ရှမ်းပြည်နယ် မြောက်ပိုင်း၌ ကိုးကန့်တိုက်ပွဲကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပွားမှုသည် သိန်းန္နီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်နှင့် ပန်ဆိုင်းမြို့နယ်တို့ ဖြစ်ကြောင်း မတ်လ ၇ ရက် က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံး၌ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံး ဆိုင်ရာ ကွန်ရက်က ဦးဆောင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံများက ပြောကြားသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲသည် ဇန်နဝါရီ ၁၉ ရက်မှ မတ်လ ၅ ရက်အထိ ၄၅ ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်း ဖြစ်သည်။
ဒေသခံများသည် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရကြောင်း၊ တိုက်ပွဲကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၁၀ မှု ကျော် ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ကချင်အမျိုးသားလုံး ဆိုင်ရာကွန်ရက်မှ ကိုအိုက်ဇက်အောင်ကလည်း ရှင်းလင်းပွဲတွင် ပြော သည်။
“ကိုးကန့်နဲ့ အစိုးရကြား တိုက်ပွဲဖြစ်ပွားတဲ့အတွင်းမှာ ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တာ်များများခံနေရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို စာတင်ထားပါတယ်။ ဒီလူ့အခွင့်အရေးချိုးဖောက်မှုက စစ်တပ်ကနေ ပြုလုပ်တာလို့ ကျနော့် စစ်တမ်း ကောက်ယူမှုကနေ သိရပါတယ်”ဟု ကိုအိုက်ဇက်အောင်က ဆိုသည်။
ဒေသခံများ၏ အသုံးအဆောင် ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ ဒေသခံများကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သတ်ဖြတ် ခံရခြင်း၊ ပေါ်တာဆွဲခြင်း နှင့် ပြည်သူများနေအိမ်ကို ပစ်ခတ်ခြင်းများကိုလည်း တွေ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုဒေသများတွင် အစိုးရတပ်မတော် တပ်မ(၈၈)၊ တပ်မ(၃၃)၊ တပ်မ(၁၁)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) လက်အောက်ခံ တပ်များ နှင့် ခြေလျင် တပ်ရင်း (ခလရ) ၆၈ တို့ ရှိကြောင်း သိရသည်။
“တပ်မတော်အနေနဲ့ ဒီလိုလုပ်ဆောင်ချက်တွေ ရှိနေတယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာ တပ်မတော် အကြီးအကဲတွေကို တိုင်ကြားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်အနေနဲ့ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်တာ လုံးဝလက်မခံပါဘူး။ အထောက်အထား ခိုင်လုံရင် တိုင်ကြားနိုင်ပါတယ်”ဟု ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ဧရာဝတီသို့ ပြောသည်။
တပ်မတော် တခုတည်းကိုသာ အပြစ်တင် ပြောနေမည့်အစား ကိုးကန့် လက်နက်ကိုင်၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့မှ ခရီးသွားယာဉ်များ ပစ်ခတ်မှု၊ ချောင်းမြောင်း ပစ် ခတ် မှု၊ ဒေသခံများ ဖမ်းဆီးနှိပ်စက်မှုများကိုလည်း ထောက်ပြသင့်ကြောင်းလည်း ဦးရဲထွဋ်က ပြောဆိုသည်။
ကွတ်ခိုင်မြို့ ကက်သလစ် ခရစ်ယာန် ကျောင်းဝင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က ဗုံးနှစ်လုံးကျရာမှ ဗုံးအခွံအစကို ဓာတ်ပုံရိုက်ယူခဲ့သည့် ဒေသခံ မောင်ဒွဲလီ ဆိုသူကို တပ်မတော်က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။
“ကျနော့်ကို ဗုံးအခွံတွေ ဓာတ်ပုံရိုက်တယ်ဆိုပြီး စစ်သားက ကျနော့်ကို ဖမ်းဆီး ခေါ်ဆောင်ပြီး ခေါင်းကို အကျႌနဲ့အုပ်တယ်၊ ပြီးတော့ ဘာလို့ ဓာတ်ပုံရိုက်လဲ ဆိုပြီးမေးတယ်။ မဖြေရင် သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ခေါင်းကနေ ရေလောင်းတာ တွေ လုပ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ စုစည်းကျေးရွာ မှ ဒေါ်ဘောက်နဲမ် ကလည်း“ကျမတို့ ရွာထဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က လက်နက် တွေ ကျပြီး လူနေအိမ်တွေပျက်စီးခဲ့တယ်။ ပြီးတော့ လူ ၄ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေက အခုထိ မူဆယ်ဆေးရုံမှာ ဆေး ကုသ ခံနေရတုန်းပါ။ ကျမတို့ ရွာသားတွေအတွက် လုံခြုံမှုရှိတဲ့ နေရာတခုလိုချင်တယ်။ စစ်သားတွေက တအိမ်တက် တအိမ် ဆင်း နဲ့ ရွာသားတွေဆီကနေ ပစ္စည်းတွေ လုယက်တာတွေလည်း ရှိတယ်”ဟု ပြောဆိုသည်။
ဇန်နဝါရီ ၂၂ရက်ကလည်း ထင်းခွေသွားသည် လူငယ်တဦး တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးမှုအတွက် ခလရ ၆၈ မှ ဗိုလ်မှူး ဝင်းထွန်းအောင်က စိတ်မကောင်းကြောင်းပြောပြီး အသုဘစရိတ် ကျပ်တသိန်း ပေးခဲ့သော်လည်း ဒေသခံများက မယူခဲ့ကြောင်း၊ ထိုနည်းတူ ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၈ လုံးခန့်လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း လည်း ကြုံတွေ့ရသည့် ဒေသခံများက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကမူ ထို ရှမ်းပြည်နယ် မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ် သက်ပြီး တိုင်းကြားလာခြင်း မရှိသေးကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒု ဥက္ကဋ္ဌ ဦးစစ်မြိုင်က“သတင်းတွေမှာ ဖော်ပြတာ တွေ့ရပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ ဒါတွေဟာ ဘယ်အဖွဲ့အစည်းကနေဆိုတာ တိုင်ကြားမှုမှာ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့လိုတယ်။ ကျနော်တို့အတွက်က လုံခြုံရေး ဆောင်ရွက်ပေးနိုင်ဖို့လိုပါတယ်။ ဆိုင်တွေဖွင့်ပြီး ပစ္စည်းလုယူတာတွေကတော့ နီးစပ်ရာတပ်ကို တိုင်ကြားတာ အကောင်း ဆုံးပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူများနေထိုင်သည့် ကျေးရွာရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမှု လျှော့ချရန်၊ အကယ်၍ မလွှဲမရှောင် တိုက်ပွဲဖြစ်ပွားခဲ့လျှင် ပြည်သူများ၏ အသက် အိုးအိမ်နှင့် စည်းစိမ်ကို ကာကွယ်ပေးရန်၊ ပြည်သူများကို ညှဉ်းပန်း နှိပ်စက်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လုံးဝမပြုလုပ်ရန် နှင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန် တို့ကို နိုင်ငံတော် သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် သို့ တိုက်တွန်း တောင်းဆိုသည့် စာကို မတ်လ ၃ ရက်က ပေး ပို့ ထားကြောင်း ရှမ်းပြည်နယ် ကချင် အမျိုးသားလုံး ဆိုင်ရာ ကွန်ရက် က ပြောဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့ အကြား ဖေဖော်ဝါရီလ ၉ ရက်က စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။