ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို အရမ်းချိတ်ဆက် စဉ်းစားထားကြပါတယ်။ အဲဒီလို ချိတ်ဆက် စဉ်းစားလွန်းတာကြောင့် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ဖို့ ကျင်းပကြတဲ့ ခေတ်သစ်ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မေ့လျော့သလို ဖြစ်သွားစေပါတယ်။ တကယ်တော့ ရွေးကောက်ပွဲတွေဆိုတာ ဒီမိုကရေစီ စွန့်စားခန်းကြီးတွေလည်း ဖြစ်နိုင်သလို အာဏာရှင်တွေ ဉာဏ်နီဉာဏ်နက်များတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ အန္တရာယ်ကြီးတဲ့ အနေအထားပါပဲ။ ဒါကို သမိုင်းကြောင်းနဲ့ချီပြီး နောက်တမျိုးပြောကြည့် ရအောင်ပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး နည်းလမ်းတခုလည်း ဖြစ်သလို အာဏာရှင်ဆန်ဆန် ထိန်းချုပ်မှုအတွက် ကိရိယာ တန်ဆာပလာလည်း ဖြစ်ပါတယ်။
အာဏာရှင်စနစ်ကနေ လမ်းခွဲထွက်ပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်ကြပေမယ့်လည်း (ဒီမိုကရေစီကို မရောက်ဘဲ) တခြားတနေရာကို ဦးတည်သွားနိုင်တယ်ဆိုတာ တတိယလှိုင်း ခေတ်ဦးကာလတည်းက ပြဆိုထားပါပြီ။ တတိယလှိုင်းဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ကမ္ဘာနဲ့တဝှမ်းလုံး လုပ်ဆောင်ကြတဲ့ ခေတ်ကာလကို ရည်ညွှန်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ နိုင်ငံတွေ တော်တော်များများက ဒီမိုကရေစီပုံစံ တမျိုးမျိုးကို တည်ထောင်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေကတော့ မတည်ထောင်နိုင်ခဲ့ပဲ အာဏာရှင်စနစ်၊ အာဏာပိုင်စနစ် ပုံစံတမျိုးမျိုးကိုပဲ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂန္တဝင်ဆန်တဲ့ အာဏာရှင်စနစ်ဆိုတာ တစ်ပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်၊ လူတယောက် အာဏာရှင်စနစ် ဆိုတာမျိုးပါ။ ဒါပေမယ့် ခေတ်သစ် အာဏာရှင်စနစ်ကတော့ ဒါမျိုးတွေနဲ့ အကျုံးမဝင်ပါ။ အသစ်ပေါ်လာတဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲတွေ ကျင်းပပေးပါတယ်။ နိုင်ငံရေး အယူအဆတွေ များပြားစုံလင်တာ၊ နိုင်ငံရေးပါတီတွေကြား အချင်းချင်း ပြိုင်ဆိုင်ကြတာကို သည်းခံခွင့်လွှတ်ပေးထားတဲ့ အစိုးရတွေကို မွေးထုတ်ပေးပါတယ်။
ဒါပေမယ့် အနည်းဆုံး ရှိထားရမယ့် ဒီမိုကရေစီ စံနှုန်းစံထားတွေကို စနစ်တကျနဲ့ အကြီးအကျယ် ချိုးဖောက်နေတာကြောင့် သူတို့ကို (သတ်မှတ်ချက်တွေနဲ့ ဘယ်လိုပဲပြည့်စုံပါစေ) ဒီမိုကရေစီလို့ မခေါ်နိုင်ပါ။ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အဲဒီအစိုးရတွေက ကန့်သတ်ချက်ရှိ ဒီမိုကရေစီ limited democracy ၊ မပြည့်စုံတဲ့ ဒီမိုကရေစီ deficient democracy ၊ ပုံသဏ္ဍန်ပျက်ယွင်းနေတဲ့ ဒီမိုကရေစီတွေ distorted democracy မဟုတ်ကြပါ။ အာဏာကို လွန်လွန်ကဲကဲ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေး ပုံစံတွေပဲ ဖြစ်ကြပါတယ်။ အဓိပ္ပါယ်လွဲမှားစေတဲ့ နာမည်တွေ၊ တံဆိပ်တွေကို အခုတော့ ပညာရှင်အားလုံးက စွန့််ခွာကုန်ကြပြီး၊ ဒီမိုကရေစီမဆန်တဲ့ စရိုက်လက္ခဏာတွေကို အလေးအနက် မေးခွန်းထုတ်လာကြပါပြီ။
ရွေးကောက််ပွဲဟန်ပြ အာဏာပိုင်စနစ် (Electoral authoritarian regimes) တွေက ဒီမိုကရေစီကို မကျင့်သုံးကြပါ။ ဒါ့အပြင် ပေါ်ပေါ်တင်တင် ဖိနှိပ်ချေမှုန်းတာကိုလည်း ခဏခဏ မလုပ်ကြပါ။ ရွေးကောက်ပွဲတွေကို အချိန်မှန်မှန် ကျင်းပပေးပြီး ဒီမိုကရေစီနည်းအရ တရားဝင်မှုကို (အနည်းဆုံး အပေါ်ယံအားဖြင့်) ရယူနိုင်ဖို့ ကြိုးစားပါတယ်။ အဲဒီလို ကျင်းပပေးခြင်းအားဖြင့် ပြည်တွင်းနဲ့ ပြည်ပက သက်ဆိုင်ရာ လူပုဂွိုလ်၊ အဖွ့ဲအစည်းတွေကို ကျေနပ်စေမယ်လို့လည်း မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာပဲ အဲဒီ ရွေးကောက်ပွဲတွေကို တင်းကျပ်တဲ့ အာဏာပိုင် ထိန်းချုပ်မှုအောက်မှာ ကျင်းပပေးခြင်းအားဖြင့် သူတို့ရဲ့ အာဏာချုပ်ကိုင်မှုကို မြဲမြံသွားစေပါတယ်။ သူတို့ သိပ်ဖြစ်ချင်တဲ့ မျှော်လင့်ချက်ကတော့ ရွေးကောက်ပွဲ ကနေတဆင့် တရားဝင်မှုကို ရယူဖို့ဖြစ်ပြီး ရွေးကောက်ပွဲတွေ ဒီမိုကရေစီနည်းကျ မကျ တခြားသူတွေ) သံသယဝင်လာမှာကိုတော့ အဖြစ်မခံပါ။ ရွေးကောက်ပွဲမှာ ကိုယ်လိုချင်တဲ့ရလဒ် ပေါ်ထွက်လာစေဖို့ ထိန်းချုပ်ထားပေမယ့် ရွေးကောက်ပွဲကိုလည်း ဂုဏ်သိက္ခာ ရှိစေချင်တာကြောင့် ဒီမိုကရေစီလည်းမစစ်၊ အာဏာရှင်လည်း မပီသတဲ့ ကြားအခြေအနေထဲကို ကျရောက်နေပါတယ်။ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်က အဓိပ္ပါယ် ဖမ်းဆုပ်ရခက်ခဲပါတယ်။ နားလည်အောင် ရှင်းပြဖို့ခက်ခဲပါတယ်။ အဲဒီလိုခက်ခဲတာတွေကို နည်းပါးအောင် လုပ်ဆောင်ပေးလိုက်ပေမဲ့ အဓိပ္ပါယ် ပိုရှုပ်ထွေးသွားပြီး အငြင်းပွားစရာတွေသာ ပိုဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ပြဿနာကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင် ဒီမိုကရေစီ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်နေတဲ့ အနုမာန ယူဆချက်တွေကို အသစ်တဖန် ပြန်ကြည့်ဖို့ပါပဲ။ အဲဒီယူဆချက်တွေက ဒီမိုကရေစီရွေးကောက်ပွဲကို ပိုပြီးထင်ရှားပေါ်လွင်အောင် လုပ်ဆောင်ပေးပါတယ်။
ဒီလိုအနေအထားမှာ ဒီမိုကရေစီ ဆိုတာဘာလဲ။ ဒီမိုကရေစီနဲ့ အာဏာပိုင်အုပ်ချုပ်ရေး စနစ်တွေက ဘယ်လောက်အထိ ကွာခြားကြလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မေးရပါဦးမယ်။ ဒီမိုကရေစီ ဆိုတာ “၂ ခုထဲက ကြိုက်တာ ၁ ခုရွေး” မဟုတ်ဘဲ “အနည်းနဲ့အများ ပေါင်းစပ်ပါဝင်သော” ဆိုတဲ့ ဝိသေသထူးတွေ ရှိတယ်လို့ တချို့က ပြောပါတယ်။ ဒီမိုကရေစီ ဆိုတာ “ရှိခြင်း ဒါမှမဟုတ် မရှိခြင်း” ဆိုတာထက် “အတိုင်းအတာ တခုအထိ” ဆိုတဲ့ ဝိသေသထူးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ အရည်အသွေးခြင်း ခြားနားနေတာကြောင့် ဒီမိုကရေစီနဲ့ အာဏာပိုင်အုပ်ချုပ်ရေး စနစ်တွေကြား ကွဲပြားသွားတာလို့တော့ တခြားသူတွေက ငြင်းခုန်ပြောဆိုပါတယ်။ အာဏာပိုင်စနစ်က ဒီမိုကရေစီစနစ် လောက် ဒီမိုကရေစီ မဆန်ဘူးလို့ ပြောရင်မှားပါတယ်။ အာဏာပိုင်စနစ်ဆိုတာ လုံးဝကို ဒီမိုကရေစီမဆန်တာပါ။ ဒီလို ပြဿနာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ နိုင်ငံရေး လက်တွေ့ကျင့်သုံးသူ ခေါင်းဆောင်တွေရဲ့ ဆွေးနွေး ပြောဆိုမှုတွေမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီး အပြင်းအထန် တိုက်ခိုက်တာတွေပဲ ပါဝင်နေပါတယ်။ ဒါကြောင့် အဖြေလည်း မထွက်နိုင်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲသက်သက် အာဏာပိုင်စနစ်ဆိုတာ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာ တချို့ကိုရော၊ ဒီမိုကရေစီရဲ့ စရိုက်လက္ခဏာ တချို့ကိုရောပါ အတူပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ အဲဒီမတူညီတဲ့ စရိုက်လက္ခဏာတွေက ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်ထဲမှာ မသိမသာကူးပြောင်းပြီး ပေါင်းစပ်သွားပေမယ့်၊ လုံးဝကို အကျော်မခံတဲ့ သတ်မှတ်တိုင်းတာချက် Threshold တွေကိုလည်း ဆက်ပြီးထိန်းထားဆဲ ဖြစ်တာတွေ့ရပါတယ်။
ဝိုးတဝါး ဖြစ်နေတဲ့ နယ်ပယ်
ဒီနေ့ခေတ်မှာ တွေ့ရတဲ့ အစိုးရတွေအများစုက ဒီမိုကရေစီလည်း ပီပီသသ မဟုတ်ကြသလို၊ အာဏာပိုင်စနစ်လည်း လုံးလုံးလျားလျား မဟုတ်ကြပါ။ လစ်ဘရယ် ဒီမိုကရေစီနဲ့ ဒေါင်ဒေါင်မြည် အာဏာပိုင်စနစ် Closed authoritarianism ၂ ခုကြားကို ကျရောက်နေတာပါပဲ။ သူတို့ကျရောက်နေတဲ့ အဲဒီနယ်ပယ်က ကျယ်ပြန့်ပြီး နားလည်ရခက်ပါတယ်။ အဲဒီလို ယတိပြတ် ပြောဖို့ခက်နေတဲ့ အစိုးရတွေကို သေချာစနစ်တကျ ပြောချင်တာကြောင့် တချို့ပညာရှင်တွေက ဒီမိုကရေစီ ဖော်ဆောင်နေဆဲ အစိုးရ (democratizing regime)၊ ဒီမိုကရေစီ တဝက်ပေးသောအစိုးရ (Semidemocracy) ဆိုပြီး ပေါင်းစပ်နာမည်တွေ ပေးထားပါတယ်။ တချို့ကတော့ နည်းနည်းလေး ပိုတိကျတဲ့ မလွတ်မလပ် ဒီမိုကရေစီ (Illiberal democracy)၊ ကိုယ်စားလှယ်လွှတ်တဲ့ ဒီမိုကရေစီ (Delegative democracy) ဆိုပြီး အဓိပ္ပါယ်ကို ထပ်ပြီးချုံ့ထား၊ အမျိုးအစားကို ထပ်ပြီး ခွဲထားလိုက်ပါသေးတယ်။ လစ်ဘရယ်ဒီမိုကရေစီနဲ့ ဒေါင်ဒေါင်မြည်အာဏာပိုင်စနစ် ၂ ခုကြားက နေရာကို ပညာရပ်နာမည်တခုခု အတိအကျ မပေးနိုင်သေးတာကြောင့် လစ်ဟာနေပါတယ်။ အဲဒီလစ်ဟာနေတဲ့ နေရာကို အုပ်စုအမျိုးအစား ၂ ခုနဲ့ ကျနော်က ဖြည့်စွက်ချင်ပါတယ်။ ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီ (Electoral democracy) ဆိုတာနဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ် (Electoral authoritarianism) ဆိုတာတွေပါ။ အမျိုးအစားတခုစီကို အကြောင်းအရာ ၂ ခုနဲ့ အချိုးညီညီ ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် နောက်ဆုံးရလဒ်မှာ အစိတ်အပိုင်း ၄ ခု ပါဝင်လာပြီး ဒီမိုကရေစီနဲ့ အာဏာပိုင်စနစ်ကြားက ကျယ်ပြန့်ပြီး ကွဲပြားနေတဲ့ အဆင်သဏ္ဍန်မျိုးစုံကို ဖမ်းဆုပ်နိုင်လိုက်ပါတယ်။ သူတို့ ၂ ခုကြားမှာ ရှိနေတဲ့ မတူညီမှုတွေကိုလည်း ဆွဲယူပြနိုင်ပါသေးတယ်။ အဲဒီမတူညီမှုတွေမှာ အဓိပ္ပါယ်တွေ အများကြီး ပါဝင်နေပြီး လေ့လာမှတ်သားထိုက်ပါတယ်။
လစ်ဘရယ်နဲ့ ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီ ၂ ခုကို မတူကွဲပြားစေတဲ့ အယူအဆတခု ရှိပါတယ်။ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် ရွေးကောက်ပွဲတွေဆိုတာ အရေးတကြီးလိုအပ်တဲ့ အခြေအနေတခု ဖြစ်ပေမယ့် သူ့ချည်းပဲ သက်သက်နဲ့တော့ မပြည့်စုံဘူးဆိုတဲ့ လူသိများ အယူအဆပါ။ ရွေးကောက်ပွဲတွေဆိုတာ မရှိရင် ဒီမိုကရေစီ အစိုးရဆိုတာ မရပ်တည်နိုင်ပေမယ့် ရွေးကောက်ပွဲတွေချည်းပဲနဲ့တော့ မပြည့််စုံ မလုံလောက်ဘူးလို့ ဆိုလိုတာပါ။ အဲဒီတော့ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ အနည်းဆုံးရှိထားရမယ့် သတ်မှတ်ချက်ဖြစ်လာပြီး လစ်ဘရယ် ဒီမိုကရေစီ ဆိုတာ အနည်းဆုံး သတ်မှတ်ချက်ထက် အများကြီးကို ကျော်လွန်ပြည့်မီတဲ့ ဒီမိုကရေစီဖြစ်ပါတယ်။ ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီ တွေကတော့ မကျော်လွန်ကြပါ။ သူတို့က ရွေးကောက်ပွဲတွေကို “မှန်မှန်ကန်ကန်” ဖြစ်အောင် ကျင်းပပေးနိုင်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ ဒီမိုကရေစီမှာ အသက်တမျှ အရေးကြီးတဲ့ “တရားဥပဒေစိုမိုးမှု” “နိုင်ငံရေးအရ တာဝန်ခံမှု”၊ “ဂုဏ်သိက္ခာရှိတဲ့ ဗျူရိုကရေစီ”၊ “ပြည်သူလူထုပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်း” ဆိုတဲ့ အင်္ဂါရပ်တွေကိုတော့ အင်စတီကျုးရှင်း ပုံစံဝင်သွားအောင် မလုပ်နိုင်ကြပါ။
ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်တို့ကို ကွဲပြားခြားနားသွားစေတဲ့ ယူဆချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ ဒီမိုကရေစီမှာ ရွေးကောက်ပွဲတွေ လိုအပ်ပေမယ့် “အဖြစ်သဘောမျိုး” ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ လက်မခံဘူးဆိုတာပါ။ လွတ်လပ်တဲ့ ဒီမိုကရေစီ အစိုးရဆိုတာနဲ့ ရွေးကောက်ပွဲ လိမ်ညာမှုတွေက ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာပါ။ ဒီမိုကရေစီ အဖြစ်လက်ခံ အသိအမှတ်ပြုနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိရမယ်လို့လည်း ပြောနိုင်ပါတယ်။ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီမှာတော့ ရွေးကောက်ပွဲတွေက အနိမ့်ဆုံးထားရှိရမယ့် ဒီမိုကရေစီ နှုန်းစံတွေနဲ့ ကိုက်ညီကြပါတယ်။ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင် စနစ်တွေကတော့ မကိုက်ညီကြပါ။
အခုလက်ရှိမှာတော့ အာဏာပိုင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ အများစုမှာလည်း ရွေးကောက်ပွဲတွေကို တနည်းတဖုံနဲ့ ကျင်းပကြပါတယ်။ ဒါပေမယ့် ကျင်းပပုံကျင်းပနည်းတွေကတော့ တခုနဲ့တခု မတူကြပါ။ အဲဒီလို မတူညီတဲ့ သဘောသဘာဝတွေ ရှိတာကြောင့်လည်း ရွေးကောက်ပွဲရှိတဲ့ အာဏာပိုင်စနစ်နဲ့ ရွေးကောက်ပွဲကင်းမဲ့ အာဏာပိုင်စနစ် ဆိုပြီး ကွာခြားသွားရတာပါ။ ဘယ်သူမှ အလေးအနက်မထားတဲ့ အတုအယောင် ရွေးကောက်ပွဲတွေလည်း ရှိပါတယ်။ ဘယ်လိုမှ လျစ်လျူပြုလို့ မရနိုင်တဲ့ ရုန်းကန်ရင်ဆိုင်ရမှုတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲ “ပွင့်လင်းမြင်သာမှု” နဲ့ “အပြိုင်အဆိုင်ရှိမှု” ဆိုတာတွေက အဓိပ္ပါယ်ဖွင့်ဆိုရခက်ပေမယ့် တကယ်လက်တေ့ွရှိတဲ့ သတ်မှတ်တိုင်းတာချက် Threshold တွေပါ။ ရွေးကောက်ပွဲတွေက အဲဒီ သတ်မှတ်ချက်တွေကို ကျော်ဖြတ်သွားနိုင်ပြီ ဆိုတာနဲ့ သူ့သဘောသူဆောင်ပြီး ကိုယ်ပိုင်အဓိပ္ပါယ်တွေ ရှိလာတာကို တွေ့ရပါတယ်။ သတ်မှတ်ချက်တွေကို အဓိပ္ပါယ်ထိထိမိမိ မဖွင့်ဆို နိုင်ပေမဲ့ သူတို့က အချိန်နဲ့ အမျှပြောင်းလဲသွား၊ ဖြစ်ရပ်အနေအထားပေါ် မူတည်ပြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးစနစ်တခုက အဝင်၀ သတ်မှတ်ချက်တွေကို ကျော်လွှားသွားနိုင်လိုက်ပြီ ဆိုတာနဲ့ ရွေးကောက်ပွဲတွေက အလိမ်အညာတွေ ကင်းစင်သွားပါတယ်။ အာဏာကို ခွဲဝေတည်ဆောက်ရာမှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာပါတယ်။ အကျိုးဆက်ကတော့ အာဏာရ အုပ်ချုပ်သူတွေနဲ့ အတိုက်အခံ အင်အားစုတွေက ရွေးကောက်ပွဲတွေကို “အလေးဂရုပြုလာရ” တာပါ။
ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ် တို့ကြားမှာ တဆက်တစပ်တည်း ဖြစ်နေတဲ့ နယ်မြေကို အခု ဒီအက်ဆေးက အဓိက ဇောင်းပေး လေ့လာသွားပါမယ်။ အဲဒီနယ်မြေနဲ့ ပတ်သက်ပြီးတော့လည်း အငြင်းပွားတာတွေ တော်တော်များပါတယ်။ အနိမ့်ဆုံး ရှိထားရမယ်လို့ ပြောတဲ့ဒီမိုကရေစီ စံနှုန်းတွေက ရှေ့နောက် တသမတ်တည်း ဖြစ်နေပြီး ဒီမိုကရေစီအစိုးရ မှန်သမျှ လိုက်နာဖြည့်ဆည်းဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်မှာ စပြီး အငြင်းပွားပါတယ်။ ရွေးကောက်ပွဲတွေက ဒီမိုကရေစီနဲ့ ကိုက်ညီ မညီဆိုတာ သတ်မှတ်ပေးတဲ့ ဓလေ့ထုံးစံတွေ ရှိပါတယ်။ အဲဒီဓလေ့ထုံးစံတွေထဲက တခုခုကို ချိုးဖောက်လိုက်ပြီ ဆိုတာနဲ့ အစိုးရတရပ်က ဒီမိုကရေစီ ပိုင်နက်ထဲကနေ ထွက်ခွာသွားပြီလို့ သဘောတရားရေး ရှုထောင့်ကနေ ပြောနိုင်ပါတယ်။ အဓိပ္ပါယ်တွေကို တိတိကျကျ ပြောနိုင်တယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတာကို အစတည်းက ရှောင်ရှားရအောင်ပါ။ ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ ဟန်ပြ အာဏာပိုင်စနစ်တို့ကို ခွဲခြားပြောချင်သူတွေ အလေးပေး အာရုံစိုက်လိုတဲ့ အဓိက ပြဿနာကြီးတွေ ရှိပါတယ်။ ကြောင်းကျိုးဆီလျော်တဲ့ ဒီမိုကရေစီ ဓလေ့ထုံးစံတွေက တစုတဝေးတည်း ရှိနေတယ်လို့ ယူဆထားလိုက်ရင် အဲဒီ အဓိကပြဿနာကြီးတွေကို အရှိန်တန့်သွားအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒါပေမယ့် လက်တွေ့မျက်မြင် အနေအထားတွေက ရှုပ်ထွေးနေမယ်ဆိုရင် မတူညီတဲ့ အစိုးရစနစ်၂ ခုကို အားလုံး လက်ခံလာအောင် ရှင်းရှင်းလင်းလင်း ခွဲခြားပြောဆိုဖို့ မဖြစ်နိုင်တော့ပါ။ အယူအဆပိုင်း သဘောတရားပိုင်းမှာ ဘယ်လောက်ပဲ တတ်သိလိမ္မာနေပါစေ မဖြစ်နိုင်တော့ပါ။ အဲဒီတော့ ခွဲခြားပြောဆိုဖို့ဆိုတာ မဖြစ်နိုင်တော့ဘဲ အစိုးရစနစ်တွေရဲ့ အနားသတ်မျဉ်းတွေက မပီဝိုးတဝါးဖြစ်နေပြီး အချေအတင် ငြင်းခုံစရာတွေနဲ့ အပြည့်ပါ။ လက်တွေ့နိုင်ငံရေး လုပ်ဆောင်တဲ့အခါမှာ ရလာတဲ့ အောင်မြင်မှု အတိုင်းအတာ အမျိုးမျိုးကို ဓလေ့ထုံးစံတွေက လက်ခံခွင့်ပြုလာရတဲ့အထိ အငြင်းပွားစရာ ဖြစ်စေပါတယ်။
ဒီမိုကရေစီ ဓလေ့ထုံးစံတွေကို နေရာတိုင်းမှာ အပြည့်အစုံ နားလည် သဘောပေါက်နေကြတာ မဟုတ်ပါ။ ရင့်ကျက် ခိုင်မာပြီးသား ဒီမိုကရေစီ နိုင်ငံတွေမှာတောင် နားမလည် သဘောမပေါက်ကြပါ။ ရွေးကောက်ပွဲ ပြိုင်ကွင်းအတွင်းကို ဝင်ရောက်ဖို့အတွက် ကုန်ကျစရိတ်တွေ ရှိနေတတ်ပြီး ရာနှုန်းပြည့်် တရားမျှတတယ်ဆိုတာ မရှိပါ။ ရွေးကောက် တင်မြှောက်လိုက်တဲ့ ရာထူးနေရာတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာသက်ရောက်ရာ နယ်ပယ်တွေကလည်း ကန့်သတ်ခံထားရပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အင်စတီကျူးရှင်းတွေကလည်း နိုင်ငံရေးပါတီ စနစ်အတွင်းက လူပုဂ္ဂိုလ်တွေကို ခွဲခြားဆက်ဆံတာ ရှိပါတယ်။ နိုင်ငံရေးပါတီ စနစ်အပြင်က လူပုဂ္ဂိုလ်တွေကို ခွဲခြားဆက်ဆံတာလည်း ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးတွေက လွတ်လပ်တဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်တွေ မရကြဘဲ လူ့အဖွဲ့အစည်းက ကန့်သတ်ချုပ်ချယ်တာ၊ အခြေခံဥပဒေက ကန့်သတ်ချုပ်ချယ်တာကိုလည်း ခံကြရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အင်ဒရီးစ် ရှယ်ဒလာ (Andreas Schedler) သည် မက္ကဆီကိုမြို့၊ Facultad Latinoamericana de Ciencias Sociales (FLACSO) မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ တယောက်ဖြစ်ပြီး Committee on Concepts and Methods of the International Political Science Association တွင်လည်း ဥက္ကဋ္ဌဖြစ်သည်။ ဤစာတမ်းကို ဘာသာပြန်သော Educational Initiatives (ပညာရှေ့ဆောင်) အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)