နိုင်ငံတကာမှာ လမ်းအမည်၊ မြို့အမည် ပေးကြတဲ့အခါ လူအမည်တွေ ပေးကြတာမှာ များသောအားဖြင့် အသိအမှတ်ပြု ထိုက် သူ၊ ဂုဏ်ယူ ထိုက်သူတွေရဲ့ အမည်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့သဘောနဲ့ အမည်ပေး ခေါ်ဆိုကြတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ ဗြိတိသျှ ကိုလိုနီလက်အောက်ကို နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရတဲ့ အတွက် တချို့သော လမ်း၊ အဆောက် အအုံ စတာတွေဟာ အုပ်စိုးသူ အင်္ဂလိပ်လူမျိုး တချို့ရဲ့ အမည်တွေဖြစ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့မှာဆိုရင်လည်း လူတွေ အလွယ်တကူ မှတ်သားခေါ်ယူခဲ့ကြတဲ့ အမည်နာမတွေဖြစ်တဲ့ ဘားလမ်း၊ ခရစ္စလမ်း၊ ဂေါ်ဒွင်၊ ဟယ်လ်ပင်၊ လွစ္စလမ်း စတဲ့ လမ်းအမည်တွေဟာ အထင်အရှားပါ။
ဒါပေမယ့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ) စစ်အစိုးရ လက်ထက်မှာတော့ ကိုလိုနီ အငွေ့အသက် ပါနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အမိန့်အမှတ် ၁၅/၈၉ ထုတ်ပြန်ကာ နိုင်ငံ အမည်၊ မြို့အမည်၊ လမ်း အမည်တွေကို မြန်မာမှုပြု ပြောင်းလဲ ခဲ့ပါတယ်။
ဘားလမ်းကို မဟာဗန္ဓုလ ပန်းခြံလမ်း၊ ခရစ္စလမ်းကို ဗိုလ်မြတ်ထွန်းလမ်း၊ ဂေါဒွင်လမ်းကို လမ်းမတော်လမ်း၊ ဟယ်လ်ပင် လမ်း ကို ပြည်ထောင်စု ရိပ်သာလမ်း၊ လွစ္စလမ်းကို ဆိပ်ကမ်းသာလမ်း၊ ကုက္ကိုင်းလမ်းကို ကမ္ဘာအေး ဘုရားလမ်း၊ ယော့ခ် လမ်း ကို ယောမင်းကြီးလမ်း၊ အရင်က စကော့ဈေး(Scott Market) ကို ဗိုလ်ချုပ် အောင်ဆန်းဈေး စသဖြင့် ဗမာနာမည်တွေ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
ဒါတင်သာမက Rangooကနေ Yangon၊ Burma ကနေ Myanmar အဖြစ်လည်း ပြောင်းလဲခဲ့ပါတယ်။ ဒီလိုပြောင်းလဲ ခဲ့ပေ မယ့် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် သင်္ကေတကို ယခုအထိ နိုင်ငံတကာက(RGN) အဖြစ် လက်ခံသတ်မှတ်ထားသလို၊ Burma နဲ့ Myanmar ကိစ္စဟာ အငြင်းပွားဖွယ်ရာ အခြေအနေမှာပဲ ရှိပါသေးတယ်။
နောက်ဆုံး ဧရာဝတီမြစ် အမည်ကိုတောင်မှ အင်္ဂလိပ်လို ရေးသားရာမှာ အရင်က Irrawaddy ကနေ Ayeyarwady ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
စစ်အစိုးရဟာ ကိုလိုနီခေတ်က နာမည်တွေကိုသာ ပြောင်းလဲပစ်ခဲ့တာမဟုတ်ဘဲ ကိုလိုနီ အငွေ့အသက် လုံး၀ မပါတဲ့ တိုင်းရင်း သား ဘာသာစကား၊ ယဉ်ကျေးမှု သင်္ကေတတွေနဲ့ သမိုင်းဝင် အမည် နာမတွေကိုလည်း ဗမာမှုပြု ပြောင်းလဲပစ်ခဲ့တာတွေ တော်တော်များများ တွေ့ရပါတယ်။
အဲဒီအထဲမှာ မွန်ယဉ်ကျေးမှု အမွေအနှစ်၊ စာပေ၊ ယဉ်ကျေးမှု အထိမ်းအမှတ် တော်တော်များများကိုလည်း ပြောင်းလဲ ပစ်ခဲ့ပါတယ်။
ကျောက်တန်း ရေလယ်ဘုရားဆိုရင် ကျိုက်မှော်ဝန်း ဆိုတဲ့ အမည်နာမကနေ ရွှေမှော်ဝန်းလို့ နဝတ အတွင်းရေးမှူး ၁ ဦးခင်ညွှန့် လက်ထက်က ပြောင်းလဲပစ်ခဲ့တာလည်း အပါအဝင်ဖြစ်ပါတယ်။
ကျိုက်ဆိုတာ မွန်ဘာသာစကားအရ ဘုရားလို့ အဓိပ္ပာယ်ရပြီး တချိန်က မွန်ဘုရင်တွေ တည်ထား ကိုးကွယ်ခဲ့တဲ့ မွန်ဘုရားတွေရဲ့ အမည်နာမတွေကို ပယ်ဖျက်ပြီး ကျိုက်ဆိုတဲ့ စကားရပ်အစား ရွှေ ဆိုတဲ့ စကားရပ်တွေ ထည့်ပြီး ဗမာမှုပြုလိုက်တာတွေမှာ အဓိပ္ပာယ်မရှိတော့ဘူးလို့ မွန်စာပေ ပညာရှင်တွေက ပြောပြကြပါတယ်။
မွန်တိုင်းရင်းသားတွေအနေနဲ့ ကာလ ရွေ့လျားလို့ အခေါ်အဝေါ်ပြောင်းသွားတာမျိုးကို လက်ခံနိုင်ပေမယ့် ရည်ရွယ်ချက်ရှိရှိ မွန် ယဉ်ကျေးမှုတွေကို ဖယ်ရှားပစ်တာကိုတော့ အတော် စိတ်ထိခိုက်ကြတယ်လို့ သိရတယ်။
ဒါ့အပြင် တချိန်က မော်လမြိုင်မြို့အဝင် မွန်တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ် သင်္ကေတ ဟင်္သာရုပ်ကို ဖယ်ရှားပြီး ဆွမ်း အုပ် နဲ့ အစားထိုးခြင်း၊ မော်လမြိုင်မြို့မှာရှိခဲ့တဲ့ မွန်ယဉ်ကျေးမှု ပြတိုက်ဆိုတာကို ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန၊ ရှေးဟောင်း သုတေ သန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဆိုပြီး မွန် ဆိုတဲ့ တိုင်းရင်းသား အမည်နာမကိုပါ ဖယ်ရှားပစ်ခြင်းတို့ကိုလည်း ပြုလုပ် ခဲ့ပါတယ်။
အလားတူ ရခိုင်မြို့ရွာ အခေါ်အဝေါ်တွေဘက်ကို ကြည့်ရင်လည်း Arakanကနေ Rakhineလို့ပြောင်းခဲ့ရသလို၊ မြောက်ဦး (Mrauk Oo)ကနေ Mrauk U လို့ ပြောင်းခဲ့ရပါတယ်။
အလားတူ စစ်တွေကို မြန်မာအစိုးရက Sittwe လို့ ရေးပြီး ရခိုင်များကမူ Site Twe ဟုလည်းကောင်း၊ ရခိုင်များက ရမ်းဗြဲ မြို့ကို Ram Brye ဟု ဆိုပေမယ့် မြန်မာအစိုးရကRamree ဟုလည်းကောင်း၊ ရခိုင် Araken National Party ကို Rakhine National Party ဟုလည်းကောင်း ပြောင်းလဲ ရေးသားမှုတွေ ပြုလုပ်ပါတယ်။
ရခိုင်တိုင်းရင်းသားတို့အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကတော့ ရခိုင်ဘုရင် အဆက်ဆက် လက်ထက်မှာ ဝတီ ၇ ရပ် ရှိခဲ့ပေမယ့် မြန်မာ စစ်အစိုးရ လက်ထက်က ဝတီ ၄ ရပ်လို့ တရားဝင် ပြောင်းပစ်လိုက်ပါတယ်။ အဲဒီအပြင် ရခိုင် အခေါ်အဝေါ်တော်တော်များများကို အစိုးရက ဗမာမှု ပြုခဲ့ပါသေးတယ်။
ရှမ်းတိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အမည်ပြောင်းခံလိုက်ရတဲ့ မြို့ရွာတွေ ဖျက်ဆီး ခံခဲ့ရတဲ့ ယဉ်ကျေးမှုတွေ အကြောင်း ကို ရေးသားထားတဲ့ “တားမြစ်ထားသော မြင်ကွင်းများ” လို့ အမည်ရတဲ့ စာအုပ်ကို ၂၀၀၉ ခုနှစ်ခန့်က ထုတ်ဝေခဲ့ဖူးပါတယ်။
အဲဒီစာအုပ်ထဲမှာ ရှမ်းဘာသာနဲ့ စပါးပင်ပေါများတဲ့ တောင်ကြားလို့ အမည်ရတဲ့ “ယောင်ဟွေ” ကို မြန်မာဘာသာ နဲ့ ရွှေရောင် ညောင်ပင်လို့ အဓိပ္ပာယ်ရတဲ့ “ညောင်ရွှေ” ၊ ရှမ်းစာပေအရ မြို့ အဓိပ္ပာယ်ရတဲ့ “မုန်း” ကိုလည်း (ဗမာ စကားမှာ ဗုံး လို့ အဓိပ္ပာယ် ကောက်ယူနိုင်တဲ့) “မိုင်း” လို့ ပြောင်းလဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း စစ်အစိုးရက သူတို့ဟာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများစွာ ရှိတဲ့အနက် လူများစု ဗမာ တိုင်းရင်းသားကို ကိုယ်စားပြုသယောင်နဲ့ ဗမာမှု ပြုတဲ့ Burmanization လုပ်ဆောင်ခဲ့မှုတွေကြောင့် အရင် စစ်အစိုးရတွေဟာ ဗမာ လူမျိုးကြီးဝါဒကို တည်ဆောက်နေတာဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ က စွပ်စွဲပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ တိုင်းရင်းသားများစွာ စုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံမှာ သမိုင်းမှန်တန်ဘိုးတွေကိုလည်း ထိန်းသိမ်းသင့် သလို တိုင်းရင်းသားတွေရဲ့ မူလ ရိုးရာ ဘာသာစကား၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို အမှန်တကယ်လေးစားလိုက်နာဖို့၊ သမိုင်း တန်ဖိုးတွေကို လေးစားလိုက်နာဖို့ အတွက် မြန်မာ အစိုးရ အပါအဝင် မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ ။