ပဲခူးတိုင်း လက်ပံတန်းမြို့ရောက် သပိတ်မှောက် ကျောင်းသားများအား ထောက်ခံဆန္ဒပြသည့် ဒေသခံ ၁၁ ဦးကို ပုဒ်မ ၁၈ ဖြင့် အရေးယူရန် ပြင် ဆင်လျက်ရှိပြီး လတ်တလောတွင် ၄ ဦးကို ဖမ်းဆီးထားကြောင်း လက်ပံတန်း ရဲစခန်းမှ သတင်းရသည်။
“ဒီနေ့မှာပဲ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာပါ။ မိမိတို့ လုပ်ချင်တာကို ဥပဒေပါ စည်းကမ်းချက် အတိုင်း မြို့နယ်အုပ်ချုပ်ရေးပိုင်းကို တင်ပြခြင်း မရှိလို့ပါ။ အားလုံး ၁၁ ယောက်ပါ။ ခု ၄ ယောက်ကို ဖမ်းဆီးထားပြီး စစ်ဆေးဆဲပါ။ ကျန်တဲ့သူတွေကိုတော့ ဖမ်းလို့ မမိသေးပါဘူး”ဟု လက်ပံတန်းမြို့နယ် ရဲစခန်းမှ ဒုရဲမှူး စန်းမြင့်က ဧရာဝတီကို ပြောသည်။
ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြရာတွင် ခေါင်းဆောင်ဟု ယူဆရသူ ၁၁ ဦး၏ ဓာတ်ပုံမှတ်တမ်းများကို ရရှိထားကြောင်း၊ လတ်တလောတွင် ၄ ဦး ဖမ်းမိထားပြီး ကျန်ရှိနေသူများကို ဆက်လက် ရှာဖွေဖမ်းဆီး၍ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှ ရန်ကုန်သို့ ချီတက်လာသည့် ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းကို မတ်လ ၃ ရက်က အာဏာပိုင်များက ဆက်လက် ချီတက်ခွင့်မပြုဘဲ တားဆီးခဲ့သောကြောင့် လက်ပံတန်း ဒေသခံ ၁၀၀ ကျော်က စုပေါင်းပြီး ကျောင်းသားသပိတ် ထောက်ခံ ဆန္ဒပြမှုများကို မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့ရာမှ ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဒေသခံတွေဟာ ကျနော်တို့ကို လာဝန်းရံပြီး ကျနော်တို့နဲ့ တွေ့ရဖို့ ခွင့်တောင်းတာပါ။ ဆူပူအကြမ်းဖက်တာလည်း မဟုတ်ဘူး။ ဒါကို ဖမ်းဆီးတယ်ဆိုတာ တရားမမျှတပါဘူး။ အခု ကျနော်တို့ ကျောင်းသားတွေက ဖမ်းဆီးထားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့အတွက် သွားရောက် တောင်းဆိုမှုတွေ လုပ်နေပါတယ်”ဟု သပိတ်စစ်ကြောင်းကို ဦးဆောင်နေသည့် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
လက်ပံတန်းမြို့နယ် သံဃမဟာနာယက ဆရာတော်များက ယမန်နေ့က ကျောင်းသား သပိတ်စခန်းသို့ ရောက်ရှိလာပြီး သပိတ် စခန်းရှိ ကျောင်းသားများ၊ ရဲတပ်ဖွဲ့များနှင့် သတင်းမီဒီယာများကို ရေနှင့်အစားအစာများ ပေးလှူကြောင်းနှင့် သပိတ်တွင် ပါဝင်နေ သည့် သံဃာတော်များကို မူရင်းကျောင်းတိုက်များဆီသို့ ပြန်ကြွရန် မေတ္တာရပ်ခံခဲ့ပြီး ကျောင်းသားများကိုလည်း သပိတ်နှင့် ပတ် သက်၍ မေတ္တာရပ်ခံခဲ့သည်ဟု ကိုမြတ်သူက ဆက်ပြောသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း ခန်းမတွင် ပြုလုပ်သော လေးပွင့်ဆိုင် ဆွေးနွေးပွဲမှ သဘောတူထားသည့် ပူးတွဲထုတ်ပြန်ချက်၌ အပိုဒ်(၁)၊ ပိုဒ်ခွဲ(က)-၂ အရ “ဒီမိုကရေစီ ပညာရေး သပိတ်တွင် ပါဝင်သူ ကျောင်း သား/ကျောင်းသူများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရ”ဟု သဘောတူထားခဲ့ကြောင်း သိရသည်။