နားကြပ်တပ်ဆင်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုပြီး ဘားဆိုင်ဖွင့်လှစ်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာ ခဲ့ သည့် ဗုဒ္ဓဘား(V Gastro bar) အမှုကို လာမည့် မတ်လ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
“အခုက ၈ ကြိမ်မြောက် ရုံးချိန်းပါ။ ဒီအမှုကို ဒီလ ၁၇ ရက်မှာ အပြီးသတ် အမိန့်ချမယ်။ အမှုမစစ်ဘဲ အမှုနဲ့ပတ်သက်ပြီး လျှောက်လှဲချက်တွေ ပေးရတာပါ”ဟု V Gastro bar အမှုတွဲတွင် ပါဝင်သည့် နယူးဇီလန် နိုင်ငံသား Mr.Philips ၏ ရှေ့နေ ဦးမြသွေးက ဧရာဝတီကို ပြော သည်။
မတ်လ ၃ ရက်က ဗုဒ္ဓဘား အမှုအတွက် ဗဟန်းမြို့နယ် တရားရုံးတွင် အပြီးသတ် လျှောက်လှဲချက် ပေးရာတွင် ၎င်းက ဧရာဝတီသို့ပြောဆိုခြင်း ဖြစ်သည်။
V Gastro.bar ဘားဆိုင်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ဆိုင်ဖွင့်ပွဲ ကျင်းပရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် နားကြပ်တပ်ဆင်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ကို အသုံးပြု ကြော်ငြာခဲ့ရာမှ ယခုကဲ့သို့ အရေးယူ ခံရခြင်း ဖြစ်သည်။
အပြီးသတ် လျှောက်လဲချက်နှင့် ပတ်သက်ပြီး Mr.Philips ၏ ရှေ့နေ ဦးမြသွေးက“ဝိကလိ ရဟန်းက မြတ်စွာဘုရားရဲ့ အဆင်းကိို တပ်မက်ပြီး ဘုရားနောက်ကို တကောက်ကောက်လိုက်တယ်။ အဲဒီမှာ မြတ်စွာဘုရားက ဆုံးမတာ ဘုရားမြင်လို့ တရားမြင်မှာ မဟုတ်ဘူး။ တရားမြင်မှ ဘုရားမြင်မှာ ဆိုပြီး ဆုံးမတယ်။ သက်ရှိထင်ရှားရှိတဲ့ မြတ်စွာဘုရားတောင် အဆင်းပေါ် မတပ်မက်ဖို့ အခုလို ဆုံးမခဲ့တာ။ အခုဟာက အနေကဇာ တင်ထားတဲ့ ရုပ်တုလည်း မဟုတ်ဘူး။ လမ်းဘေးတွေမှာလည်း ဘုရားပုံတော်တွေ ရောင်းနေတာလည်း ရှိတာပဲ”ဟု ပြောဆိုသည်။
ထိုဘားဆိုင်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ယာယီ ပိတ်သိမ်းခဲ့ပြီ်၊ ဆိုင်တာဝန် ရှိသူများအား ဖမ်းဆီးကာ ဗဟန်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။
“စွဲထားတဲ့ ပုဒ်မတွေ အရဆို ပုဒ်မ ၂၉၅ က အများဆုံး ထောင်ဒဏ် ၂နှစ်၊ ၂၉၅ (က) က အများဆုံး ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ ကတော့ ၁ လ ကျနိုင်တယ်”ဟု ရှေ့နေ ဦးမြသွေးက ပြောသည်။
ဘားဆိုင် ဖွင့်ပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြု ကြော်ငြာခဲ့သည့် နယူးဇီလန် နိုင်ငံသား Mr.Philips နှင့် မြန်မာနိုင်ငံသား ၂ ဦး ဖြစ်သည့် ဦးထွန်းသူရိန်နှင့် ဦးထွဋ်ကိုကိုလွင် တို့ကို ဘာသာသာသနာဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅၊ ၂၉၅(က) နှင့် ဒေသန္တရ အုပ်ချုပ် ရေး အမိန့် ပုဒ်မ ၁၈၈ တို့ဖြင့် သက်ဆိုင်ရာက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
V Gastro.bar အမှုနှင့်ပတ်သက်ပြီး မတ်လ ၃ ရက်က ဗဟန်းမြို့နယ် တရားရုံးတွင် အပြီးသတ်လျှောက်လှဲချက်ပေးရာသို့ နယူးဇီလန် သံရုံးမှ တာဝန်ရှိသူများ၊ Mr.Philips ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများ တက်ရောက်လေ့လာခဲ့ကြသည်ကို တွေ့ရသည်။