နိုင်ငံရေးသမားကြီး သခင်တင်မြ ၉၁ နှစ်သည် ယနေ့နံနက် ၇ နာရီခန့်က ဒဂုံမြို့သစ်အရှေ့ပိုင်း သူ့၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
သခင်တင်မြသည် ၂၀၁၃ ခုနှစ်ခန့်တည်းက ကျန်းမာရေး ချို့ယွင်းလာခဲ့ခြင်းဖြစ်ကြောင်းသူ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းညွန့်က ဧရာဝတီသို့ ပြောသည်။
သခင်တင်မြကို မအူပင်ခရိုင် ဓနုဖြူ မြို့နယ်တွင် မွေးဖွားခဲ့ပြီး၊ ၁၃၀၀ ပြည့်အရေးတော်ပုံမှ စတင်ကာ နိုင်ငံရေး လောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဓနုဖြူမြို့နယ် ဒို့ဗမာအစည်းအရုံးဝင် သခင်တဦးဖြစ်လာကာ၊ ဒေသတွင်းရှိ အလုပ်သမား၊ လယ်သမားအရေးများတွင် ပါဝင်လှုပ်ရှားခဲ့သည်
ထိုစဉ်က အသက်အငယ်ဆုံး သခင်တဦးဖြစ်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ် သာယာဝတီတွင် ကျင်းပသည့် နိုင်ငံလုံး ဆိုင်ရာ ဒို့ဗမာအစည်းအရုံး ညီလာခံအပြီး တရားစွဲဆိုခံရကာ သာယာဝတီထောင်နှင့် အင်းစိန်ထောင်တွင် ထောင်ကျခဲ့သည်။
ထောင်တွင်း၌ နိုင်ငံရေးပုရောဟိတ်များဖြစ်သည့် သခင်စိုး၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်လေးမောင်၊ သခင်ကျော်စိန်၊ ဂိုရှယ်တို့နှင့် အတူတူနေရပြီး သခင်စိုးထံမှ နိုင်ငံရေးသင်တန်းနှင့် ကွန်မြူနစ်ဝါဒကို လေ့လာခွင့်ရခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အာရှသို့ ကူးစက်လာချိန်တွင် အင်္ဂလိပ် အခက် မြန်မာအချက် ဆိုသည့် မူနှင့်အညီ သခင်ဗဟိန်း (ကွန်မြူနစ်ပါတီ ခေါင်းဆောင်)၊ ဦးကျော်ငြိမ်း၊ သခင်ချစ် တို့နှင့်လက်တွဲကာ အင်္ဂလိပ်ကို တော်လှန်၊ တပြိုင်နက်တည်းမှာပင် ဂျပန်ကိုလည်း ဆန့်ကျင်ဆိုသည့် အတွေးအခေါ်ဖြင့် မြေအောက်တော်လှန်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
သခင်ဗဟိန်း အဖမ်းခံရပြီးနောက် မြေအောက်တော်လှန်ရေး လုပ်ငန်းများကို ရန်ကုန်၊ တောင်ငူ၊ ဖြူး၊မန်းလေး၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ မြင်းခြံ စသည့် အထက်မြန်မာပြည်နှင့် ရခိုင်ဒေသ၊ မြစ်ဝကျွန်းပေါ် စသည့်ဒေသများသို့ သွားလာကာ လုပ်ကိုင်ခဲ့သည်။
အင်္ဂလိပ်အပြေး ဂျပန်အဝင်တွင် ညောင်တုန်း၊ ဓနုဖြူ၊ မအူပင် စသည့် မြစ်ဝကျွန်းပေါ်ဒေသ လွတ်မြောက်ရေးနှင့် အုပ်ချုပ်ရေး တာဝန်များ ဆောင်ရွက်နေစဉ် ဘီအိုင်အေ တပ်သို့ ခေတ္တဝင်ရောက်ကာ တဖက်မှ ဂျပန် ဆန့်ကျင်ရေးကိုလည်း ဆက်လက် လုပ်ကိုင်ခဲ့သည်။
ဘီအိုင်အေခေတ်တွင် ကြုံတွေရသည့် မြစ်ဝကျွန်းပေါ် ကရင်-ဗမာ အဓိကရုဏ်း၊ ဘီအိုင်အေ ဗိုလ်တချို့နှင့် သခင်တချို့၏ အာဏယစ်မူးမှုများကြောင် နိုင်ငံရေးစိတ်ဓာတ် ကျဆင်းနေစဉ် မန်းလေးထောင်မှ သခင်စိုးလွတ်မြောက် လာသည့်အခါ ဖက်ဆစ်ဆန့်ကျင်ရေးကို ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် နှစ်ဦးသား အတူ စတင်ခဲ့သည်။
ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် တက်ဘုန်းကြီး သခင်သိန်းဖေ (ဦးသိန်းဖေမြင့်)၊ သခင်တင်ရွှေတို့ အိန္ဒိယသို့ သွားရောက်ရာတွင် အဓိကကူညီခဲ့ပြီး သူနှင့် သခင်စိုးမှာ မြန်မာပြည်တွင် ကျန်ရစ်ကာ ဂျပန်ကင်ပေတိုင်တို့အကြား သွားလာကာ မြေအောက်တော်လှန်ရေးလုပ်ကိုင်ခဲ့သည်။
သခင်တင်မြသည် မြေအောက်တော်လှန်ရေး ကေဒါများနှင့် သခင်စိုးအကြား ဆက်သားအဖြစ် အသက်စွန့် လှုပ်ရှားခဲ့သည့် အတွက် ဂျပန်တော်လှန်ရေး သမိုင်းတွင် အဓိက အရေးပါသူတဦးဟုလည်း ဆိုနိုင်သည်။
ဖက်ဆစ်တို့ကို တပြည်လုံးအတိုင်းအတာဖြင့် တော်လှန်ရန် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် တဦးအနေဖြင့် တပ်တွင်းစည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၁ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ပြုလုပ်သည့် ဖက်ဆစ်တော်လှန်ရေး ဆွေးနွေးပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ကိုယ်စားပြု တက်ရောက်ခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ဝင်ဖြစ်လာသည်။
ထိုနောက် ဖက်ဆစ်တော်လှန်ရေးတွင် သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူးခရိုင်တွင် အခြေစိုက်သည့် တိုင်း ၇ ၏ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးအောင်နှင့်အတူ နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်တင်မြက တာဝန်ယူခဲ့သည်။
စစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ပါတီအဖြစ် တရားဝင် ရပ်တည်ချိန်တွင် ဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး ကွန်မြူနစ် ပါတီ ၂ ခြမ်းကွဲသည့်အခါ သခင်စိုး ဦးဆောင်သည့် အလံနီ ကွန်မြူနစ်ပါတီဘက်မှ ရပ်တည်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီ (နစ်ဖြူ) သို့ ပြန်လည်ကူးပြောင်းခဲ့ပြီး၊ ၁၉၆၀ ခုနှစ် ရန်ကုန်မြေ အောက်တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် သေနတ်ဖြင့်ပစ်၍ အဖမ်းခံခဲ့ရသည်။
အဖမ်းခံရစဉ်အတွင်း နာမည်ကျော် “ဘုံဘဝမှာဖြင့်” ကိုယ်ရေးအတ္ထုပ္ပတ္တိကို စတင်ရေးသားခဲ့သည်၊ ထိုစာအုပ် ရေးသားနေစဉ် ၁၉၆၂ ခုနှစ်တွင် အချုပ်မှ လွတ်မြောက်ခဲ့သည်၊ ထိုနောက် ဘုံဘဝမှာဖြင့်ကို မြဝတီ မဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့သည်။
အဆိုပါ စာအုပ်သည် နိုင်ငံရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းလေ့လာသူများအကြား ရေးပန်းစားခဲ့သော်လည်း မိခင်ပါတီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီကမူ သခင်တင်မြအနေဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်ထောက်လှမ်းရေးထံတွင် စာမေးပွဲ ဖြေဆိုခဲ့ရသည့် စာစဉ်တခုအဖြစ် သဘောထားသည်။
ထောင်မှလွတ်ပြီးနောက် အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီက တောတွင်းအဖွဲ့အစည်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရာတွင် သခင်တင်မြအား ထည့်သွင်းအသုံးပြုရန် ကြိုးစားခဲ့သော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီက ကန့်ကွက်ခဲ့သည်။
ထိုနောက် သခင်တင်မြသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်ခဲ့ပြီး ဗဟိုကော်မတီဝင်တဦး ဖြစ်လာသော်လည်း နောက်ပိုင်းတွင် ပါတီသန့်စင်ရေးတွင် ပါဝင်ခဲ့ရပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ နှုတ်ထွက်ခဲ့သည်။
၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဖြုတ်ချရာတွင် နိုင်ငံရေးသမားတဦး အနေဖြင့် ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးခရီးအစတွင် သခင်တင်မြက ကူညီခဲ့ရသော်လည်း ပါတီဝင် မဖြစ်ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြထားသည်။
၁၉၉၀ ပြည့်နှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ကျန်းမာရေး အခြေအနေကြောင့် ၃ နှစ်အကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။
နောက်ပိုင်းတွင် စစ်အစိုးရပြုလုပ်သည့် အမျိုးသားညီလာခံကို ထောက်ခံခဲ့ပြီး သူ၏ ဒီမိုကရေစီ အင်အားစုများနှင့် NLD ပါတီအပေါ် ဝေဖန်မှုများ၊ သူ၏ နိုင်ငံရေးအသွေးအရောင် ပြောင်းလဲတတ်မှုများကြောင့် သူ၏ အယူဝါဒကို လူကြိုက်နည်းခဲ့သည်။
နိုင်ငံရေးတွင် အင်္ဂလိပ်ခေတ် တို့ဗမာအစည်းအရုံးမှ အစပြုကာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတိုင်အောင် အဖွဲ့အစည်းပေါင်းစုံတွင် ခေါင်းဆောင်နေရာမှ ပါဝင်ဖူးခဲ့သူဖြစ်သည်။
သခင်တင်မြ၏ ဈာပနကို နိုင်ငံရေး၊ စာပေနှင့် မိသားစု အသိုင်းအဝန်းက လိုက်ပါဆောင်ရွက်ပေးနေပြီး လာမည့် မတ်လ ၂ ရက်နေ့တွင် ရေဝေးသုဿာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီသတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။