ပြည်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ်ပွဲ၌ တေးသရုပ်ဖော်တွင် တပ်မတော်က ပြည်သူ့အပေါ် အနိုင်ကျင့်သည့် ပြကွက်နှင့် မဲထည့်ရန် သရုပ်ဆောင်ခဲ့သည့် ပြကွက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပြီး ယင်းတေးသရုပ်ဖော်အတွက် ပြည်သူလူထုကို တောင်းပန်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေက ပြည်မြို့ လေးထပ်ပြင်ကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲမတိုင်းမီ ယင်းတေးသရုပ်ဖော်ပြကွက်များကို တင်ဆက်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “လူတွေက လက်ခုပ်တီးတယ် သြဘာပေးတယ်ဆိုပေမယ့် ကျမတို့ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နေတဲ့ အချိန် အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင်လို့ မလုပ်သင့်တဲ့အချိန်မှာ မလုပ်ရဘူး။ ဒါကို ကျမတို့ နားလည်ရမယ်။ ကျမတို့ဟာ တပ်မတော်ကို ရန်သူအနေနဲ့ မြင်တာမဟုတ်ဘူး။ တပ်မတော်ရယ်လို့ မဟုတ်ဘူး။ ဘယ် အဖွဲ့အစည်းမဆို ဘယ်ပုဂ္ဂိုလ်မဆို မတရားတဲ့ကိစ္စတွေ လုပ်ရင်၊ နိုင်ငံကို နာစေတဲ့ကိစ္စကိုလုပ်ရင် ကျမတို့ ကန့်ကွက်မှာပဲ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု ပြည်မြို့လူထုကို ပြောကြားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ကို အာဃာတများဖြင့် မဖြစ်စေချင်ကြောင်း၊ သူ့အနေဖြင့် တပ်မတော်နှင့် ရင်ကြား စေ့ချင်ကြောင်း၊ လက်ရှိတွင် ဖွဲ့စည်းပုံအရ တပ်မတော်ကို အထူးအာဏာပေးထားသည့် အတွက် ဒီမိုကရေစီ အပြည့်အ၀ မရသေးဟု ဆိုနိုင်သော်လည်း ယင်းဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေကြောင်း၊ နိုင်ငံနှင့် ပြည်သူကိုလည်း မနာစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယခုမိန့်ခွန်းသည် ရည်ရွယ်ပြင်ဆင်ထားသည့် မိန့်ခွန်းမဟုတ်ဘဲ တေးသရုပ်ဖော်ပြကွက်ကြောင့် မိန့်ခွန်းကို ပြောင်းလဲပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တေးသရုပ်ဖော်တွင် NLD ကို မဲထည့်ရန် ပြသသွားခြင်းနှင့် ပတ်သက်၍လည်း ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်ခဲ့သည်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ရှိသရွေ့ပြောရမယ်။ အခုအချိန်ဟာ ကျမတို့ ရွေးကောက်ပွဲ အတွက် စည်းရုံးခွင့်ရှိသေးတဲ့ အချိန်မဟုတ်ပါဘူး။ ဒါကြောင့်မို့လို နောက်ပိုင်းအစီအစဉ်ဟာ ရွေးကောက်ပွဲမှာ မဲထည့်ပါလို့ ပြောတာဟာ မလုပ်သင့်တဲ့ကိစ္စမိုလို့ ကျမတို့ရဲ့ အဖွဲ့ချုပ်အတွက် ကျမ တောင်းပန်ပါတယ်။ ရွေးကောက်ပွဲနဲ့ မဲဆွယ်ပိုင်ခွင့်ရှိတဲ့ အချိန်ဆိုလိုရှိရင် ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ကန့်သတ်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ သူတို့ သတ်မှတ်လိုက်ပြီးတော့ ဒီအချိန်ကနေ စပြီးတော့ မဲဆွယ်လို့ ရပြီဆိုရင် ကျမတို့ ရွေးကောက်ပွဲ မဲဆွယ်နိုင်တယ်။ ကျမ ရွေးကောက်ပွဲမှာ နိုင်ချင်တယ်။ ဒါပေမဲ့မှန်ကန်တဲ့ နည်းနဲ့ ပဲနိုင်ချင်တယ်၊ ဘယ်နည်းနဲ့မဆို နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကျမတို့ လုပ်မသွားဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
တေးသရုပ်ဖော်သီချင်း စီစဉ်သည့် လူငယ်များကို နောက်နောင် ယခုကဲ့သို့ မပြုလုပ်ရန်နှင့် လူငယ်များ၏ အားနည်းချက် မှားယွင်းချက်များကို ပြုပြင်ပေးနိုင်မှ တိုင်းပြည် ကောင်းစားမည်ဖြစ်ကြောင်း ဆုံးမခဲ့သည်။
NLD က ဦးဆောင်ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ဟောပြောပွဲကို လူဦးရေ သောင်းနှင့်ချီ၍ လာရောက် နားထောင်ခဲ့ကြသည်။
ဟောပြောပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်မြို့မှ မြို့မိမြို့ဖ များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။ ယနေ့တွင်မူ ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ၄၅ ယောက်နှင့် တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး လိုအပ်ပါက ကူညီပေးနိုင်သည်များကို ကူညီပေးသွားမည်ဟု ကျောင်းသားများအား ပြောဆိုခဲ့ကြောင်း သိရသည်။