ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲများကြောင့် နေအိမ်စွန့်စွာပြီး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ဒုက္ခသည်များကို တရုတ် အာဏာပိုင်များက နေထိုင်ခွင့် မပြုတော့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားသည့် ဒုက္ခသည် ဦးရေသည် ၄ သောင်းကျော် ရှိနေကြောင်း၊ အများစုသည် ဒုက္ခသည် စခန်းများ၌ နေထိုင်ကြရပြီး တချို့မှာ အိမ်ခန်းငှား၍ နေထိုင်ကြကြောင်း၊ သို့သော် ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များက ပြီးခဲ့သည့် ၂ ရက်မှ စတင်ပြီး ဒုက္ခသည်များကို နှင်ထုတ်နေကြောင်း လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဧရာဝတီကို ပြောသည်။
“တရုတ် အာဏာပိုင်တွေက နှင်ထုတ်တော့ အများစုက နယ်စပ်ကို ရောက်လာကြတယ်၊ ကိုယ့်ဒေသကို ပြန်မလာရဲသေးတဲ့ သူတွေကတော့ နယ်စပ်တလျှောက်က တောတွေထဲမှာပဲ ဖြစ်သလို တဲထိုးနေကြတယ်၊ လိုအပ်တာကတော့ စားဝတ်နေရေး အတွက် အကုန်လုံး လိုအပ်နေတာပါ၊ အဓိကတော့ အမိုးအကာ မလုံခြုံ ဖြစ်နေကြတယ်”ဟု ဦးကျော်နီနိုင်က ဆိုသည်။
လောင်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့ တို့အကြား ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်က လောက်ကိုင်ဒေသ၌ တိုက်ပွဲတချို့ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ တွင်လည်း ဖော်ပြထားသည်။
တရုတ်ပြည် အတွင်းရှိ မြန်မာစစ်ပြေး ဒုက္ခသည်များကို နေထိုင်ခွင့် မပေးတော့ခြင်းသည် နှစ်နိုင်ငံ အစိုးရအကြား နိုင်ငံရေးအရ ထိခိုက်နိုင်သည်ဟုဆိုကာ နေထိုင်ခွင့် မပေးခြင်းဖြစ်ကြောင်း၊ ကိုးကန့်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒုက္ခသည်ဦးရေ သည် နှစ်နိုင်ငံ နယ်စပ်တလျှောက်၌ ၅ သောင်း ဝန်းကျင် ရှိကြောင်း၊ အများစုသည် လောက်ကိုင်နှင့် နမ့်စမ် နယ်စပ်ဒေသ တလျှောက်တွင် တဲအိမ်များ ဆောက်လုပ်၍ နေထိုင်လျက်ရှိကြောင်း ဦးကျော်နီနိုင်က ပြောသည်။
ထိုဒုက္ခသည်များထံ ကိုးကန့်လူငယ်များ အသင်းက သွားရောက် ကူညီပေးနေကြောင်း၊ ကိုးကန့်ဒေသခံ စီးပွားရေးသမားများနှင့် အလှူရှင်များက လှူဒါန်းထားသည့် စားသောက်ဖွယ်ရာများကို တရုတ်ပြည်တွင်းရှိ ဒုက္ခသည်များထံ ကိုးကန့် လူငယ်အသင်း အဖွဲ့ဝင်များက သွားရောက် ကူညီပေးနေခြင်း ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အဖွဲ့တခု ဖွဲ့စည်း၍ ပြန်လည် နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ကိုးကန့်လူငယ်တွေက တရုတ်ပြည်ထဲက စခန်းတွေအထိ သွားလှူကြတယ်၊ ကျနော်တို့ လှူတာတွေကို ဓာတ်ပုံရိုက်ခွင့် မပေးဘူး၊ ကင်မရာ ယူမလာရဘူးဆိုပြီး တားတယ်”ဟု ဦးကျော်နီနိုင်က ပြောဆိုသည်။
နယ်စပ်ဒေသမှ ဒုက္ခသည်များကို မိမိနေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေသူ ယာဉ်မောင်း ဦးထွန်းထွန်းက တရုတ်-မြန်မာ နယ်စပ်မှ ဒုက္ခသည်များသည် မိမိတို့နေအိမ်၊ ဒေသများသို့ ပြန်သွားလိုပါက မော်တော်ယာဉ်များဖြင့် အခမဲ့ပြန်လည်ပို့ဆောင် ပေးနေကြောင်း၊ နယ်စပ်မှ လာရှိုးမြို့ပေါ်သို့ နေ့စဉ် မော်တော်ယာဉ် လေးငါးစီးဖြင့် ပို့ဆောင် ပေးနေကြောင်း ဧရာဝတီကို ပြောသည်။
“နယ်စပ်က တဆင့် လာရှိုးအထိ ပို့ပေးနေပါတယ်၊ ပြန်ချင်သူတွေ အတွက် မော်တော်ကားတွေကို နယ်စပ်မှာ အဆင်သင့် စီစဉ်ပေး နေပါတယ်၊ တော်တော်များများတော့ လာရှိုးမြို့ပေါ်ကို ရောက်နေကြပါပြီ၊ ကျန်နေတဲ့သူတွေက နမ့်စမ်ဘက်က လူတွေပါ”ဟု ယာဉ်မောင်း ဦးထွန်းထွန်းက ပြောသည်။
လောက်ကိုင်ဒေသ၌ တပ်မတော်၏ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေမှုများကြောင့် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း၊ ထွက်ပြေး နေသည့် ဒေသခံများအား လောက်ကိုင်မြို့သို့ ပြောင်းရွှေ့ပေးလျက်ရှိရာ ယနေ့အထိ အိမ်ထောင်စု ၈၆၄ စု မှ လူဦးရေ ၂၄၅၈ ဦး သည် မူလနေရပ် ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။