ယနေ့အချိန်တွင်မူ မြူနှင်းများ ဖုံးလွှမ်းနေသည့် အဆိုပါတောင်တန်းများရှိ တောင်ကြားအဆင့်ဆင့်ရှိ မတ်စောက်သော ကုန်းစောင်း များတွင် အပင်မှထွက်သော မူးယစ်ထုံထိုင်းစေသည့် အစေးကို ရယူ ရန်အတွက် တောင်သူများက စိုက်ပျိုးထားသည့် လှပသော ဘိန်းစိုက်ခင်းများက ဖုံးနေသည်။
၂၀ဝ၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဘိန်းစိုက် ပျိုးမှု ၃ ဆတိုးတက်ခဲ့ပြီး ဧက ၁၅၀ဝဝဝ နီးပါးအထိ ရောက်ရှိ လာခဲ့သည်ဟု ကုလသမဂ္ဂမှ ကောက်ယူခဲ့ သော စစ်တမ်းများအရ သိရသည်။ ထိုသို့ သိသိသာ သာ မြင့် တက်လာခြင်းမှာ ကမ္ဘာ့ဘိန်းဖြူစီးပွားရေး တွင် မြန်မာနိုင်ငံက အဓိကနေရာ ပြန်လည်ရောက် ရှိလာခြင်းကို အပြည့်အဝ တားဆီးထိန်းချုပ်နိုင်ရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်ပါသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ဘိန်းကို တနှစ်လျှင် ၂ ကြိမ်စိုက်ပျိုးသည့် တောင်သူအရေအတွက် တိုးလာ သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ ကုလသမဂ္ဂမှ ကောက်ယူသည့် စစ်တမ်းများတွင် ဒုတိယ အကြိမ် စိုက်ပျိုးခြင်းများ မပါဝင်ပါ။
ဘိန်းစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံတွင် တရား မဝင်လုပ်ငန်းဖြစ်သော်လည်း ယခုကဲ့သို့ ဝေးလံခေါင် ဖျားပြီး ဆင်းရဲနွမ်းပါးသည့် ဒေသအတွင်းမှ တောင် သူများက သူတို့တွင် ရွေးချယ်စရာ အနည်းငယ်မျှ သာရှိသည်ဟု ပြောကြသည်။
“ကျနော်တို့လည်း တသက်လုံး ဘိန်းစိုက်မစား ချင်ပါဘူး”ဟု ထိုင်းနိုင်ငံတွင် ဆယ်နှစ်နီးပါး နေထိုင် ခဲ့ပြီး ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များရယူကာ ပြန် လည်ရောက်ရှိလာခဲ့သော အသက် ၃၆ နှစ်အရွယ်ရှိ ကိုဆိုင်ဖက ပြောသည်။
“လူ့အသိုင်းအဝိုင်းအတွက် မကောင်းဘူးဆိုတာ ကျနော်တို့သိပါတယ်။ တခြား နိုင်ငံတွေကလည်း သဘော မကျကြဘူး။ ဒါပေမယ့် ကျနော်တို့မှာ တခြားနည်းလမ်းမရှိဘူး” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံက အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ ပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံ အဖြစ် ရှိနေ ဆဲဖြစ်ပါသည်။ ဘိန်းသည် ဘိန်းဖြူချက် လုပ်ရာတွင် အဓိကပါဝင်ရသည့် ပစ္စည်းဖြစ်သည်။ ယမန်နှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းစိုက်ပျိုး မှုက ဧက ၅၅၀ဝဝဝ ရှိမည်ဟု ကုလသမဂ္ဂကခန့်မှန်း ခဲ့သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည်ထက် ၃ ဆကျော် ပို၍များသည်။ သို့သော်လည်း ရွှေတြိဂံ ဒေသမှ ဘိန်းဖြူ သည် အရည်အသွေးကောင်းသည့်အတွက် ပိုမိုထင်ရှားပြီး ဈေးနှုန်းလည်းမြင့်သည်။ အထူးသဖြင့် အခြေခံဈေးကွက်တခု ဖြစ်ဖွယ်ရှိသော တရုတ်နိုင်ငံတွင် ဖြစ်သည်။
၁၉၈၀ နှစ်များအထိ မြန်မာနိုင်သည့် ကမ္ဘာ ပေါ်တွင် ဘိန်းဖြူအများဆုံး ထုတ်လုပ်ပေးသည့် နိုင်ငံဖြစ်ခဲ့သည်။ ၂၀ ရာစုနှစ် ကုန်ခါနီးတွင် တရုတ် နိုင်ငံက ၎င်း၏ နယ်စပ်တလျှောက်ရှိ မြန်မာတိုင်းရင်း သားအဖွဲ့များကို ဘိန်းစိုက်ပျိုးမှု ရပ်တန့်ရန် ဖိအား ပေးခဲ့သဖြင့် ရွှေတြိဂံဒေသမှ ထုတ်လုပ်မှု ကျဆင်း သွားပြီး အာဖဂန်နစ္စ တန်မှ ထုတ်လုပ်မှု မြင့်တက်လာ ခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ဘိန်းထုတ် လုပ်မှုက ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ တရုတ် နယ်စပ် နှင့် ဝေးရာ တောင်ဘက်ပိုင်းရှိ တိုင်းရင်းသား အဖွဲ့များထိန်းချုပ်ထားသည့် ဒေသများသို့ ရွှေ့ပြောင်း သွားခြင်း ဖြစ်သည်။
၎င်းအဖွဲ့များထဲမှ အချို့မှာ အစိုးရနှင့် မဟာမိတ်ဖွဲ့ထားကြသူများဖြစ်ပြီး အချို့မှာ အစိုးရကို ဆန့် ကျင်နေသူ များ ဖြစ်ကြသည်။ အစိုးရက မြို့ကြီးများကို ထိန်းချုပ်ထားသော်လည်း တောင် ပေါ်ဒေသများမှာ ပြည်သူ့စစ် များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ကြီးထွားလာနေသော ဘိန်းလုပ်ငန်း၏ အချက်အချာနေရာသစ် ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၅ ခုခန့် ကြာမြင့် ခဲ့သည့် အာဏာရှင်စနစ်နှင့် အထီးကျန်ဝါဒ လက်အောက်မှ လွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ကို တံခါး ဖွင့်လာသည့်အချိန်တွင် မက်သဖက်တမင်းရောင်းဝယ်မှုတိုးတက် လာခြင်း အပါအဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။
အစိုးရက ပေါ်ထွန်းလာခါစ ဒီမိုကရေစီ၏ စိန်ခေါ်မှုများကို အာရုံစူးစိုက်နေသည့် အချိန်တွင် ဘိန်းမှရရှိသည့် ငွေများက တရားမဝင် ကုန်သွယ်မှု ကို ဖမ်းဆီးတိုက်ဖျက်ရန် တာဝန်ရှိသူများ၏ အိတ် အတွင်းသို့ ဝင်ရောက် နေသည်။
“အစိုးရက မမြင်ချင်ယောင်ဆောင်နေတယ်” ဟု အမေရိကန် ပြည်ထောင်စုမှ Drug Enforcement Administration (DEA) ၏ မြန်မာနိုင်ငံရုံးတွင် ဒါရိုက်တာအဖြစ် ပြီးခဲ့သည့် ဇွန်လအထိ ဆောင်ရွက်ခဲ့ပြီး အငြိမ်းစားယူခဲ့သော John M.Whalen ကပြောသည်။ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် စစ်ဘက် အရာရှိများ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင် မျက်ကွယ်ပြုပေးရန် ငွေပေးမှုများ ရှိနေသည်ဟု သူကဆိုသည်။
အစိုးရက ငြိမ်းချမ်းရေးအကြောင်း ပြောနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အမြောက်အမြား နှင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် မြန်မာတပ်မတော်က အခြားလက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ တည် ဆောက်ထားသည့် မဟာမိတ် အနေအထား ပျက်စီးသွားနိုင်သည်ကို စိုးရိမ်သည့် အတွက် မူးယစ် ဆေးတိုက် ဖျက်ရေးကို သတိထားနေသည်ဟု သူကပြောသည်။
“ခင်ဗျားတို့မှာ ဆက်လက်ခွင့်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ အစိုးရက သူတို့ကို လိုအပ်လို့ပဲ” ဟု ယခုအခါ စင်ကာပူအခြေစိုက် အကြံပေးလုပ်ငန်းတခု ဖြစ်သည့် Search တွင် ဒါရိုက်တာတဦးအဖြစ် တာဝန်ထမ်းဆောင်နေသော John M.Whalen ကပြောသည်။
ဝေးလံပြီး တောတောင်ထူထပ်၍ ဗဟိုအစိုးရကို ကာလရှည်ကြာစွာ ဆန့်ကျင်တိုက်ခိုက်ခဲ့သော ရှမ်းပြည် တပ် မတော် တောင်ပိုင်း (RCSS/SSA) က ထိန်းချုပ်ထားသည့် ဘန်လန်းတွင် ဘိန်းပင်များ စိုက်ပျိုး နေကြသည်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့သည် အခြားသော တောင်ပေါ်တိုင်းရင်းသား အဖွဲ့များကဲ့သို့ပင် ကိုယ် ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဗဟိုအစိုးရကို ဆန့်ကျင်နေသည့်အဖွဲ့ ဖြစ်သည်။
အနက်ရောင်နယ်မြေဟု သိကြသည့် အဆိုပါ ဒေသသည် အစိုးရ၏ ထိန်းချုပ်မှု အပြင်ဘက်တွင် ရှိနေပြီး ပုံမှန်အားဖြင့် နိုင်ငံခြားသားများကို သွားလာ ခွင့်မပြုသည့်နေရာလည်း ဖြစ်ပါသည်။ မကြာသေးမီက ကုလ သမဂ္ဂအဖွဲ့မှ တာဝန်ရှိသူများနှင့် စာနယ် ဇင်းသမားများ သွားရောက်ခဲ့ရာတွင် မူးယစ်တိုက် ဖျက်ရေး အဖွဲ့မှ ရဲအရာရှိများက လိုက်ပါစောင့်ကြပ် ပေးခဲ့ကြရသည်။
၎င်းတို့အဖွဲ့ မသွားရောက်မီ တပတ်အလို ဒီဇင်ဘာလဆန်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက် မှုဖြစ်ပွားခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အရာရှိများက ပြောသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းက မူးယစ် ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု အမေရိကန် အစိုးရတာဝန်ရှိသူများက ကာလရှည် ကြာစွာ ယူဆထားခဲ့ကြသည်။ သို့သော်လည်း ၎င်းအဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က “မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ကျနော်တို့ တတ်နိုင်သမျှ တိုက်ဖျက်ဖို့ ရည် ရွယ်ထားပါတယ်” ဟုပြောသည်။
မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်နေသည်ဟု စွပ်စွဲမှုများသည် SSA နှင့် SSA ၏ တော်လှန်ရေးကို ဂုဏ် သိက္ခာကျဆင်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟုလည်း သူကဆိုသည်။
ထိုဒေသများတွင် ဘိန်းကို ဆေးဝါးတခုအနေ ဖြင့် အသုံးပြုလာခဲ့သည်မှာ ကာလများစွာကြာမြင့်ခဲ့ပြီ ဖြစ် သည်။ ဖျားနာခြင်း၊ ဗိုက်နာခြင်းစသည့် သာမန် ရောဂါများကို ကုသရန်လည်းကောင်း ေြွမကိုက်ခံရ သည့် အခါ အနာသက်သာစေရန်နှင့် နေမကောင်း သည့် ကျွဲနွားတိရစ္ဆာန်များကို ကုသရာတွင်လည်း ကောင်း ဘိန်းကိုအသုံးပြုကြသည်။
သို့သော်လည်း ပြီးခဲ့သည့် ဆယ်နှစ်ဝန်းကျင်မှစ၍ တောင်သူများက ဘိန်းကို အဓိကငွေရှာပေးသည့် သီးနှံအဖြစ် ယူဆ လာကြသည်။
ဘိန်းက ပိုပြီး အမြတ်အစွန်း ရနိုင်သည်သာမက ဘိန်းကုန်သည်များကလည်း ဘိန်းစိုက်ပျိုးရန်အတွက် ငွေ ကြေးထောက်ပံ့ပေးကြသည်။ ဘိန်းစိုက်ပျိုးမှုထွန်း ကားလာခြင်းက မြန်မာနိုင်ငံ၏ အခြားဒေသများမှ တောင် သူများကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါသည်။ နှစ်စဉ် နှစ်တိုင်း ရွှေ့ပြောင်းရောက်ရှိလာသည့် တောင်သူ များက ဘိန်းပင်များ ပိုမိုစိုက်ပျိုး နိုင်ရန်အတွက် တောင်စောင်းများမှ သစ်တောများကို ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။
ပဋိပက္ခများကြောင့် ထိခိုက်နစ်နာခဲ့ရသော တောင်သူများအတွက် ဘိန်းက ငွေကြေးဆုံးရှုံးနိုင်မှု နည်းပါး သည့်သီးနှံဖြစ်သည်။ တောင်သူများအားလုံး နီးပါးသည် လက်နက်ကိုင်တပ်ဖွဲ့များကြားမှ တိုက်ပွဲ များကြောင့် ထွက်ပြေးပုန်းရှောင်ခဲ့ကြရသူများ ဖြစ် ကြသည်။ ဘိန်းစိုက်ပျိုးချိန်မှ ဘိန်းစေးခြစ်ယူနိုင်သည့် အချိန်အထိ ၄ လခန့်သာကြာမြင့်ပြီး ဝင်ငွေများများ စားစားလည်း ပြန်လည်ရရှိနိုင်ပါသည်။
“ဒီတိုင်းပြည်က လူအများအတွက် ဘိန်းက ပြဿနာတခုမဟုတ်ဘူး။ အဖြေဖြစ်နေတယ်။ ဝင်ငွေ နည်းတဲ့ တောင်သူတွေအတွက် ဆား၊ ဆန်၊ ဆေးဝါး နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက် ဝင်ငွေ ပိုရရှိစေ နိုင်တဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်” ဟု တရားမဝင် မူးယစ်ဆေးများကို ခြေရာခံနေသည့် နယ်သာလန် နိုင်ငံမှ အဖွဲ့အစည်းတခုဖြစ်သော Transnational Institute မှ သုတေသီတဦးဖြစ်သည့် Tom Kramer ကပြောသည်။
အန္တရာယ်များသော ဘိန်းစီးပွားရေးအတွင်းတွင် မိမိတို့ ပိတ်မိနေကြသည်ဟု ကျေးလက်ပြည်သူများက ပြော ကြသည်။ ဘိန်းခြစ်ယူပြီးသည်နှင့် ပွဲစားများ ရောက်လာကြပြီး ဘိန်းများဝယ်ယူကြသည်။
သို့သော် လည်း ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ငွေတောင်းခံရခြင်း အပါအဝင် တရားမဝင် စီးပွား ရေးလုပ်ငန်း၏ ကြမ်းတမ်းရက်စက်သော အစိတ် အပိုင်းများကိုလည်း တွေ့ကြုံရင်ဆိုင်ကြရသည်။
“ဘိန်းစိုက်လို့ ငွေ ၂ ဆ ၃ ဆမက ရနိုင်ပါ တယ်။ ဒါပေမယ့် လူတွေအများကြီးကို အခွန်တွေ ပေးရလိမ့်မယ်” ဟု ဘိန်းခင်းတခု၏ရှေ့တွင် ကုန်စုံဆိုင်ငယ်လေးတခု ဖွင့်လှစ်ထားသည့် အသက် ၇၃ နှစ်အရွယ် အဘွားအို ပါ့ဆိုင်ယိင်းကပြောသည်။
သူနှင့် အခြားသော ကျေးလက်ပြည်သူများက ငွေပေးနေရသည့်သူများ စာရင်းထဲတွင် ရဲအဖွဲ့၊ အစိုးရတပ်၊ SSA နှင့် စစ်ထောက်လှမ်းရေး အရာရှိများ ပါဝင်သည်။
သူတို့ရွာတွင် လျှပ်စစ်မီးလည်းမရှိပါ။ အစိုးရ ရုံး သို့မဟုတ် ရဲစခန်းလည်း အနီးအနားတွင် မရှိပါ။
ကုလသမဂ္ဂအဖွဲ့က ယမန်နှစ်က တောင်စောင်းတခု အထိ ဖောက်လုပ်ပေးခဲ့သော ဖုန်ထူထူလမ်းသာလျှင် သူတို့ရွာဆီသို့ ခြေကျင်သွားရောက်နိုင်သည့် လမ်း ကြောင်းဖြစ်သည်။
ကုလသမဂ္ဂက စိုက်ခင်းများတွင် ကော်ဖီပင် များ အစားထိုးစိုက်ပျိုးရန် မိသားစုများကို ဆွဲဆောင် စည်းရုံး ခဲ့သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ Jochen Wiese ဦးဆောင်သည့် စမ်းသပ်စီမံကိန်းတခုကို ပြုလုပ်ခဲ့သည်။
Jochen Wiese သည် ပီရူးနိုင်ငံတွင် နှစ် ပေါင်း ၃၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး ကုတ်ကင်း ထုတ်လုပ်သည့် ကိုကာပင်များ စိုက်ပျိုးနေသည့် လယ်သမားများကို အခြားအစားထိုး သီးနှံများ စိုက်ပျိုးစေသည့် အစီအစဉ်ကို အောင်မြင်စွာ စတင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် အစားထိုးသီးနှံ စိုက်ပျိုးရေး အစီအစဉ် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။ ပန်းဂျုံနှင့် ကြံစိုက်ပျိုးရေး အစီအစဉ် ၂ ခုလုံးသည် ပျက်စီးယိုယွင်းနေသည့် လမ်းများကြောင့် သယ်ယူပို့ ဆောင်ရေး တွင် အခက်အခဲတွေ့ခဲ့ရသည်။
သူ့အနေ ဖြင့် မြန်မာကော်ဖီကို နာမည်ရလာအောင် သူလုပ် ပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကော်ဖီ ဈေးကွက် သို့ရောက်ရှိအောင် သူ၏ အဆက်အသွယ်များ၏ အားကို အသုံးပြုသွားမည်ဖြစ်ကြောင်း Jochen Wiese က ပြောသည်။
တောင်သူများကလည်း ကော်ဖီပင်စိုက်ပျိုးရန် စိတ်ဆန္ဒရှိကြောင်း ပြောသည်။ သို့သော်လည်း ကော်ဖီပင်မှ ခူးဆွတ်နိုင်ရန် အချိန် ၃ နှစ် ကြာမြင့် မည်ဖြစ်သည့်အတွက် သူတို့၏ ဘိန်းစိုက်ခင်းများကို စွန့်လွှတ်ရန် အသင့်မဖြစ်ကြသေးပါ။
“ကျမတို့လည်း ဘိန်းထုတ်လုပ်တာကို ဖြစ်နိုင် သမျှ အမြန်ဆုံး ရပ်တန့်ချင်ပါတယ်။ ဒါပေမယ့် ကော်ဖီချည်းပဲ စိုက်မယ်ဆိုရင် စားစရာရှိမှာမဟုတ် ဘူး” ဟု လမ်းလျှောက်တတ်စ ကလေးငယ်ကို ထိန်း ကျောင်းရင်း ခင်ပွန်းသည် ဘိန်းစေးခြစ်နေသည်ကို စောင့်ကြည့်နေသည့် အသက် ၂၃ နှစ်အရွယ် နန်းဝမ်ကပြောသည်။
Jochen Wiese သည် ဒီဇင်ဘာလအတွင်းတွင် ဘိန်းစိုက်တောင်သူများ မေးမြန်းသည့် ကော်ဖီ ဈေးနှုန်း များ အကြောင်း၊ ကော်ဖီစိုက်ပျိုးရေး အစီအစဉ် အတွက် ရန်ပုံငွေနှင့် နိုင်ငံတကာ အလှူရှင်များထံမှ ငွေကြေး အထောက်အပံ့ပေးရန် ကတိကဝတ် ရရှိ ထားခြင်း ရှိ မရှိ စသည့် မေးခွန်းများကို ၃ ရက်ကြာ ဖြေကြားပေးခဲ့သည်။
“မူးယစ်ဆေးပြဿနာကို ဒီနေရာ တခုတည်းနဲ့ ကျနော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမဝင် စီးပွားရေးကနေ ပြောင်းလဲပစ်နိုင်တဲ့ ဖြစ်နိုင်ခြေရှိတာတွေကို ပြည်သူတွေကို ပြရပါမယ်။ ကျနော်တို့ အခုလုပ်နေတာက ပထမဆုံး ခြေလှမ်းပါ” ဟု Jochen Wiese က တွေ့ဆုံမေးမြန်းမှု တခုတွင် ပြောခဲ့သည်။
(The New York Times သတင်းစာပါ ဝေမိုး ရန်ကုန်မြို့မှ ပူးပေါင်းသတင်းပေးပို့သည့် Thomas Fuller ၏ Myanmar Returns to What Sells: Heroin ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်)