အနည်းဆုံး လုပ်ခလစာ ဥပဒေသတ်မှတ်ချက် ထွက်ပေါ်လာမှသာ အလုပ်သမားများ၏ လစာတိုးမြှင့်ရေး ဆန္ဒပြမှုများ ပြေလည်နိုင် မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
“အနည်းဆုံး အခကြေးငွေ ဥပဒေကို သတ်မှတ်မှပဲ ဒီကိစ္စတွေ အားလုံး ပြေလည်သွားမှာပါ။ အခုအချိန်မှာတော့ အလုပ်ရှင် အလုပ် သမားတွေက ကြိုက်ရောင်းကြိုက်ဝယ်နှုန်းနဲ့ပဲ သွားနေကြတာ။ ဥပဒေ ထွက်မလာသေးခင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ တုန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အဆိုပြုထားတဲ့ လစာအတိုင်း ပေးသလား ကြည့်ရမှာပေါ့”ဟု ၎င်းက ပြောဆို သည်။
မတ်လ ၂ ရက်က အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ရေး ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး ဦးထင်အောင်က ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာချိန်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အဆိုပြု တင်ပြခဲ့သည့် နှုန်းထား အတိုင်း အလုပ်သမားများကို လစာ ပေးခဲ့ခြင်း ရှိမရှိ သိစေရန် ကော်မရှင်နှင့် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ စိစစ်ခြင်းများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။
“ရန်ကုန်က တနိုင်ငံလုံးရဲ့ ကုန်စည်စီးဆင်းမှု အများဆုံးနေရာ ဖြစ်တာကြောင့် အလုပ်သမား၊ ကျောင်းသား စတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်နေမယ်ဆိုရင် ဒီထက်မက ကျပ်တည်းပြီး နိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်ပြီး တနိုင်ငံလုံး ခက်ခဲသွားလိမ့်မယ်။ အလုပ် သမား အလုပ်ရှင် ပြဿနာဆိုတာ စားပွဲပေါ်မှာတင်ဖြေရှင်းလို့ ရပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် ရန်ကုန်ုတိုင်းဒေသကြီး မြို့နယ် ၁၄ မြို့နယ်အတွင်းရှိ လုပ်ခ အနည်းဆုံးမှ အများ ဆုံး ရရှိသော အလုပ်သမားများ၏ နေအိမ်များအထိ ကွင်းဆင်းမေးမြန်းခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ အဆိုပါ တွေ့ရှိချက်များကို အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကောင်စီသို့ ပို့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားရေးရာ ကျွမ်း ကျင် ပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတွင် အခြေခံ လုပ်ခလစာ သတ်မှတ်ရေး ညှိနှိုင်းကြရာ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ် စားလှယ်များက တနေ့လျှင် အခြေခံ လုပ်ခလစာ ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် အတွင်း ပေးသင့်ကြောင်း၊ ၅၀၀၀ ကျပ်ထက် ပိုမိုပါက အလုပ်ရှင်များဘက်မှ အဆင်မပြေကြောင်း ဆွေးနွေးထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့က ပြောသည်။
ရွှေပြည်သာ စက်မှုဇုန် နယ်မြေရှိ အခြေခံ လစာတိုးမြှင့်ရေး ဆန္ဒပြနေသာ Costec International အထည်ချုပ် စက်ရုံ ဝန်ထမ်း ကိုနေမျိုးထွန်းက“ကျနော်တို့က တောင်းဆိုထားတဲ့အတိုင်း ရဖို့ ဆက်တောင်းမှာပါ။ သူတို့ပေးတဲ့ အခြေခံလစာက အဆင်မပြေပါဘူး။ လက်ရှိ ရနေတဲ့ဝင်ငွေနဲ့ မိသားစုကို ပြန်မကြည့်နိုင်သလို ကိုယ့်အတွက် ကိုယ်တောင် ရှာစားရ မလွယ်ဘူး ဖြစ်နေတယ်။ အနည်းဆုံး လုပ်ခလစာ ဥပဒေကိုလည်း အမြန်ဆုံး ထွက်လာဖို့ မျှော်လင့်နေတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့က ယခုလပိုင်းအတွင်း အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒထုတ် ဖော်ခဲ့ကြသော တိုင်ရီ စက်ရုံ၊ ကျောက်နီ အထည်ချုပ်၊ Ford Glory အထည်ချုပ်၊ Costec International အထည်ချုပ်နှင့် E-land Myanmar အထည်ချုပ် စက်ရုံများမှ ဆန္ဒပြ အလုပ်သမား အများစုသည် အလုပ်ရှင်များနှင့် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်းနှင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။