမျိုးဦး၏ မိဘတွေကို ဒီအခမ်းအနားရှိကြောင်း နီးစပ်သူတဦးက အကြောင်းကြားလာလို့ ကိုယ့်ဆန္ဒသဘောအလျောက် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီး သူရိန် ထွန်း မိသားစုဝင်တွေက အခမ်းအနားလုပ်မယ်မှန်း တောင် မသိကြကြောင်း သိရပါတယ်။
နိုင်ငံတော်သီချင်းထဲက စာသားဖြစ်တဲ့ “ပြည် ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ”ဆိုသလို ယုံကြည်ချက်နဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အသက်ပေးထမ်းရွက်ခဲ့သူ လက်အောက်ငယ်သား စစ်သည်များရဲ့မိသားစုဝင်တွေအပေါ် တပ်မတော်ရဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေက ဝေဖန်စရာတွေ ဖြစ်နေရပါတယ်။
ငယ်စဉ်က မြန်မာ့တပ်မတော် အသိုင်းအဝိုင်း မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အခုလက်ရှိ အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူ ကိုဂျင်မီ အောင်က သူ တာဝန်ကျရာ တပ်မှာ ကျဆုံးသွားတဲ့ ကိုယ့် ရဲဘော်ရဲဘက်တွေရဲ့ ဝိÓဉ်တွေကို သတိတရ လေးစား အသိအမှတ်ပြုတဲ့အနေနဲ့ ထမင်းစား ဆောင်မှာ ထမင်းစားတိုင်း စားပွဲဝိုင်းတဝိုင်း ပြင်ပေး ထားတယ်လို့ ပြောပါတယ်။
“ဒါ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေထဲက တခုပါပဲ”လို့ သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးပါတယ်။ “ရဲဘော် တယောက် တာဝန်ထမ်းဆောင်နေရင်း ကျဆုံးသွားရင် အာမခံ ကြေး အမေရိကန်ဒေါ်လာ ၅ သိန်း ကို ရက် ၃၀ အတွင်း သက်ဆိုင်ရာတပ်ရဲ့ ဘဏ္ဍာရေးဌာနက ဗိုလ်ကြီးအဆင့်ရှိသူ ကိုယ်တိုင်သွားပြီး သေတမ်းစာ အရ သွားပေးရပါတယ်။ မိဘကို လွှဲထားရင် မိဘ ပေါ့။ ပြီးတော့ ကျန်ရစ်သူ မိန်းမနဲ့ ကလေးတွေအတွက် VA (Veterans Affairs) စစ်မှုထမ်းဟောင်း အဖွဲ့က တလ ဒေါ်လာ ၃၅၀ဝ ကို နောက်အိမ်ထောင် မပြုမချင်းပေးပါတယ်။ ကျန်ခဲ့တဲ့ သားသမီး ကလေးတွေအတွက် ဘွဲ့ရတဲ့အထိ အစိုးရက ကျောင်းလခ ရာနှုန်းပြည့် တာဝန်ယူပေးပါတယ်။ မိန်းမက ကျောင်းတက်နေရင်လည်း ရာနှုန်းပြည့်ပေးပါတယ်။ ပြီးတော့ ကျန်ရစ်သူမိသားစုအတွက်တခြားအထူးခံစား ခွင့်အများကြီး ပေးပါတယ်။ ဥပမာ အစိုးရက အတိုး မယူပဲ ငွေချေးပေးပါတယ်။ ကျန်းမာရေးအတွက်၊ အလုပ်အကိုင်အတွက် နောင်ရေးမပူရအောင် အကုန် လုပ်ထားပေးပါတယ်”လို့ သူ့အတွေ့ အကြုံ ကို ရေးထားပါတယ်။
တချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကဖြစ်တဲ့ သူရဦးတင်ဦးကို သူ့ အတွေ့အကြုံတွေကို မေးကြည့်တော့ “အန်ကယ်တို့ လက်ထက်ကတော့ ကျဆုံးတာ၊ ဒဏ်ရာရတဲ့ စစ်သားတွေကို ဆေးမှတ်တမ်း အဆင့်အလိုက် ထောက်ပံ့ပေးခဲ့တာတွေရှိတယ်။ ဒါ့အပြင် သက်ဆိုင် ရာတပ်က စုစည်းပြီးတော့ မိသားစုတွေကို ထောက်ပံ့ ပေးမှု လုပ်ကြတယ်။ အရာရှိတွေနဲ့ တပ်သားအဆင့် ကလည်း မိသားစုတွေလို ရင်းရင်းနှီးနှီး နေခဲ့ကြတာ လေ။ လတ်တလောမှာ ဖြစ်နေတဲ့ လောက်ကိုင် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပြပါတယ်။
လတ်တလောတော့ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံရောက်နေကြတဲ့ စစ်သည်တွေကို နာရေးကူညီ မှုအသင်းက ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၊ ဦးဇာ ဂနာနဲ့ အခြား အနုပညာတွေက ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး အားပေးခဲ့ကြပါတယ်။ ဒါ့ အပြင် ကျဆုံးသွားတဲ့ စစ်သည်တွေ၊ ထိခိုက် ဒဏ်ရာ ရ စစ်သည်တွေအတွက် ပြည်သူတွေနဲ့ ပရဟိတ အဖွဲ့အစည်းများစွာက ငွေကြေးနဲ့ ပစ္စည်းတွေ လှူဒါန်းကြတယ်လို့လည်း သိရပါတယ်။
ရှေ့တန်းရောက် ကျဆုံးစစ်သည်တွေနဲ့ ဒဏ် ရာရရှိသူတွေအတွက် ပြည်သူလူထုထံမှ ထည့်ဝင်ငွေ ၂ ဒသမ ၄ ဘီလီယံ ရရှိထားပြီး ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၁ နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန က ဆိုပါတယ်။ ကျဆုံးစစ်သည်တွေနဲ့ ထိခိုက်ဒဏ် ရာရတဲ့ စစ်သည်တွေအတွက် လှူဒါန်းလိုသူတွေဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။