“ရိုးသားဖြောင့်မတ်ခြင်းက သတ္တိ တမျိုးပါပဲ” ဟု တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦး ဖြစ်သော ဒေါ်မေစပယ်ဖြူက ပြောသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပေးအပ်သည့် ၂၀၁၅ ခုနှစ် အတွက် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို လက်ခံရရှိခြင်း မရှိသေးမီက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက် (Kachin Peace Network ) ကို ပူးတွဲတည်ထောင်သူ ဖြစ်ပြီး ကျား၊ မ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) ကိုလည်း တည်ထောင်ကာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော ဒေါ်မေစပယ်ဖြူကို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှရေးကို လှုပ်ရှားတောင်းဆိုနေသူ တဦးအဖြစ် သိထားကြသည်။
ပြီးခဲ့သည့် နှစ်များအတွင်းတွင် သူဆောင်ရွက်ခဲ့သော စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ပြည်သူလူထု၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြားတွင် ၂၀၁၁ ခုနှစ် အလယ်ပိုင်းခန့်မှ စတင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ အဆုံးသတ်ရေး အတွက် ကမ္ဘာ့အဆင့် လှုပ်ရှားမှုတခုကို ဒေါ်မေစပယ်ဖြူက ဦးဆောင် ကူညီခဲ့သည်။
၂၀၁၂ ခုနှစ်ကလည်း ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်အဖြစ် လမ်းလျှောက် ချီတက်မှုကို ဦးဆောင်ပြီး ကချင်ပြည်နယ် အပါအဝင် နေရာတိုင်းတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အဆုံးသတ်ရေးကို တောင်းဆိုခဲ့သည့်အတွက် သူနှင့် တခြားသော တက်ကြွ လှုပ်ရှားသူ ၁၂ ဦးကို တရားမဝင် လူစုရုံးမှုဖြင့် အစိုးရက တရားစွဲဆိုခဲ့သည်။
ဂုဏ်သိက္ခာ မြင့်မားသည့် ဆုတခုကို လက်ခံရရှိသည့်အတွက် ဂုဏ်ယူမိကြောင်း ဒေါ်မေစပယ်ဖြူက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ကို အသိအမှတ်ပြုပေးတဲ့ ကာလတခုပါပဲ” ဟု သူကပြောသည်။ ထိုသို့ အသိအမှတ်ပြုပေးခြင်းကြောင့် သူ၏ အလုပ်များကို ဆက်လက် လုပ်ကိုင်ရန် ခွန်အားဖြစ်စေခဲ့ကြောင်းလည်း သူက ထပ်ပြောသည်။ လက်ရှိ အချိန်တွင် ဒေါ်မေစပယ်ဖြူက အမျိုးသမီးများ အကြမ်းဖက်ခံရမှု များအားလုံး ရပ်တန့်ရန်နှင့် ကျား၊ မ တန်းတူညီမျှမှု ရရှိရေးကို ဦးစားပေး လုပ်ဆောင်နေသည်။
“ဒီဆုက ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ရရှိရေး၊ အမျိုးသမီးအကြမ်းဖက်မှု ဆန့်ကျင်ရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် ပိုပြီး တောင်းဆို လှုပ်ရှားနိုင်အောင် လမ်းကြောင်းတခု ဖန်တီးပေးပါလိမ့်မယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
ဧရာဝတီသို့ တယ်လီဖုန်းနှင့် ပြောကြားရတွင် ဒေါ်မေစပယ်ဖြူက ကချင်တိုင်းရင်းသားများ၊ မြန်မာနိုင်ငံ တလွှားမှ အမျိုးသမီးများနှင့် နိုင်ငံသားများအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သူ တဦးအဖြစ် အသိအမှတ်ပြုခံရသည့်အတွက် ဝမ်းသာ ဂုဏ်ယူကြောင်းပြောကြားခဲ့သည်။ ဆုကို မတ်လ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ချီးမြှင့်မည်ဖြစ်သည်။
“ဒီဆုက ထုတ်ဖော်တောင်းဆိုမှုတွေ လုပ်ဖို့ ကျမကို ခွန်အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်က ဆရာမလေး ၂ ယောက် မတရားအကျင့်ခံရပြီး အသတ်ခံခဲ့ရတာ အပါအဝင် အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကျမတို့ ပိုမိုတောင်းဆိုနိုင်ပါပြီ” ဟု ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမလေး ၂ ဦး ရက်စက်စွာ အသတ်ခံခဲ့ရပြီး မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရသည်ဟု ယူဆရသည့် အဖြစ်အပျက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ကျား၊ မ တန်းတူညီမျှခွင့်အတွက် ဆောင်ရွက်မှုများကြောင့် ဝေဖန်မှုများနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ရင်ဆိုင်နေရသော်လည်း ကလေး ၃ ယောက် မိခင် အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်သော ဒေါ်မေစပယ်ညိုက အဆိုပါကိစ္စနှင့် ပတ်သက်၍ သူ၏ တောင်းဆို လှုပ်ရှားမှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် သူက အခြားတက်ကြွ လှုပ်ရှားသူများ၊ အစိုးရ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေတခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေသည်။ အဆိုပါ ဥပဒေကို ယခုနှစ်နှောင်းပိုင်းတွင် လွှတ်တော်သို့ တင်သွင်းနိုင်ရန်လည်း မျှော်လင့်ထားသည်။
“တခြားဘက်ကို ကြည့်မယ်ဆိုရင် ကျမတို့ရဲ့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်နဲ့ ပတ်သက်လို့ အနည်းငယ် သတိထားမိလာကြပြီ၊ လက်ခံလာကြပြီလို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါက မမှန်ပါဘူး” ဟု သူက ပြောသည်။
တိကျစွာပြောရလျှင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ပြဌာန်းပေးရန် တောင်းဆိုနေသည့် မျိုးစောင့် ဥပဒေများက အမျိုးသမီးတို့၏ ဆုံးဖြတ်ပိုင်စွမ်းရည်များ၊ သူတို့၏ ကိုယ်ခန္ဓာနှင့် မိသားစုဘဝကို ကိုယ်တိုင် ထိန်းကျောင်းနိုင်ခွင့်များ ဆုံးရှုံးစေမည့် သဘောတရားများကို ထုတ်ဖော်ပြသနေသည်ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို ၂၀၀၇ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး စွန့်စားရသည့် အခြေအနေ အောက်တွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကို မြှင့်တင်နိုင်ရန် ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့သော အမျိုးသမီးများကို ရွေးချယ်၍ နှစ်စဉ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာပေါ်တွင် အမျိုးသမီး ခေါင်းဆောင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းလည်း ဖြစ်သည်။
ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း နှင့် Rainfall Gender Study Group ကို ပူးတွဲတည်ထောင်ခဲ့သူ တဦးဖြစ်သော ဒေါ်ဇင်မာအောင်သည်လည်း ၂၀၁၂ ခုနှစ်က နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ရရှိခဲ့သည်။