ဒေါက်တာ သောင်းထွန်းသည် မြန်မာနိုင်ငံမှ Institute for peace and Social Justice (IPSJ) ၏ ဒါရိုက်တာဖြစ်ပြီး မြေအသုံးချမှု မူဝါဒများ မျှတရေးနှင့် လယ်သမားများ အခွင့်အရေးအတွက် ဦးဆောင် လှုပ်ရှားနေသူတဦးလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) ၏ အဖွဲ့ဝင်ဟောင်း တဦးဖြစ်သလို အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် လည်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရပ် ဘက် အဖွဲ့အစည်းများ အားကောင်း ခိုင်မာရေးအတွက် အကူအညီပေးခြင်း၊ စွမ်းရည်နှင့်အသိပညာများ ဝေမျှ ခြင်းများ ပြုလုပ်နေပါသည်။
၂၀၁၂ ခုနှစ်တွင် အစိုးရက လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ စသည့် ဥပဒေသစ် ၂ ခုကို စတင် အတည်ပြုပြဋ္ဌာန်းခဲ့သော်လည်း ဧရာဝတီမှ သတင်း ထောက် ရင်စနိုင်းနှင့် တွေ့ဆုံသည့် အချိန်တွင် ဒေါက်တာ သောင်းထွန်းက အဆိုပါ ဥပဒေများသည် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင် ခြင်းမရှိကြောင်းနှင့် မည်သည့်အတွက်ကြောင့် မြေယာမူဝါဒနှင့် ဥပဒေပြောင်းလဲ ရေးကို သူဆက်လက် ဆောင်ရွက်နေရသည်ဆိုသည့် အကြောင်းများကို ရှင်းပြခဲ့ပါသည်။
ဧရာဝတီ ။ ။ ဘယ်လိုမျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါသလဲ။
ဒေါက်တာသောင်းထွန်း ။ ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းရေးမှာ ပါဝင်ဖို့နဲ့ တိုင်းပြည်မှာ အလွန်တရာလိုအပ်နေတဲ့ မူဝါဒပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ကူညီဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ကျနော် ပြန်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က စပြီးတော့ Institute for Peace and social Justice (IPSJ) က နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင် ရည်မြှင့်တင်ရေးမှာ ကူညီပေးနေခဲ့ပါတယ်။ မူဝါဒ ပိုင်း ရှင်းလင်းဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ တွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကျနော်တို့က စိုက်ပျိုး ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ မြေယာအခွင့်အရေး တွေကို အဓိက ဦးတည်ထားပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာနဲ့ ပြည်တွင်း ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီးတော့ မြေယာအသုံး ချမှု ဥပဒေကြမ်းအသစ်တွေနဲ့ ပတ်သက်လို့လုပ်နေပါ တယ်။ အဲဒါအပြင် IPSJ က တရားဥပဒေစိုးမိုးရေး၊ သတ္တုတူးဖော်ရေး ဥပဒေ၊ မြစ်များထိန်းသိမ်းရေး၊ ရေလုပ်ငန်း ရေရှည်လုပ်ကိုင်နိုင်ရေးနဲ့ အခြားစွမ်းအင် ရွေးချယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေလည်း လုပ်ပေးခဲ့ပါတယ်။ လယ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့လည်း နည်းပညာအကူအညီတွေ ပေးခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို ဘာဖြစ်လို့ပထမဦးစားပေး ထားရပါသလဲ။
ကျနော့်ရဲ့ မိဘတွေက လယ်သမားမိသားစုကပါ။ ဆင်းရဲတဲ့ လယ်သမားတွေအတွက် ကျနော် တခုခုလုပ်ပေး ချင်တယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကလည်း လယ်သမားတွေ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်က လည်း ဆင်းရဲမွဲတေမှု လျှော့ချရေးကို ဦးစားပေးမယ်လို့ ပြောခဲ့ပါတယ်။ ဆင်းရဲတဲ့ လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့် မရှိဘဲနဲ့၊ စိုက်ပျိုး မြေ မရှိတဲ့ပြဿနာကို မဖြေရှင်းဘဲနဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးစားမပေးဘဲနဲ့ ဆင်းရဲ မွဲတေမှု လျှော့ချရေးက မအောင်မြင်နိုင်ပါဘူး။
အသေးစားချေးငွေ တခုတည်းနဲ့ မလုံလောက် ပါဘူး။ စိုက်ပျိုးရေး အသိပညာကို မြှင့်တင်ပေးခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု စွမ်းရည်၊ စိုက်ပျိုးရေး ထွက်ကုန် တွေအတွက် ဈေးကွက်တည်ငြိမ်မှုနဲ့ စိုက်ပျိုးရေး ကဏ္ဍအတွက် အခြေခံအဆောက်အဦတွေ စတဲ့ တခြားလိုအပ်ချက်တွေလည်း ရှိပါသေးတယ်။ သယ် ယူပို့ဆောင်ရေးက ကုန်ပစ္စည်းတွေကို ဈေးကွက်ကို တင်ပို့နိုင်ရေးအတွက် အရေးပါပါတယ်။ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ရေးကလည်း အတူတူပါပဲ။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ “လူမှု အရင်းအနှီး” ဖြစ်ပါတယ်။ စုပေါင်းဆုံးဖြတ်ပြီးတော့ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်တဲ့ အလေ့အထနဲ့ ကျေးလက်ရဲ့ တန်ဖိုး တွေဖြစ်တဲ့ ရိုးသားမှု၊ အရက်သေစာနဲ့ လောင်းကစား ကို ရှောင်ကြဉ်တာ၊ အိမ်နီးချင်းကို ကူညီတာနဲ့ မိမိ အသိုင်းအဝိုင်းအတွင်းမှာ စောင့်ကြည့်ဆုံးမတာတွေ ဟာ အာဏာရှင် စနစ်အောက်မှာ ပျက်စီးခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုရဲ့ အောက်မှာ ပြည်သူတွေ ကိုယ့် ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ ပျောက်ဆုံးသွားခဲ့ ပါတယ်။
ထိုင်းနဲ့ မလေးရှားမှာ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီပြီး ရှိပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်အကိုင်ရှားပါး မှုကို ဖြစ်စေပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းက လည်း သက်ရောက်မှုရှိပါတယ်။ မုတ်သုံရာသီက ၁၅ ရက် နောက်ကျပြီးတော့ ၁၅ ရက်စောပြီး ပြန် ထွက်ပါတယ်။ သီးနှံရိတ်သိမ်းတဲ့ရာသီမှာ မုန်တိုင်း ကြောင့် အချိန်အခါမဟုတ်ဘဲ မိုးရွာတာတွေ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒါတွေကို လယ်သမား တွေချည်းပဲ ဖြေရှင်းလို့မရပါဘူး အားလုံးပူးပေါင်းပြီး ဖြေရှင်းဖို့လိုပါတယ်။
ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတနဲ့ စိုက်ပျိုး ရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးတွေလည်း လိုအပ်တဲ့ အရာတွေပါပဲ။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကုန်ထုတ် လုပ်မှုမှာ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့နောက်မှာ ရောက်နေပါတယ်။
လက်ရှိတည်ဆဲ ဥပဒေတွေနဲ့ ပတ်သက်လို့ IPSJ အနေနဲ့ ဘာတွေလုပ်နေပါသလဲ။
ကျနော်တို့ လုပ်ဆောင်နိုင်တာက အကန့် အသတ် ရှိနေပါတယ်။ တည်ဆဲဥပဒေတွေထဲမှာ လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတွေ ပါဝင်ပါတယ်။ နည်းဥပဒေတွေဖြစ်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ တောင်သူလယ်သမားများ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ တွေကလည်း ထွက်မလာသေးပါဘူး။ ဒါပေမယ့် ဒီဥပဒေတွေက လက်ရှိ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာတွေနဲ့ မြေသိမ်းယူမှု ကိစ္စတွေကို အပြည့်အဝ မဖြေရှင်းနိုင်ပါဘူး။
အကန့်အသတ်ရှိတဲ့ကြားကပဲ အထက်မှာပြော ထားတဲ့ ဥပဒေမူဘောင်တွေကြားကနေ လယ်သမားတွေ အနေနဲ့ သူတို့ရဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်း ဖို့ အားထုတ်နိုင်ကြပါတယ်။ ဒါတွေကို တုံ့ပြန်ဖို့ အတွက် လွှတ်တော်က ၂၀၁၂ ခုနှစ် ဩဂုတ်လမှာ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့ စည်းခဲ့ပါတယ်။ ကော်မရှင်က မြေသိမ်းယူမှုနဲ့ ပတ် သက်တဲ့ ကိစ္စတွေဖြစ်တဲ့ (၁) မြို့ပြစီမံကိန်း တိုးချဲ့ လာမှု (၂) စက်မှုဇုန်တွေ ဖွံ့ဖြိုးလာမှု (၃) တပ်မြေ တိုးချဲ့မှု၊ (၄) ရထားလမ်း၊ အဝေးပြေးကားလမ်းနဲ့ လေဆိပ်လို နိုင်ငံတော်စီမံကိန်းတွေ (၅) အစိုးရပိုင် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်မှုနဲ့ (၆) လက်ရှိ စိုက်ပျိုးမြေတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်း ကုမ္ပဏီကြီးတွေကို ချထားပေးတဲ့အထဲမှာ ထည့်သွင်းထားမှုတွေကို လေ့လာစုံစမ်းပြီးတော့ အခုအချိန် အထိ အစီရင်ခံစာ ၄ စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းက ကော်မရှင်ရဲ့ အကြံပြုချက်တွေကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အလုပ်လုပ်တာ တော်တော်လေး နှေးကွေးနေပါ တယ်။ ကော်မရှင်ကိုရောက်လာတဲ့ တိုင်ကြားစာ ၆၅၅၉ စောင်ထဲမှာ အမှု ၃၀၇ ကိုပဲ ဖြေရှင်းနိုင်ခဲ့ တဲ့အတွက် ၄ ဒသမ ၆၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေ က ၁၉၈၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်းမှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပြဿနာ ပေါ်ပေါက်မှု အတော်လေး နည်းသွားပေမယ့် ရှိနေ တုန်းပါပဲ။
ဥပဒေယန္တရားရဲ့ တခြားအစိတ်အပိုင်းတွေက ရော ဘယ်လိုရှိပါသလဲ။
လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးမှုအားနည်းချက်တွေ ရှိနေတဲ့အတွက် ပြဿနာ တွေက ထွက်ပေါ်လာနေတုန်းပါပဲ။ မြေယာမှတ်တမ်းတွေနဲ့ ပတ်သက်လို့လည်း ဗျူရိုကရေစီပိုင်းမှာ အားနည်းချက်ရှိပါ တယ်။
မြေသိမ်းခံရပေမယ့် လယ်သမားက သင့်တင့် မျှတတဲ့ လျော်ကြေး သို့မဟုတ် မြေအစားပြန်မရတဲ့ ကိစ္စတချို့ရှိပါတယ်။ ဒါကရော တခြားအားနည်း ချက်တခုလား။
အမျိုးသား မြေအသုံးချမှုမူဝါဒ မူကြမ်းရဲ့ မြေသိမ်းယူမှုနဲ့ ပတ်သက်တဲ့အခန်းမှာ နိုင်ငံတကာက အကောင်းဆုံး အလေ့အထတွေနဲ့ ကိုက်ညီတဲ့ အသေးစိတ်အချက်တွေ ပိုပြီးပါဝင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ကြည့်သင့်ပါတယ်။ ဥပမာ အိန္ဒိယမှာဆိုရင် အင်္ဂလိပ် ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ မြေသိမ်းဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။ သူတို့က အဲဒီဥပဒေကို မျှတသော လျော်ကြေးအခွင့် အရေး၊ မြေယာသိမ်းယူရာ တွင် ပွင့်လင်းမြင်သာမှုရှိရေးနှင့် ပြန်လည်နေရာချထားရေး ဥပဒေလို့ ခေါ်ခဲ့ကြပါ တယ်။ ဥပဒေထဲမှာ လျော်ကြေးရရှိခွင့်၊ ကြိုတင်အသိပေးခြင်းနဲ့ ညှိနှိုင်း ဆွေးနွေးခြင်း၊ မြေသိမ်းရာမှာ ပွင့်လင်းမြင်သာရှိဖို့နဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေက လက်ရှိ လူနေမှုအဆင့်အတန်းတွေနဲ့ အညီဖြစ်ဖို့ စတာတွေ ပါဝင်ပါတယ်။
တချို့စီမံကိန်းတွေက လယ်သမားတွေကို တဧကကို ကျပ်သိန်း ၃၀ နှုန်းနဲ့ လျော်ကြေးပေးခဲ့ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လယ်သမားတွေက လယ်ယာစိုက်ပျိုးရေး အကြောင်းကိုပဲ သိကြပြီး တခြားစီးပွားရေး တခုမှာ ဘယ်လိုရင်းနှီးမြှုပ်နှံရမယ်ဆိုတာ မသိကြဘူး။ ဒီပိုက်ဆံတွေက မြန်မြန်ဆန်ဆန်ပဲ ကုန်သွားလိမ့်မယ်။
မြေတန်ဖိုးဖြတ်တဲ့ နေရာမှာလည်း ပြဿနာတွေ အများအပြား ရှိနေပါတယ်။ ပိုမိုပြီးတိကျတဲ့ မူဝါဒတွေရှိဖို့ လိုနေပါတယ်။ အရေးအကြီးဆုံးကတော့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မယ့် မြေအသုံးချ မှု မူဝါဒတွေရှိဖို့နဲ့ အဲဒီမူဝါဒတွေနဲ့အညီ တည်ဆဲဖြစ်တဲ့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ သစ်တောဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ သတ္တုတွင်းဥပဒေ၊ သဘာဝပတ်ဝန်းကျင် ဥပဒေတွေနဲ့ မြေသိမ်းဥပဒေ တွေကို ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ လည်း မြေယာစီမံခန့်ခွဲရေးအတွက် လတ်တလော မြေယာမူဝါဒတွေ အရ မြေပြန်လည် ခွဲဝေချထား ပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ စက်မှုနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ် တို့မှာလည်း မြေယာပြုပြင်ပြောင်းလဲရေး၊ ပြန်လည်ခွဲဝေချထားရေးနဲ့ ဆင်းရဲတဲ့လယ်သမားတွေ အတွက် လုပ်ကိုင် ခွင့် တရားဝင် လုံခြုံမှုရှိစေဖို့ကို အလေးထားတဲ့ စီးပွားရေး ပြုပြင်တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုပြုပြင် ပြောင်းလဲမှုတွေက ဆင်းရဲတဲ့ လယ်သမားတွေက စိုက်ပျိုးရေးထွက်ကုန်တွေ တိုး တက်လာအောင် သူတို့ရဲ့မြေပေါ်မှာ ကြိုးစားလုပ်ကိုင်လာကြအောင် လှုံ့ဆော်ပေးပါတယ်။ စိုက်ပျိုး ရေးကို သူတို့က ယုံကြည်ပြီးတော့ အစိုးရကလည်း ငွေထုတ်ချေးပေးပါတယ်။ နည်းပညာတိုးတက်အောင် အကူအညီ တွေ ပေးပါတယ်။ အဲဒါကြောင့် ကျေးလက် ဒေသတွေမှာ စိုက်ပျိုးရေးကိုအခြေခံတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ သူတို့ စတင်နိုင်ခဲ့ပါတယ်။ ကျေးလက်ဒေသမှာ ကုန်ထုတ်လုပ်မှု တိုးတက်လာပါတယ်။ အရင်းအနှီးနဲ့ စီးပွားရေး စီမံခန့်ခွဲမှု အတွေ့ အကြုံတွေ ရရှိလာတာက ဒီတိုင်းပြည်တွေကို စက်မှု နိုင်ငံတွေ ဖြစ်စေဖို့အတွက် အသွင်ကူးပြောင်းရာမှာ ခိုင်မာတဲ့အခြေခံတခု ဖြစ်စေခဲ့ပါတယ်။
အနာဂတ်အတွက် အမြင်ကဘယ်လိုရှိပါသလဲ။
အဲဒါကတော့ အာဏာရှိသူတွေရဲ့ ဆန္ဒအပေါ် မှာ မူတည်ပါတယ်။ အချက်အလက် အချို့အရဆိုရင် လူဦးရေရဲ့ ၄၆ ရာခိုင်နှုန်း ဝန်းကျင်က မြေမရှိပါဘူး။ သူတို့အတွက် ကျနော်တို့က မြေဖန်တီးပေးဖို့လိုပါတယ်။ အခု သူတို့တွေလုပ်နိုင်တာက ရန်ကုန်ကိုလာ ပြီး လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်ကြတယ်။ ဒါမှမဟုတ် မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားကြတယ်။ တချို့ ကျေးလက်ဒေသတွေမှာ လူငယ်တွေမရှိတော့ ဘူး။ ကျနော်တို့ ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်မလဲ။
အသုံးမပြုတဲ့ မြေတွေကို ကျနော်တို့ ဘယ်လို ကိုင်တွယ်ကြမလဲ။ မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးမြေတွေ အဖြစ် အသွင်ပြောင်းနိုင်အောင် အစိုးရက ဘယ်လိုခွဲဝေပေးနိုင်မလဲ။ အခု ဘာတွေဖြစ်နေသလဲ ဆိုတော့ မြေလွတ်တွေကို ပိုက်ဆံရှိတဲ့ သူတွေကပဲ ရနေတယ်။ တချိန်တုန်းက လယ်မြေတွေဖြစ်ခဲ့တဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ တဝိုက်ကိုကြည့်လိုက်ပါ။ ခုချိန်မှာ စိုက်ပျိုးရေးအတွက်ရော စက်မှုလုပ်ငန်း အတွက်ပါ မသုံးကြဘူး။ ဘာကြောင့်လဲ။ ဘာဖြစ်လို့ လဲဆိုတော့ ဈေးကွက်မှာ ကုန်ပစ္စည်းတခု အနေနဲ့ ရောင်းချဖို့အတွက် ဒီမြေတွေကို လူနည်းစုကချုပ်ကိုင် ထားကြတယ်။
ကျနော်တို့နိုင်ငံရဲ့ မြေဈေးကလည်း အရှေ့ တောင်အာရှမှာ အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံခြားက အထည်ချုပ် လုပ်ငန်းတွေ မြန်မာနိုင်ငံကို ရောက်လာ တဲ့အခါ တကယ်လို့ သူတို့မှာ ငွေ (ဒေါ်လာ) ၅၀ဝဝဝ၀ ပါလာရင် အဲဒီထဲက ၈၀ ရာခိုင်နှုန်းလောက်ကို မြေငှားဖို့အတွက်သုံးရတယ်လို့ ပြောကြတယ်။ သူတို့ စီးပွားရေး ဘယ်လို လုပ်နိုင်တော့မှာလဲ။ မြေဈေး ကစားမှုနဲ့ မြေလက်ဝါးကြီးအုပ်မှုကို ဥပဒေနဲ့အညီ ထိန်းချုပ်မှု မပြုလုပ်နိုင်ရင် စက်မှုဖွံ့ဖြိုးရေး၊ စိုက်ပျိုး ရေးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ မှာ ပြဿနာတွေ အများကြီး ရှိလာပါလိမ့်မယ်။ လက်ရှိ မြေယာမူဝါဒတွေက ဒါကို မရပ်တန့်နိုင်ပါဘူး။ မူဝါဒပြောင်းမှသာ ရှေ့ဆက်သွားနိုင် ပါလိမ့်မယ်။