ပြည်မြို့ရွှေလက်လှရပ်ကွက် ရွှေတချောင်းလမ်းပေါ်ရှိ ပန်းစကား လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက်ပိုင်း ၃ နာရီ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားရာ လူ ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိသွားသည်။
မီးလောင်မှုသည် ရွှေလက်လှ မီးသတ်ရုံအနီးတွင် ဖြစ်ပွားသော်လည်း မီးအားပြင်း၍ လျင်မြန်စွာ လောင်ကျွမ်းသည့်အတွက် ကယ် ဆယ်ရေး ပြုလုပ်ရန် အလွန်ခက်ခဲသော အခြေအနေဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောသည်။
“ကျနော်တို့ သံချောင်းတွေ ခေါက်တယ်။ ဖုန်းတွေ ဆက်တယ်။ ပထမဆုံးလာတာ ရွှေလက်လှက မီးသတ်ကား အထဲမှာ လူတွေရှိ နေတာမြင်လို့ ပြူတင်းပေါက်ကနေ ခုန်ချဖို့ အော်ပြောလို့ ခုန်ချတဲ့ တယောက်ပဲ ကယ်နိုင်ခဲ့တယ်။ အထဲမှာ လူကျန်နေတာလည်း မသိဘူး။ ဘယ်သူမှလည်း အနားမကပ်နိုင်ဘူး။ နည်းတဲ့မီးတောက်ကြီးမှ မဟုတ်တာ”ဟု မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆိုင်အနီးတွင် နေထိုင်သူ ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။
သေဆုံးသူများမှာ ဒေါ်နွယ်နွယ်ဝင်း (အသက် ၃၅ နှစ်)၊ မစန္ဒီ (အသက် ၂၀)၊ မရွှေစင်ထက်မြက် (၁၁ နှစ်)နှင့် မရတီ (၇ နှစ်) တို့ဖြစ် သည်။
ဒေါ်နွယ်နွယ်ဝင်း၏ အစ်မ မဆွေဆွေဝင်းသည် အိမ်ပေါ်မှ ခုန်ချသည့်အတွက် လွတ်မြောက်သွားသော်လည်း ထိခိုက်ဒဏ်ရာ ရထားပြီး ပြည်မြို့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
သေဆုံးသူများထဲမှ မစန္ဒီသည် တက္ကသိုလ်ကျောင်းသူ တဦးဖြစ်ပြီး ၎င်းနှင့်အတူ မရွှေစင်ထက်မြက်နှင့် မရတီတို့သည် အခန်းတွင်း မီးခိုးငွေ့များကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို ရဲက အမှုဖွင့် အရေးယူထားကြောင်း၊ မီးကြွင်း မီးကျန်မှ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်ဌာနက ဧရာဝတီသို့ ပြောသည်။