တရုတ်-မြန်မာ နယ်နိမိတ်ကို ပိုင်းခြားထားသည့် နယ်ခြားချောင်းရှိ သစ်လုံးတံတားတခုပေါ်တွင် ကျောထက် ၌ ရင်သွေးငယ်များကို ချီပိုးထားသည့် အမျိုးသမီးငယ်တချို့ အပါအဝင် အထုပ်အပိုးကိုယ်စီဖြင့် လူတစု ကသုတ် ကရက် ကူးဖြတ်နေကြသည်။
ခါးတဝက်ခန့် အနက်ရှိ ရေထဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂ ဦးက ကူးဖြတ်နေသူများ ယာယီလက်ရန်းအဖြစ် အသုံးပြုနိုင်အောင် ဝါးလုံးရှည်တချောင်းကို လေထဲ၌ အလျားလိုက် ကိုင်မြှောက်ပေး ထားသည်။
ယင်းသစ်လုံးတံတားသည် မြန်မာနယ်စပ် ကုန် သွယ်ရေးဂိတ် ချင်းရွှေဟော်နှင့် ကိုက် ၁၀ဝ ကျော် အကွာ တွင် ရှိပြီး တကျော့ပြန် တိုက်ပွဲများကြောင့် အနက်ရောင် နယ်မြေအဖြစ် သတ်မှတ်ထားသော ကုန်းကြမ်းမြို့ နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြတ်ကူး နေကြခြင်း ဖြစ်သည်။
ယင်းစစ်ဘေးရှောင် ဒုက္ခသည်တစုသည် နယ် စပ်ဒေသမှတဆင့် တရုတ်နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တိုက်ပွဲလွတ်ရာ မြန်မာနယ်စပ်မြို့ ချင်းရွှေဟော်အနီးမှ ပြည်တွင်းထဲသို့ ပြန်လည်ဝင် ရောက်လာခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှစပြီး တပ်မတော်နှင့် MNDAA ကိုးကန့် တပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။
တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ထောင် ပေါင်းများစွာသော ဒေသခံများနှင့် ရွေ့ပြောင်းလုပ်သားများမှာ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရသည်။
ကျေးရွာများရှိ ဈေးဆိုင်များမှာလည်း ပိတ်ထားကြပြီး တိုက်ပွဲများ ရက်ရှည်ကြာလာသည်နှင့် အမျှ ချက်ပြုတ် စားသောက်ရန်ပင် အခက်အခဲများ ကြုံတွေ့လာရသည်။
ယင်းအခြေအနေများကြောင့် ကုန်ကြမ်းမြို့နယ် ရှိ လောက်ကိုင်၊ ရိဟော်လင်၊ လော်ရင်းကျိုင်း၊ တာချင်စူး၊ တာရှန်၊ စူကြာကျိုင်း ကျေးရွာတို့မှ ကျောင်းဆရာ၊ ဆရာမ အများစုပါဝင်သည့် ဒုက္ခသည် ၄၃ ဦးသည် တရုတ်နယ်စပ်သို့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းမှ စတင်ထွက်ခွာလာခဲ့ကြသည်။ လမ်းတလျှောက်တွင် သေနတ်သံများ၊ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်သံများကြားမှာ မကြာခဏ ကြားနေခဲ့သည်။
တာရှန်ကျေးရွာမှ အလယ်တန်းပြဆရာ ဦးမင်း သူအောင်က “လမ်းမှာ ဒေသခံ ကိုးကန့်တွေ၊ ပလောင် တွေ နမ့်ဆန် (တရုတ်နယ်စပ်မြို့) အထိ ခြေကျင် လျှောက်နေကြတာကို တွေ့ရတယ်။ တချို့ဆို ရွာလုံး ကျွတ်ကို လျှောက်နေကြတာ။ အဲဒီဘက်က ရွာတွေ အားလုံးနီးပါးက လူမရှိကြတော့ဘူး” ဟု ဧရာဝတီကို ပြောပြသည်။
လောက်ကိုင်ရွာမှ လိုက်ပါလာသည့် ဆရာ၊ ဆရာမ ၃၂ ဦးအဖွဲ့မှာ ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ် ကြောက်လန့်ပြီး လမ်းခုလတ်တွင် နောက်ကြောင်းပြန်လှည့်သွားခဲ့တော့သည်။ ကျန်ဒုက္ခသည်များမှာ ဆိုင်ကယ် ၅ စီးဖြင့် ခရီးဆက်ခဲ့ကြပြီး တနာရီခန့်အကြာတွင် တာချင်စူး ကျေးရွာအနီး တောတွင်းတနေရာ၌ ကိုးကန့် တပ်ဖွဲ့ဝင်များနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။
MNDAA အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်း များ ဝတ်ဆင်ထားသည့် ကိုးကန့်တပ်သားများက သေနတ်ဖြင့် ချိန်ရွယ်ထားပြီး စစ်ဆေးမေးမြန်းနေစဉ် တွင် ကျောင်းဆရာ၊ ဆရာမ အများစုမှာ အစိုးရ ဝန်ထမ်းများဖြစ် ကြောင်း မပြောရဲသဖြင့် လိမ်ညာပြောဆိုခဲ့ကြရသည်။
“ကျမတို့က ကျောင်းဆရာမ မဟုတ်ဘူးလို့ လိမ်လိုက်တယ်လေ။ ဘွဲ့လက်မှတ်တွေ၊ ၁၀ တန်း အောင် လက်မှတ်တွေ တွေ့တဲ့အခါ ကျောင်းဆရာမ မှန်းသိသွားတယ်။ သူတို့က ဗမာစကားလည်း တတ်တယ်။ ဗမာစာလည်း ဖတ်တတ်တယ်” ဟု စူကြာကျိုင်းကျေးရွာမှ ဆရာမဒေါ်စုကြည်ဝင်းက ပြောကြားသည်။
ဒုက္ခသည်များ ရှောက်ကိုင်ရွာမှ ထွက်ခွာလာသည်ကို သတင်းရရှိထားသဖြင့် လမ်းပြပေးရန် နံနက်ကတည်း က လာရောက် စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့ဝင်များက ပြန်လည်ပြော ကြားခဲ့ကြောင်း ၎င်းကဆို သည်။
ကိုးကန့်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ဒုက္ခသည်များကို အန္တရာယ်မပြုဘဲ တရုတ်နယ်စပ်သို့ လိုက် လံ ပို့ဆောင်ပေးမည်ဟု ပြောမှသာ စိတ်အနည်း ငယ် သက်သာရာရခဲ့ကြသည်။
“ဆရာမတွေမပြောနဲ့။ ကျနော် ယောက်ျား တယောက်တောင်မှ စိတ်ထဲတအားကျသွားတာပေါ့။ ဒီကနေ ဘယ်လိုရုန်းကန်မလဲ။ ငါတို့ကို ဖမ်းခေါ်သွားပြီး လျှိုတွေ၊ ချောက်တွေထဲများ ထည့်ထားမှာလား။ ဒါမှမဟုတ် ရှေ့ကနေ ကာဗာလုပ်မလား ဆိုပြီးတော့ အများကြီး စဉ်းစားနေရတယ်” ဟု ဦးမင်းသူအောင်က ဆိုသည်။
ကိုးကန့်တပ်သားများက ဒုက္ခသည်များ သယ်ဆောင်လာသည့် ကျောပိုးအိတ်များ၊ အဝတ်အစားများကို ၁ နာရီခန့်ကြာ စစ်ဆေးခဲ့ပြီး လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆိုင်ကယ် ၅ စီးကို သိမ်းယူခဲ့ကြသည်။
စစ်ရှောင်ဒုက္ခသည် များ စီးနင်းလာသည့် ဆိုင်ကယ်များမှာ တရုတ်ပြည်ထဲတွင် စီးနင်းခွင့်ရရှိမည် မဟုတ် သဖြင့် သိမ်းယူထားခြင်းဖြစ် ကြောင်း ရှင်းပြသည်။ လက်ကိုင်ဖုန်းများကိုလည်း အစိုးရတပ်မတော်နှင့် ဆက်သွယ်မည်စိုးသဖြင့် သိမ်းယူခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း စစ်ရှောင်တဦးက ပြောဆိုသည်။
“ကျနော်တို့ ဝန်ထမ်းဆိုတာကို မပြောဝံ့ဘူး။ ကိုယ့်အသက်ကို မလုံသေးဘူးလေ။ သူတို့က ပြည်သူ တွေကိုပဲ လွှတ်ပေးနေတာဆိုတော့ ကျောင်းဆရာ တွေ မြန်မာဝန်ထမ်းတွေဆိုတော့ သူတို့သတ်များ သတ်ပစ်မလား။ ဓားစာခံများ လုပ်မလားဆိုတဲ့ စိုးရိမ်စိတ်ပေါ့” ဟု တာရှန်ကျေးရွာမှ ကျောင်းဆရာ တဦးက ပြောသည်။
ထိုသို့ စစ်ဆေးပြီးနောက် ဒုက္ခသည်များကို နယ်စပ်သို့ပို့ပေးမည့် ကားများရှိရာသို့ ကိုးကန့် တပ်ဖွဲ့ဝင် ၅ ဦးက ဦးဆောင်လမ်းပြပြီး တောလမ်းအတိုင်း တောင်များဖြတ်ကျော်ကာ ၄ နာရီခန့် လမ်းလျှောက်ခဲ့ရာ ရှင်ပလင် ကျေးရွာသို့ ညနေ ၄ နာရီခန့် တွင် ရောက်ရှိခဲ့သည်။ ယင်းကျေးရွာတွင် ကိုးကန့် တပ်ဖွဲ့များနှင့် ထပ်မံ တွေ့ခဲ့ရ ပြီး ဒုက္ခသည်များ၌ ဖုန်းများ ပါမပါ ထပ်မံစစ်ဆေးခဲ့သည်။
မြေနီလမ်းများပေါ်တွင် ဖိုးဝှီးကားများဖြင့် သွားလာလှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးစခန်း များကိုလည်း လမ်းတလျှောက် တွေ့မြင်ခဲ့ရသည်။ ယင်းမြေနီလမ်းများသည် တိုက်ပွဲများ ပြန်လည်မဖြစ်ပွားမီ ရှေးယခင်ကတည်းက ဒေသထွက် ကြံများကို တရုတ်ပြည်သို့ ပို့ဆောင်ရာတွင် အသုံးပြုသည့် ကုန်ထုတ် လမ်း များပင် ဖြစ်သည်။
ကိုးကန့် စစ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ပလောင်လူမျိုးနှင့် ကချင်လူမျိုး တချို့ကိုလည်း တွေ့မြင်ခဲ့ရ ကြောင်း၊ တိုက်ပွဲမဖြစ်ခင်က သိကျွမ်း ရင်းနှီးခဲ့သည့် သာမန်အရပ်သား တချို့ကိုလည်း ကိုးကန့် တပ်ဖွဲ့ဝင် များအဖြစ် တွေ့မြင်ခဲ့ရကြောင်း၊ တပ်ဖွဲ့ဝင်တချို့မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ်သာ ရှိကြသေးကြောင်း ဒုက္ခသည်များက ဧရာဝတီကို ပြောဆိုသည်။
“ကိုးကန့်တပ်သား တယောက်ဆိုရင် တရုတ် ပြည်ထဲမှာ ၅ နှစ်၊ ၆ နှစ်လောက် ပန်းရန်သွားလုပ်နေတာ။ ဒီတိုက်ပွဲတွေမဖြစ်ခင် ပြန်ရောက်လာပြီး မခံချင်စိတ်နဲ့ သေနတ်ပြန်ကိုင်တယ်လို့ သူကပြောပြတယ်” ဟု စစ်ရှောင် ကျောင်းဆရာတဦးက ပြောသည်။
MNDAA ကိုးကန့်တပ်ဖွဲ့မှ အထွေထွေအတွင်း ရေးမှူး ဦးထွန်းမြတ်လင်းက လက်ရှိဖြစ်ပွားနေဆဲ တကျော့ပြန် တိုက်ပွဲများတွင် ကိုးကန့်ဒေသရှိ နယ်ခြား စောင့်တပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် တပ်သားများ၊ ကိုးကန့်ရဲ များနှင့် ပြည်သူတချို့မှာ ကိုးကန့် တပ်ဖွဲ့ဘက်သို့ ဘက်ပြောင်းဝင်ရောက်လာခဲ့ကြောင်း ဧရာဝတီကို ပြောဆိုခဲ့ သော်လည်း အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ရှောက်ကိုင်ကျေးရွာမှ စစ်ရှောင် တဦးက“ဒါ တရုတ်နိုင်ငံက အားပေးမှုလည်း ပါလောက်ပါတယ်။ ဒီလက်နက်တွေ၊ ဒီလူတွေကို သူတို့သာ တကယ်တား မယ်ဆိုရင် ဘယ်က ဘယ်လိုဝင်မလဲ။ ကျနော်တို့ကိုလည်း တရုတ်ဂိတ်မှာ ကိုးကန့်တယောက်က ဘာလို့ လာစောင့်လို့ရတာလဲ။ ကျနော့်အမြင် ပြောပြတာလေ” ဟု ပြောဆိုသည်။
နယ်စပ်သို့ လိုက်ပို့ပေးမည့် ကိုးကန့်တပ်ဖွဲ့မှ ယာဉ်တန်းကို စောင့်ဆိုင်းနေစဉ် အတောအတွင်း ကိုးကန့် တပ်ဖွဲ့ဝင်တချို့က ဒုက္ခသည်များနှင့် စကားစမြည် လာရောက်ပြောဆိုခဲ့ကြသည်။
“ဗမာစစ်သားတွေ မင်းတို့ကို ကူညီလားလို့ မေးတော့ ကျမတို့က သူတို့လည်း အကူအညီပေးပါတယ်လို့။ သူတို့က ကုန်းကြမ်းမှာ လုံခြုံမှုပေးထားပေမယ့် ကျမတို့က ကြောက်လို့ထွက်လာတာလို့ ပြောပြ လိုက်တယ်” ဟု ဆရာမ ဒေါ်စုကြည်ဝင်းကဆိုသည်။
အတူထွက်ပြေးလာပြီး လမ်း၌ နောက်ကြောင်း ပြန်လှည့်သွားခဲ့သည့် ဆရာ၊ ဆရာမ ၃၀ ဦးမှာ ရှောက်ကိုင် ကျေးရွာတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ဆိုသည်။
ကိုးကန့်တပ်သားများက ယင်းဒုက္ခသည်များ ပိတ်မိနေသည့်အကြောင်း အများပြည်သူသိရှိအောင် သတင်း ထောက်များကို ပြောပြပေးရန်နှင့် တပ်မတော် မှအဆင်ပြေလျှင် လာရောက်ခေါ်ယူပေးရန်လည်း ပြောဆိုခဲ့ ကြောင်း ရှောက်ကိုင်ကျေးရွာမှ စစ်ရှောင် များက ဧရာဝတီကို ပြောဆိုသည်။
“ငါတို့နိုင်သွားခဲ့ရင် မင်းတို့ ဒီကိုလာပြီးတော့ ဈေးလည်းပြန်ရောင်းလို့ရမယ်။ ဆရာမတွေလည်း ကလေးတွေ ကို စာပြန်လာသင်နိုင်မယ်။ မင်းတို့ရဲ့ ဆိုင်ကယ်တွေ ဖုန်းတွေကိုတော့ စစ်ကြီးပြီးရင် ပြန်လာယူလှည့်။ ငါတို့ သိမ်း ထားမယ်လို့ပြောတယ်” ဟု ဒုက္ခသည်တဦးက ဆိုသည်။
ကျေးရွာသို့ တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ဆရာ၊ ဆရာမ ၁၀ ဦးနှင့် မြန်မာပြည်အလယ်ပိုင်းမှ ရွှေ့ပြောင်း အလုပ်သမား အများစုပါဝင်သည့် စစ် ရှောင်ဒုက္ခသည် ၂၀ဝ ကျော် ထပ်မံရောက်ရှိလာခဲ့သည်။
ယင်းဒုက္ခသည် အုပ်စုသည်လည်း ရှောက်ကိုင် ကျေးရွာမှ တခြားသော တောလမ်းတခုဖြင့် ခြေကျင် လမ်းလျှောက်ခဲ့ကြသူများ ဖြစ်သည်။
ကိုးကန့် တပ်သားများက ဒုက္ခသည်များကို စစ်ဆေးမေးမြန်းပြီးနောက် ထွက်ပြေးမည်စိုးသဖြင့် ရွေ့ပြောင်း လုပ်သား ၁၀ ဦးကို ကြိုးဖြင့်တုပ်ထား ကြောင်းလည်း ပြောသည်။
“သူတို့က အစားအသောက်တော့ မကျွေးဘူး။ ရေတော့ခပ်လာပေးတယ်။ ပါလာတဲ့ ကလေးတွေကို တော့ မုန့်လာကျွေးကြတယ်” ဟု ဆရာမ ဒေါ်ဖြူဇာသင်းက ဆိုသည်။
ဒုက္ခသည်များ ပိုမိုများပြားလာသဖြင့် စိတ် အားတက်မိသော်လည်း ကိုးကန့်အဖွဲ့မှ ယာဉ်တန်းများဖြင့် တရုတ်နယ်စပ်သို့ လိုက်မပို့ခြင်းကြောင့် ကြောက်ရွံ့စိတ်က မဖြေဖျောက်နိုင်ကြပေ။
စိုးရိမ်စိတ်ကြောင့် ဆရာမများမှာ မျက်နှာညှိုးငယ်နေကြပြီး တချို့မှာ မျက်ရည်ဝဲသူက ဝဲနေကြသည်။ တချို့မှာမူ ငိုယိုကြ ကြောင်းလည်း ပြောသည်။
ချင်းရွှေဟော်အခြေစိုက် တပ်မ ၁၁ မှ တပ်မတော် အရာရှိတဦးက “ကိုယ်ချင်းစာစိတ်နဲ့ ထမင်းကျွေးတဲ့ အဖွဲ့ရှိသလို ပစ္စည်းပဲယူတဲ့အဖွဲ့လည်း ရှိတာပဲ။ လူချင်း အဖွဲ့ချင်း မတူတဲ့သဘောပေါ့” ဟု ဧရာဝတီကို ပြောကြားသည်။
ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့မှ ဖိုးဝှီးကား ၆ စီးရောက်ရှိလာပြီး စစ်ရှောင်ဒုက္ခသည် ၂၀ဝ ကျော်ကို ၃ ခေါက်သယ်ယူကာ နယ်စပ်ချောင်းကို ကျော်၍ တရုတ်နယ်စပ်ထဲသို့ လိုက်ပို့ပေးခဲ့သည်။ ယင်းနေရာမှ အနီးဆုံးကျေးရွာဖြစ်သည့် မာလီရှုရွာ သို့ တနာရီခွဲနီးပါး လမ်းဆက်လျှောက်ခဲ့ကြရသည်။
မာလီရှုကျေးရွာမှ ၃ မိုင်ခန့်အကွာတွင် ကိုးကန့် ဒေသမှ ထွက်ပြေးတိမ်းရှောင်လာကြသော ကိုးကန့်နှင့် ပလောင်လူမျိုးများ ခိုလှုံနေထိုင်နေသည့် ဒုက္ခသည် စခန်းနှစ်ခုရှိပြီး စခန်းတခုလျှင် ဒုက္ခသည် ၁၀ဝ ကျော်ခန့် စီ ရှိသည်။ ယင်းဒုက္ခသည်စခန်းတွင် လူ ၅ ဦးလျှင် ဆန်တအိတ်၊ ဆီ၊ ဆား အပါအဝင် စားနပ်ရိက္ခာများ တရုတ်အစိုးရက ထောက်ပံ့ပေးထားကြောင်း သိရသည်။
ညနက်နေပြီဖြစ်သဖြင့် ယင်းဒုက္ခသည် စခန်း နှစ်ခုအကြားရှိ မြေကွက်လပ်ပေါ်တွင် တညတာ နားနေခဲ့ရ သည်။ အေးမြလှသည့် ရာသီဥတုကို အန်တုနိုင်ရန် မီးဖိုထားကြရသည်။
“ရာသီဥတုက အရမ်းအေးတော့ တညလုံး မီးလှုံနေရတယ်။ အစားအသောက်တွေ ပါလာတဲ့ သူကတော့ စားရတာပေါ့။ တချို့ မပါလာတဲ့သူတွေ ကတော့ ဘာမှစားစရာကို မရှိဘူး” ဟု တာရှန်ရွာမှ စစ်ရှောင်တဦးက ပြောဆိုသည်။
တာရှန်ရွာမှ တိမ်းရှောင်လာသည့် ဆရာ၊ ဆရာမများသည် ဒုက္ခသည် ၂၀ဝ ကျော်အုပ်စုနှင့် လိုက်ပါလာသော ရှောက်ကိုင်ရွာမှ ဆရာ၊ ဆရာမ ၁၀ ဦးနှင့် ရွှေ့ပြောင်းလုပ်သား တဦးတို့ကိုခေါ်ပြီး ခရီးဆက်ခဲ့ကြသည်။
“ကိုယ့်ဗမာအချင်းချင်း ကျနော်တို့လည်း ကယ် ချင်တာပေါ့။ သူတို့က လူတအားများတော့ ဘယ်လိုမှ အဆင် မပြေဘူး။ စိတ်တော့ မကောင်းဘူးပေါ့” ဟု ဆရာ ဦးမင်းသူအောင်က ဆိုသည်။
ယင်းနေရာမှ စစ်ရှောင်ဒုက္ခသည် ၂၂ ဦးမှာ တရုတ်နယ်စပ် လုံခြုံရေးဂိတ်ကို လမ်းဆက်လျှောက်ခဲ့ကြသည်။
ယင်းဂိတ်တွင် ကိုးကန့်လူမျိုးဟု ယူဆရ သူတဦးနှင့်တွေ့ပြီး ကိုးကန့်တပ်ဖွဲ့မှ ဒုက္ခသည်များ ပို့ပေးလိုက် ကြောင်း သိရသဖြင့် လာရောက် စောင့် ဆိုင်းနေခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
လုံခြုံရေးဂိတ်တွင် တရုတ်ရဲများက ဒုက္ခသည် များ၏ ပစ္စည်းများကို ရှာဖွေစစ်ဆေးပြီး ဒုက္ခသည် အားလုံး၏ အမည်များကိုလည်း မှတ်တမ်းယူထားကြသည်။
ကုန်းကြမ်းမြို့နယ်မှ တရုတ်ပြည်၊ နမ့်ဆန်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ရှောင်ဒုက္ခသည် လုပ်ဖော် ကိုင်ဖက် ကျောင်းဆရာတဦး၏ အဆက်အသွယ်ဖြင့် ကားတစီးလျှင် တရုတ်ယွမ် ၂၀ဝ၀ (မြန်မာငွေ သုံးသိန်း ကျော်) ဖြင့် ကားနှစ်စီး ငှားရမ်းခဲ့သည်။
လမ်းတွင် တရုတ်နိုင်ငံထဲသို့ ကြိုတင် ရောက်ရှိနေသည့် ဒုက္ခသည် စခန်းတချို့ကို တွေ့မြင် ခဲ့ရကြောင်း စစ်ရှောင်များက ပြောပြသည်။
တရုတ် ကြက်ခြေနီတပ်ဖွဲ့ အကြီးအကဲက ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ စစ်ရှောင် ဒုက္ခ သည် တသိန်းကျော် ယူနန်ပြည်နယ်ထဲ သို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း၊ ယင်း စစ်ရှောင် ဒုက္ခသည် များ နေထိုင်ရန်အတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ပြောကြား ထားသည်။
လမ်းတွင် ဒုက္ခသည်များ စီးနင်းလာသည့်ကား နှင့် ကိုးကန့်တပ်ဖွဲ့မှ ဗိုလ်ကြီးတဦး၏သား မောင်းနှင် လာသည့်ကားတို့ တိုက်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပေ။ ယင်းကားများဖြင့် ၄ နာရီ ကျော် စီးနင်းခဲ့ပြီးနောက် ညနေ ၅ နာရီကျော်တွင် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်သို့ ရောက်ရှိခဲ့သည်။
“ကျနော်တို့မှာ နယ်စပ်ဖြတ်ကျော်ဖို့ အထောက် အထားမရှိပေမယ့် စစ်ရှောင်ဒုက္ခသည်တွေမှန်း သိလို့ တရုတ်အာဏာပိုင်တွေက လွှတ်ပေးလိုက်တာ” ဟု ဦးမင်းသူအောင်က ဆိုသည်။
MNDAA ကိုးကန့်တပ်ဖွဲ့မှ အထွေထွေအတွင်း ရေးမှူး ဦးထွန်းမြတ်လင်းက တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူ ၈၀ဝ ကျော်ကို တရုတ်နယ်စပ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဧရာဝတီကို ပြောကြားခဲ့သည်။
မော်ထိုက်မြို့နယ်ခွဲမှ ကြက်ခြေနီ ဒုတိယ တပ်ရင်းမှူး ဦးစောရွှေမြင့်က “သူတို့ (ကိုးကန့်တပ်ဖွဲ့) ကို နိုင်ငံတ ကာက ကုလသမဂ္ဂက ဖိအားပေးတာတွေ၊ မေတ္တာရပ်ခံတာတွေ၊ နောက် ကျနော်တို့ အသင်း ဥက္ကဋ္ဌက ပါတီတွေနဲ့ လက်နက်ကိုင်တွေ အားလုံးကို မေတ္တာရပ်ခံတာတွေကြောင့် အခုလို လုပ်ပေးတယ်လို့ ထင်မြင် ယူဆပါတယ်” ဟု ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသရှိ ဒေသခံပြည်သူများ၊ တရုတ် နိုင်ငံသားများ၊ အစိုးရ ဝန်ထမ်းများ၊ ရွေ့ပြောင်းအလုပ်သမားများအပါအဝင် သောင်းနှင့် ချီရှိသည့် ဒုက္ခသည်များမှာ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ထို့သို ထွက်ပြေးတိမ်းရှောင်ရင်း မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဆရာမ ၂ ဦး အပါအဝင် လူ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကြက်ခြေနီယာဉ် ၂ စီးမှာလည်း ပစ်ခတ်တိုက်ခိုက်မှု ခံခဲ့ရသည်။
ယင်းဒေသများမှ ထွက်ပြေးတိမ်းရှောင် လာသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၅၀ဝ ကျော်မှာ လားရှိုးမြို့သို့ ရောက်ရှိလာကြပြီး တချို့မှာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ခိုလှုံ နေကြသည်။
ဘေဂျင်းမြို့၌ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ န ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က မြန်မာ နိုင်ငံမြောက်ပိုင်း၌ လတ်တလော ဖြစ်ပွားနေသည့် အခြေအနေများ ကို တရုတ်အစိုးရအနေဖြင့် အထူး အလေးထားစောင့်ကြည့်နေကြောင်း၊ ပြင်းထန်သော တိုက်ပွဲများစ မဖြစ် ပွား အောင် နှစ်ဖက်စလုံးက ထိန်း ထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ချင်းရွှေဟော်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးရှေ့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသည့် ကုန်းကြမ်းမြို့နယ်မှ စစ်ရှောင် ဒုက္ခသည်များသည် စေတနာရှင်များ လှူဒါန်းထားသည့် အစားအသောက်များကို အားပါးတရ စားသောက်နေကြစဉ် နောက်ထပ်ဒုက္ခသည် တဖွဲ့ရောက်ရှိလာသည်။
စစ်ရှောင်ဒုက္ခသည် အချင်းချင်း တဦးကိုတဦး သိမ်းကျုံးပွေ့ဖက်ထားကြသည်။ အမျိုးသမီးအများစုမှာ ဝမ်းပန်းတနည်း ငိုယိုနေကြသည်။ သူတို့၏ နီအန်း မို့အစ်နေသည့် မျက်နှာများက လမ်းတလျှောက် ကြုံတွေ့ခဲ့ရသည့် စိုးရိမ်ကြောင့်ကြမှုများကို ဖော်ပြနေကြသည်။
တပ်မ ၁၁ မှ တပ်ကြပ်တဦးက “မငိုကြပါနဲ့။ ကိုယ့်နိုင်ငံထဲတောင် ရောက်လာကြပြီပဲ။ စိတ်အေး အေးထားကြပါ” ဟု လိုက်လံ နှစ်သိမ့်ပြောဆိုနေသည်။