အစိုးရက တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် ပြဿနာရပ်များကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းနေခြင်း အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)က ကြေညာချက်တစောင်ကို မတ် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိအချိန်၌ အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် အစိုးရက ပြည်ပ ကျူးကျော်စစ်သဖွယ် ဆောင်ရွက်နေခြင်းနှင့် တိုင်းရင်းသားများအကြား သွေးကွဲစေမည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း KNPP အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ပြောသည်။
“ဒီထုတ်ပြန်ချက် ထုတ်ရတာက အစိုးရက လောက်ကိုင် တိုက်ပွဲကို ပြည်ပကျူးကျော်စစ် ပုံစံ ဆောင်ရွက်နေတယ်။ ဒါကို ကျနော်တို့ မထောက်ခံဘူး။ ဒါဟာ ပြည်တွင်းရေး ဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတွေ တိုးမလာဘဲ လျော့လာတယ်’’ဟုလည်း ၎င်း က ပြောဆိုသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ကြိုးပမ်းနေချိန်တွင် လောက်ကိုင် အရေးကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ယုံကြည်မှုတစုံတရာ လျော့ပါးစေကြောင်း ဦးရွှေမျိုးသန့်က ဆက်ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်တိုက်ပွဲတွင် ရှမ်းပြည်အခြေစိုက် လက်နက်ကိုင် တချို့ ပါဝင်ပတ်သက်နေကြောင်း၊ ပါဝင်သည့် အဖွဲ့အစည်းများ အနေဖြင့် ယင်းလုပ်ရပ်အပေါ် တာဝန်ယူရမည်ဖြစ်ကြောင်း ပြောဆို ထားသည်။
ထိုသို့ ပြောဆိုခဲ့မှုအပေါ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက“ဒီလိုပြောတာက သတိပေးတာလည်း ဖြစ်နိုင်သလို၊ စစ်ကြေညာတဲ့ သဘောလည်း သက်ရောက်နေတယ်။ လောက်ကိုင် အရေးနဲ့ ပတ် သက်ပြီး လာမယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာလည်း ထည့်သွင်း ဆွေးနွေးဖို့ အဆိုပြုထားတယ်။ ငြိမ်းချမ်းရေး အတွက် တဖက်နဲ့ တဖက် ယုံကြည်မှု လျော့တာ၊ တိုးတာက အဲ့ဒီ ဆွေးနွေးပွဲမှာ စောင့်ကြည့်ရမှာပါ’’ဟု ဧရာဝတီကို ပြောသည်။
အစိုးရ တပ်မတော်က လောက်ကိုင်အရေးနှင့် ပတ်သက်ပြီး ပြည်ပကျူးကျော်စစ်သဖွယ် ထုတ်ပြန်ကြေညာ၍ စစ်ဆင်ရေး ဆောင်ရွက် နေခြင်းသည် ပြည်သူလူထု၏ ထောက်ခံမှု ရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟုလည်း ဦးနိုင်ဟံသာက ဆက်ပြောသည်။
လောက်ကိုင် အရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ ပါဝင်ပတ်သက်နေသည်ဟု တပ်မတော်၏ ထုတ်ပြန် ချက်များအပေါ် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများက ကြေညာချက်များ ပြန်လည် ထုတ်ပြန်၍ ငြင်းဆိုထား ကြသည်။
တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် “၇” ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယခု မတ်လအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုထားသည်။