ကျောင်းသား၊ အလုပ်သမားအရေး ဆန္ဒပြမှုတွေမှာ ဝင်ရောက်သတင်းယူတဲ့ သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်မှုတွေ ပြုလုပ်လာတာဟာ သတင်းသမားတွေရဲ့ လွတ်လပ် လုံခြုံစွာ သတင်းရယူပိုင်ခွင့်ကို ခြိမ်းခြောက်လာတာလားဆိုပြီး သတင်းမီဒီယာအသိုင်းအဝိုင်းက ဝေဖန်မေးခွန်းထုတ်နေကြပါတယ်။
ယနေ့ မနက် ၉ နာရီခွဲခန့်က လက်ပံတန်းမြို့ပေါ်မှာ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်စဉ်ကို ဓာတ်ပုံသတင်းရယူနေတဲ့ ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ ကင်မရာကို လုယူခြင်းတို့ပြုလုပ်ခဲ့ပါတယ်။
“ကျနော့်ကိုဖမ်းဖို့ ပြောတဲ့ အရပ်ဝတ်နဲ့လူက သူ့ကိုယ်သူ ပြည်သူတဦးပါ လို့ပြောပြီး ဆန္ဒပြနေတဲ့ကျောင်းသားတွေကို မင်းတို့က ဘာကိုဖြစ်ချင်တာလဲ မေးတာကြားရတယ်။ ကျောင်းသားတွေက ဘယ်သူလဲ၊ ဘာတာဝန်ရှိလဲပြန်မေးတော့ အဲဒီ အရပ်ဝတ်နဲ့လူ ပြန်ထွက်သွားတယ်။ အဲဒီလူ က ချက်ချင်းဆိုသလို “အကုန်ဆွဲတင်၊ ဖမ်း၊ ဖမ်း”လို့ အော်လိုက်တာနဲ့ တပြိုင်နက် သူတို့ကားတွေပေါ်မှာထိုင်နေတဲ့ ရဲတွေအကုန် ဆင်းချလာပြီး ဆန္ဒပြနေတဲ့သူတွေကို ဝင်ဖမ်းတယ်။ ကျနော်က ခုနက အော်တဲ့ အရပ်ဝတ်နဲ့လူကို ဓာတ်ပုံရိုက်တယ်။ အဲဒါကို သူ မြင်သွားပြီး “ဒီကောင့်ကိုပါ ဖမ်း”ဆိုပြီး ပြောတယ်။ ရဲ ၅ ယောက်လောက် ကျနော့်ကို ချုပ်လိုက်တယ်။ လက်ထဲက ကင်မရာကို လုယူတယ်။ ကျနော်လည်း ငါ့ကို ချုပ်နေပြီဆိုပြီး ကိုယ့်သတင်းထောက်အချင်းချင်း အော်ပြောတော့ သတင်းထောက်တွေ ရောက်လာပြီး ရဲတွေလက်ထဲက ကျနော့်ကို ပြန်ဆွဲကြတယ်”လို့ ဧရာဝတီ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်က ရှင်းပြပါတယ်။
အဆိုပါဖြစ်စဉ်အပြီး လူမှုကွန်ရက်မီဒီယာတွေမှာတော့ သတင်းထောက် ကိုစိုင်းဇော်ကိုဖမ်းဆီးဖို့ ပြောတဲ့ အရပ်ဝတ် နဲ့ပုဂ္ဂိုလ်က ဒုရဲမှူး စန်းမြင့် ဖြစ်တယ်ဆိုပြီး ပြောဆိုနေကြတာတွေ့ရပါတယ်။
မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ ခန့်ကလည်း ရွှေပြည်သာစက်မှုဇုန်နယ်မြေက အခြေခံလစာတိုးမြှင့်ရေး အလုပ်သမားများရဲ့ ဆန္ဒထုတ်ဖော်မှု သတင်းရယူနေကြတဲ့ 7Day နေ့စဉ်သတင်းစာမှ ဓာတ်ပုံသတင်းထောက်ကိုနစ်ကီ နဲ့ DVB သတင်းဌာန ရဲ့ သတင်းထောက် ကိုမျိုးဇော်လင်းတို့ကို အရပ်ဝတ်နဲ့လူတချို့က ဖမ်းဆီးခဲ့ပြီး ခေတ္တထိန်းသိမ်းခံခဲ့ရပါတယ်။
“လက်ရှိအစိုးရရဲ့ သပိတ်ဖြိုခွင်းမှုရဲ့ လူဖမ်းပွဲ လူရိုက်ပွဲကြီး လုပ်နေတဲ့အထဲမှာ တကယ်တမ်းအချိန်နဲ့ တပြေးညီ သတင်းပို့နေရတာက သတင်းဌာနတွေကိုး။ အဲဒီတော့ သတင်းဌာနတွေကိုပါ ရည်ရွယ်ချက်ရှိရှိ နဲ့ ပစ်မှတ်များ ပြန်ထားလာသလားလို့ ကျနော်တို့ စိုးရိမ်လာတယ်။ ဘာလို့လဲဆိုတော့ သတင်းထောက်တွေကိုဖမ်းတဲ့ကိစ္စ၊ ကင်မရာတွေကို လုတဲ့ကိစ္စ တွေဖြစ်လာတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းယူမှုတွေကို ပြန်ပြီးတော့ ပစ်မှတ်ထားနေလားလို့ စိုးရိမ်လာပါပြီ။ သတင်းမီဒီယာဥပဒေအရ ခွင့်ပြုပေးထားတာကို ကာကွယ်ပေးဖို့ အစိုးရမှာလည်း တာဝန်ရှိတယ်”လို့ ဒီဗွီဘီ သတင်းဌာန အယ်ဒီတာ ကိုတိုးဇော်လတ်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ အနေနဲ့လည်း လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက် ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ သတင်းသမားများရဲ့ လုံခြုံရေးကိစ္စ၊ ကင်မရာအလုခံရတာ၊ ဖမ်းဆီးထိန်းသိမ်းမှုထဲပါသွားတဲ့ ကိစ္စမျိုးမှာ အစိုးရပိုင်းက ဘယ်လိုကာကွယ်မှုပေးမလဲဆိုတာကို မေးမြန်းသင့်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကလည်း လတ်တလောဖြစ်ပျက်သွားခဲ့တဲ့ အရပ်ဝတ်နဲ့ တာဝန်ဆိုတဲ့လက်ပတ် ပတ်ထားသူတွေကို ဆန္ဒပြပွဲတွေမှာ အသုံးပြုနေတာ၊ သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ကင်မရာတွေကို လုယူတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး ဆောင်ရွက်သွားဖို့ရှိကြောင်း သိရပါတယ်။
“မီဒီယာ အခွင့်အရေးတွေကို လေးစားမှုမရှိဘူး သတင်းရယူပိုင်ခွင့်က အစပေါ့။ အားလုံးသိမ်းကျုံး ဖမ်းဆီးတယ်။ စစ်ကြောတဲ့နေရာရောက်မှ သတင်းသမားဆိုပြီးပြန်လွှတ်တယ်။ တခုက ကျနော်တို့မီဒီယာတွေဘက်က မီဒီယာမှန်းသိသာအောင် ဒီထက်ပိုထင်ရှားတဲ့အဝတ်အစားတွေဝတ်ဖို့ လိုအပ်တယ်။ သူတို့တွေဘက်မှာ အကြမ်းဖက်ဖြိုခွင်းတဲ့ အရိပ်အယောင်တွေတွေ့ရတော့ သတင်းသမားလည်း သူတို့ခွဲခြားမှာ မဟုတ်ဘူး။ ဒါကတော့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့သဘော လို့ပြောရင်ပြောလို့ရတယ်”လို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုမြင့်ကျော်က ဆိုပါတယ်။
7Day သတင်းမီဒီယာရဲ့ တာဝန်ခံအယ်ဒီတာ ကိုအားမာန်ကတော့ လက်ရှိအနေအထားတွေက ရှုပ်ထွေးနေတော့ သူတို့သတင်းထောက်တွေကိုလည်း ဆန္ဒပြတဲ့အနေအထားမှာ သတင်းသမားမှန်းပေါ်လွင်အောင် ဝတ်ဆင်ဖို့ PRESS လို့အမည်ပါတဲ့ အပေါ်ဝတ်အကျီၤ ဝတ်ဆင်ဖို့၊ မီဒီယာ အမှတ်အသားကဒ်တွေ ဆွဲထားဖို့ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဏာပိုင်တွေကိုယ်တိုင်က မီဒီယာတွေအပေါ်မှာ အမြင်စောင်းနေတာတွေရှိတယ်ဆိုတာ အွန်လိုင်းစာမျက်နှာတွေမှာလည်း တွေ့ရတော့ သတင်းသမားတွေအနေနဲ့ ဒီအနေအထားမှာ တော်တော်လေး သတိထားဖို့လိုမယ်။ စိတ်ပူစရာကောင်းတယ်။ အစိုးရပိုင်းက လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့တွေကို မီဒီယာရဲ့ အခန်းကဏ္ဍကို ပြောပြထားသင့်တယ်လို့ မြင်တယ်။ အခုက အစိုးရရော၊ ရဲဘက်ကရော တာဝန်မယူဘူး”လို့ ကိုအားမာန်က သုံးသပ်ပြောဆိုပါတယ်။
7Day သတင်းမီဒီယာရဲ့ ဓာတ်ပုံသတင်းထောက် ကိုနစ်ကီ ရဲ့ ကင်မရာကို ထိန်းသိမ်းခံရတဲ့နေ့က အရပ်ဝတ်နဲ့ ပုဂ္ဂိုလ်အချို့ လုယုသွားတဲ့အတွက် အဆင့်ဆင့်ပြန်တောင်းခဲ့ပြီး ယမန်နေ့ ညက ပြန်လည်ရရှိခဲ့ကြောင်း၊ ကင်မရာထဲမှာ ရှိတဲ့ မန်မိုရီကဒ်ထဲက ဓာတ်ပုံတွေအားလုံး ပြန်ရကြောင်း သိရပါတယ်။
ဒီလို သတင်းထောက်တွေ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဖမ်းဆီးခံနေရမှုအပေါ် ဧရာဝတီ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ရဲနည်ကလည်း “လောက်ကိုင်တိုက်ပွဲတွေကြားမှာတောင် တပ်မတော်လို အာဏာပိုင်အဖွဲ့တွေက ကျနော်တို့ သတင်းထောက်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ခွင့်ရဖို့ ဝိုင်းကူညီပေးခဲ့ကြသေးတယ်။ အခုလို ဘယ်အဖွဲ့ကမှန်း ဘာတာဝန်ရှိမှန်း မရေမရာတဲ့သူတွေကို အာဏာပိုင်တွေက ထင်ရာလုပ်ခွင့် ပေးထားတာဟာ တာဝန်မဲ့လွန်းပါတယ်။ သတင်းထောက်တွေ ကိုယ့်အလုပ်ကို ကိုယ် လုံလုံခြုံခြုံလုပ်ခွင့်ရဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။