ကိုးကန့်သူပုန်များကို ထောက်ခံသူ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မှ စစ်ဗျူဟာ ကျွမ်းကျင်သူ ဗိုလ်ချုပ်တဦးကို “နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု”ဖြင့် စစ်ခုံရုံးတင် စစ်ဆေးသွားမည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက ရေးသားလိုက်သည်။
တရုတ် စစ်ဘက်သိပ္ပံ အကယ်ဒမီ၏ သုတေသန လမ်းညွှန် ဌာနကြီးမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ် ဟွမ်ရှင်းကို “အရေးကြီးသော စည်းကမ်း ချိုးဖောက်မှု”များဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုပြီး ယင်းသည် အကျင့်ပျက်ခြစားမှုများကို ရည်ညွှန်းဖော်ပြချက် ဖြစ်သည်ဟု သတင်းက ရေးသားသည်။ သူသည် ၂ လ အတွင်း အကျင့်ပျက်မှုနှင့် စွပ်စွဲပြီး အဖမ်းခံခဲ့ရသော စစ်ဗိုလ်ချုပ် ၁၄ ယောက်ထဲက တဦးဖြစ်ကြောင်းလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် နေ့စဉ်သတင်းစာ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ် စစ်ဘက် ထိပ်တန်းသုတေသီတဦး ဖြစ်ခဲ့သော ဗိုလ်ချုပ်ဟွမ်ရှင်းသည် အကျင့်ပျက်ခြစားသည့် အရာရှိများစာရင်းတွင် ထူးဆန်းစွာ ပါဝင်လာခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။ အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရသော အရာရှိအများစုသည် အလွဲသုံးစား လုပ်နိုင်သော၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်နိုင်သောနေရာများ ဖြစ်သည့် ထောက်ပံ့ရေးဌာနများ သို့မဟုတ် နိုင်ငံရေး ဗျူရိုများမှ ဖြစ်ကြသည်။
ထိုင်ဝမ် ရှိ Chinese Council of Advanced Policy Studies မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်ရေးရာ သုတေသီ တယောက်ဖြစ်သော Ding Shu-fan က ဗိုလ်ချုပ်ဟွမ်ရှင်း၏ အမည်ကို စာရင်းတွင် တွေ့ရခြင်းသည် အံ့အားသင့်စရာဖြစ်သည်ဟု ပြောသည်။“ စစ်ရေး လေ့လာသူ ပညာရှင်တယောက်အနေနဲ့ သူက အကျင့်ပျက်ခြစားမှုနဲ့ ညိစွန်းလိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ လာဘ်ပေးလာဘ်ယူ လုပ်ဖို့ အခွင့်အရေး များများစားစား မရှိလို့ပါ” ဟု သူက South China Morning Post သတင်းစာကို ပြောသည်။
လက်တွေ့တွင် ဗိုလ်ချုပ်ဟွမ်ရှင်း စစ်ဆေးခံရခြင်းမှာ အကျင့်ပျက်ခြစားမှုကြောင့် မဟုတ်ဘဲ မြန်မာ အစိုးရတပ်ဖွဲ့များ နှင့် တိုက်ခိုက်နေသော ကိုးကန့်လက်နက်ကိုင် အဖွဲ့များကို အကူအညီပေးခဲ့သည့် “နိုင်ငံရေး အမှား”ကြောင့်သာ ဖြစ်သည်ဟု သတင်းရင်းမြစ်များက South China Morning Post သတင်းစာသို့ ပြောကြသည်။
ကိုးကန့်အဖွဲ့ကို သူက အကူအညီပေးခဲ့ခြင်းကြောင့် တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ ရှက်စရာဖြစ်ခဲ့ကြောင်းနှင့် “သူတို့က သူ့ကို အပြစ်ပေးနိုင်ဖို့အတွက် အဆင်ပြေတဲ့ စွဲချက်တခု ရွေးလိုက်တာပါ” ဟု တရုတ် စစ်တပ်မှ အငြိမ်းစား ဗိုလ်မှူးကြီး တဦးက ပြောကြောင်း သတင်းစာကို ပြောသည်။
ဗိုလ်ချုပ်ဟွမ်ရှင်း ကိုးကန့်အဖွဲ့အား မည်ကဲ့သို့ ကူညီခဲ့သည်ဆိုသည့် အချက်ကို ရှင်းလင်းစွာ မသိရသေးပါ။ နိုင်ငံတော်လျှို့ဝှက်ချက်များ ကိုးကန့်အဖွဲ့အား ပေးခဲ့သည်ဆိုခြင်းမှာ မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်ရာတွင် အားသာချက် ရယူနိုင်အောင် ကူညီရန် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း South China Morning Post သတင်းရင်းမြစ်တခုက ဆိုသည်။
ထူးခြားသည်မှာ စွဲချက်များသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွက် ဖြစ်ပြီး လက်ရှိ တိုက်ပွဲများနှင့် မသက်ဆိုင်ပါ။ လတ်လောတွင်လည်း ကိုးကန့် လက်နက်ကိုင်အဖွဲ့ကို တရုတ်နိုင်ငံမှ အကူအညီနှင့် လေ့ ကျင့်သင်တန်းပေးခဲ့သည်ဟု မြန်မာ စစ်ဖက်တာဝန်ရှိသူများက ပြောကြားသော်လည်း တရုတ်အစိုးရက ရော ကိုးကန့် လက်နက်ကိုင် ခေါင်းဆောင်များကပါ ငြင်းခဲ့ကြသည်။
တရုတ်နိုင်ငံ၏ တရားဝင်မူဝါဒသည် ဝင်ရောက်ပတ်သက်မှု မပြုရန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တရုတ်နိုင်ငံမှ တဦးချင်း အလိုက် ပါဝင်ပတ်သက်နေကြသည်။ တရုတ်-မြန်မာ နယ်စပ်အနီးမှ သတင်းရင်းမြစ်များ၏ အဆိုအရ ဒေသ အာဏာပိုင်များက ကုန်စည် စီးဆင်းမှုကို ရပ်တန့်ရန် အားထုတ်နေသော်လည်း တရုတ်ကျေးလက်မှ ပြည်သူများက ကိုးကန့် တပ်ဖွဲ့ဝင်များအတွက် ဆေးဝါးနှင့် အခြားလိုအပ်သော ပစ္စည်းများကို မှောင်ခို တင်ပို့ပေးနေသည်ဟု သိရကြောင်း လွတ်လပ်သော အာရှအသံ (RFA) သတင်းတပုဒ်က ဆိုသည်။
၂၀၀၉ ခုနှစ်က လက်နက်ကိုင်အဖွဲ့များကို ဗိုလ်ချုပ်ဟွမ်ရှင်းက သူ့တွင် အခွင့်အာဏာမရှိဘဲ ကူညီခဲ့ခြင်း ဖြစ်သည်ဟု သတင်းက ဖော်ပြသည်။ ဗိုလ်ချုပ်ဟွမ်ရှင်းကို အရေးယူလိုက်ခြင်းသည် ကိုးကန့် လက်နက်ကိုင်များကို အကူအညီပေးခြင်းက နိုင်ငံရေးအရ လက်မခံနိုင်သောအရာဟု ဘေဂျင်းအစိုးရက အချက်ပြလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။