ကိုးကန့်တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၃၅၀ ကျော် တရုတ် နယ်စပ်မှ ခြေကျင်လမ်းလျှောက်၍ လောက်ကိုင်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ရှောင်ဒုက္ခသည်များမှာ တရုတ်နယ်စပ်ရှိ နမ့်ဆန်မြို့နှင့် လောက်ကိုင်မြို့ကြား နယ်စပ်ဒေသတွင် တိမ်းရှောင် ပုန်းအောင်း နေကြသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ လာရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြ သည်။
ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ကွမ်းလုံ ဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက “တချို့က နမ့်ဆန် ကယ်ဆယ်ရေး စခန်း ကနေ လောက်ကိုင်အထိကို လမ်းလျှောက်လာကြတာ။ အခု ဒီမနက် ၇ နာရီကစပြီး လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ကား လမ်း အတိုင်း ခြေကျင်ဆင်းလာနေပြီ။ မိုးချုပ်လောက်မှ ရောက်မယ်”ဟု ဧရာဝတီကို ပြောသည်။
တရုတ်နယ်စပ်နှင့် ချင်းရွှေဟော်မြို့သည် မိုင် ၃၀ ကျော်ကွာဝေးပြီး လတ်တလော တိုက်ပွဲအခြေအနေများကြောင့် ကယ်ဆယ်ရေး ကားများ သွားလာရန် မဖြစ်နိုင်သေးကြောင်းလည်း သိရသည်။
ချင်းရွှေဟော်မြို့မှ ကယ်ဆယ်ရေးသမား တဦးက“ကယ်ဆယ်ရေး ကားတွေက သွားလို့ မရသေးဘူး။ ကြက်ခြေနီကား ဆို ပိုတောင် ဆိုးသေးတယ်။ မသွားရဲဘူး။ သူတို့(ကိုးကန့်တပ်ဖွဲ့) မျက်စိဆံပင်မွေး စူးနေလား မသိဘူး”ဟု ဆိုသည်။
လောက်ကိုင်-ချင်းရွှေဟော် ကားလမ်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်က ကြက်ခြေနီ အလံတင် ကယ်ဆယ်ရေး ယာဉ် တန်း ၂ စီး အပစ်ခံရပြီး ကြက်ခြေနီ ၃ ဦး၊ သတင်းထောက် တဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရ ရှိခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တပ်မတော်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံ သားများ၊ အစိုးရ ဝန်ထမ်းများ၊ ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် သောင်းနှင့်ချီရှိသည့် ဒုက္ခသည်များသည် စစ်ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။
တရုတ်ကြက်ခြေနီ တပ်ဖွဲ့ အကြီးအကဲက ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ စစ်ရှောင်ဒုက္ခသည် တသိန်း ကျော် ယူနန် ပြည်နယ်ထဲသို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း၊ ယင်းစစ်ရှောင်ဒုက္ခသည်များ နေထိုင်ရန်အတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေကြောင်း မီဒီယာများကို ပြောကြားထားသည်။
ဘေဂျင်းမြို့၌ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟောင်လိုင်က မြန်မာနိုင်ငံမြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် အခြေအနေများကို တရုတ်အစိုးရ အနေဖြင့် အထူး အလေး ထား စောင့်ကြည့်နေကြောင်း၊ ပြင်းထန်သည့် တိုက်ပွဲတွေ မဖြစ်ပွားရန် နှစ်ဖက်စလုံးက ထိန်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၌ ထွက်ပြေးခိုလှုံနေသည့် စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော်သည် မြန်မာနယ်စပ် ချင်းရွှေဟော် ဂိတ်မှတဆင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း ချင်းရွှေဟော် အခြေစိုက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြောသည်။
မြန်မာ့တပ်မတော်က လောင်ကိုင်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း မော်ထိုက်မြို့နယ်အတွင်းရှိ ဒေသတချို့တွင် တိုက် ခိုက် မှုများ ရှိနေသေးသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာတွင်လည်း ဖော်ပြထားသည်။